VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ

VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ
မောင်းသူမဲ့ကား (သို့မဟုတ်) အနာဂတ်ရဲ့ သယ်ယူပို့ဆောင်ရေးစနစ်သစ်

မျိုးဆက်(VOM)
သြဂုတ်-၁၈-၂၀၂၃

ကမ္ဘာပေါ်မှာ မော်တော်ကားတွေကို တီထွင်အသုံးပြုခဲ့နိုင်ခဲ့ခြင်းက လူသားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုဘဝအတွက် အရေးပါတဲ့ စက်မှုတော်လှန်ရေး တရပ်ဖြစ်ခဲ့ပါတယ်။

လိုရာခရီးကို ရှေးယခင်ပို့ဆောင်ရေးစနစ်တွေ အသုံးပြုခြင်းထက် စက်မှုနည်းပညာသုံး မော်တော်ကားတွေ အသုံးပြုနိုင်မှုဟာ လက်ရှိအချိန်ထိ လွန်စွာအသုံးတည့်ခဲ့ ၊ အသုံးတည့်နေဆဲဖြစ်ပါတယ်။

အဲဒီလိုစက်မှုနည်ပညာ တိုးတက်ထွန်းကာလာမှုက အီလက်ထရွန်းနစ်၊ ကွန်ပြူတာနဲ့ ဉာဏ်ရည်တုလို နည်းပညာရဲ့ ပေါင်းစပ်မှုကြောင့် ၂၁ ရာစုခေတ်ဦးမှစပြီး အံ့ဖွယ်သူရဲ့ အပြောင်းအလဲတွေ ထွက်ပေါ်လာခဲ့ပါတယ်။ဒါကတော့ လူကိုယ်တိုင်မောင်းနှင်ဖို့ မလိုတော့တဲ့ မောင်းသူမဲ့ကားတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။

မောင်းသူမဲ့ကားတွေ ပေါ်ထွက်လာတာဟာ လူသားတွေရဲ့အနာဂါတ်အတွက် အကျိုးသက်ရောက်မှုရှိယုံမျှမက ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝနေထိုင်မှုအပြင် လူမှုအသိုင်းအဝိုင်းအတွက် ကြီးမားတဲ့ အပြောင်းအလဲတခု ဖြစ်ပေါ်လာဖို့ တာဆူနေပါတယ်။

ကင်မရာတွေ အာရုံခံကိရိယာ၊ တည်နေရာပြနဲ့ မောင်းနှင်မှုဆိုင်ရာ ဆော့ဖ်ဝဲလ်တွေ ပေါင်းစပ်ထားတဲ့ မောင်းသူမဲ့ကားတွေဟာ အနာဂါတ်သယ်ယူပို့ဆောင်ရေးစနစ်သစ်ဖြစ်လာမယ်ဆိုတာ အများစုက လက်ခံ သဘောတူလာကြပါတယ်။

တချို့ကတော့ နည်းပညာရဲ့ ခုန်ပျံကျော်လွှား တီထွင်မှုတွေကြောင့် ဘေးကင်း လုံခြုံမှုဆိုင်ရာ စောဒကတက်ကန့်ကွက်မှုတွေရှိနေပြီး လူသားတွေအတွက် ပိုမိုကောင်းမွန် ဘေးကင်းစိတ်ချရတဲ့ အနာဂါတ်ပို့ဆောင်ရေးစနစ်တခု ဖြစ်မဖြစ် မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် မောင်းသူမဲ့ကားတွေဟာ လမ်းမတော်တဆမှုကြောင့် လူသေဆုံးမှုရဲ့ ၉၀ ရာခိုင်နှုန်းကျော် လျှော့ချနိုင်လိမ့်မယ်လို့ သုတေသနစစ်တမ်းတွေက အခိုင်အမာဆိုကြပါတယ်။

ဥပမာအနေနဲ့ လူသားတွေ ကားမောင်းနှင်နေစဉ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် အမျက်ဒေါသ ထွက်တာမျိုးနဲ့ အခြားသောအကြောင်းရင်းတွေကြောင့် ယာဉ်မတော်တဆမှု ဖြစ်နိုင်ခြေမြင့်မားပေမယ့် မောင်းသူမဲ့ကားတွေကတော့ ဒီလိုမတော်တဆမှုတွေကို ကောင်းစွာ ရှောင်လွှဲနိုင်ဖွယ်ရှိတယ်လို့ သုတေသီတွေက ပြောပါတယ်။

အနာဂတ်သယ်ယူပို့ဆောင်းရေးစနစ်မှာ မောင်းသူမဲ့ကားတွေ တွင်ကျယ်စွာ အသုံးပြုလာခဲ့ကြမယ်ဆိုရင် လူသားတွေရဲ့ နေ့စဉ်လူနေမှုဘဝမှာ ကြီးကြီးမားမားဖြစ်ပေါ်လာနိုင်တဲ့ အပြောင်းအလဲတွေလည်းရှိနေပြီး ဒီထဲက တချက်ကတော့ ကားပိုင်ရှင်တွေနည်းပါးလာနိုင်တဲ့အချက်ဖြစ်ပါတယ်။

မိမိသွားလိုရာကို အရောက်ပို့ဆောင်ပေးနိုင်မယ့် မောင်းသူမဲ့ကားတွေကို ထိန်းချုပ်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ တွေအများအပြားထွက်ပေါ်ဖို့ရှိနေသလို လူကိုယ်တိုင်မောင်းနှင်ရတဲ့ မော်တော်ကားတွေဟာ ပြုပြင်ထိန်းသိမ်းမှု စရိတ်ကြီးမြင့်လာနိုင်တာမျိုးတွေကြောင့် ဝယ်ယူပိုင်သူတွေ နည်းပါးလာနိုင်တယ်လို့ နည်းပညာ အကဲခတ်တွေက သုံးသပ်ထားပါတယ်။

အခြားအကြောင်းရင်းတခုကတော့ လူကိုယ်တိုင်မောင်းနှင်ရတဲ့ထက် မောင်းသူမဲ့ကားဝန်ဆောင်မှုကို စီးနှင်းခြင်းက ကုန်ကျစရိတ်သက်သာလာဖွယ်ရှိနေပါတယ်။ ဥပမာ Uber ကဲ့သို့လူကိုယ်တိုင် မောင်းနှင် ဝန်ဆောင်မှုပေးတဲ့ ကားတွေထက် မောင်းသူမဲ့ကား ဝန်ဆောင်မှုက ကုန်ကျစရိတ် သက်သာနိုင် ဖွယ်ရှိနေပါတယ်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုနိုင်တဲ့ မောင်းသူမဲ့ကားတွေဟာ ကမ္ဘာမြေအတွက် အန္တရာယ်ရှိ ဓါတ်ငွေ့ ထုတ်လွှတ်မှုကို ၆၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် လက်ရှိအသုံးပြုနေတဲ့ မော်တော်ကားတွေထက် ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးအထောက်အကူဖြစ်စေတာကြောင့် မောင်းသူမဲ့ကားများကို အနာဂါတ်တွင် အသုံးပြုမှု မြင့်မားလာဖွယ်ရှိတဲ့ အကြောင်းရင်းတွေထဲက တခုဖြစ်ပါတယ်။

ဒါ့အပြင် မောင်းသူမဲ့ကားများကို အသုံးပြုခြင်းကြောင့် ကားမောင်းနေစဉ် မိမိတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ဆောင်ရွက်နိုင်သလို လုပ်ငန်းခွင်ကို အချိန်တိုအတွင်းရောက်ရှိနိုင်မယ့် လမ်းကြောင်းကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်ပြီး ကိုယ်တိုင်မောင်းနှင်ဖို့ မလိုအပ်တာကြောင့် လူသားတွေရဲ့ လုပ်ငန်းခွင်က ပိုမိုသက်တောင့်သက်သာ ရှိလာမယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

အနာဂတ်ကို မျှော်ကြည့်မယ်ဆိုရင်တော့ မောင်းသူမဲ့ကားစနစ်တွေကို ဗင်ကား၊ ဘတ်စ်ကား၊ ထရပ်ကားတွေထိပါကို ထုတ်လုပ်လာကြပြီဖြစ်ပြီး ကုန်စည်သယ်ယူပို့ဆောင်ရေးမှာပါ မောင်းသူမဲ့ကားတွေ အသုံးပြုလာနိုင်တာကြောင့် လုပ်ငန်းခွင်အခြေအနေ အပြောင်းအလဲတွေလည်း ရှိလာနိုင်ပါတယ်။

လက်ရှိအချိန်တွင် Google ၊ Tesla ၊ Toyota ၊ Audi ၊ Mercedes ၊ Bosch အပါအဝင် မော်တော်ကားကုမ္ပဏီတွေက ဘေးကင်းစိတ်ချရတဲ့ မောင်းသူမဲ့ကားတွေ ထုတ်လုပ်ရောင်းချဖို့ အပြိုင်အဆိုင်ကြိုးစားနေကြပြီး မောင်းသူမဲ့ကားတွေဟာ လူသားများရဲ့ အနာဂါတ်ရှင်သန်နေထိုင်မှုနေ့စဉ်ဘဝမှာ အရေးပါတဲ့ သယ်ယူပို့ဆောင်ရေးစနစ်သစ်တခု ဖြစ်လာဖွယ်ရှိနေပါတော့တယ်။

Ref: Machinedesign
#voiceofmyanmar#VOM #SelfDrivingVehicles #Futuretransportaion

Related posts

Leave a Comment

VOM News

FREE
VIEW