VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ

-လူ့ဦးနှောက်လို အလုပ်လုပ်နိုင်တဲ့ AI Chip ရဲ့စွမ်းဆောင်ရည်
-စက်မှုလုပ်သား လူတူစက်ရုပ်က ဘာတွေစွမ်းဆောင်နိုင်မလဲ
-လရဲ့တောင်ဝန်ရိုးစွန်းမှာ အိန္ဒိယလမစ်ရှင် ဘာတွေလေ့လာနေသလဲ

မျိုးဆက်(VOM)
သြဂုတ်-၂၅-၂၀၂၃

(၁) လူ့ဦးနှောက်လို အလုပ်လုပ်နိုင်စွမ်းရှိတဲ့ ဉာဏ်ရည်တုချစ်ပ်တမျိုး IBM တီထွင်နေ

အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးတခုဖြစ်တဲ့ IBM ဟာ လူ့ဦးနှောက်ကဲ့သို့ နက်နဲတဲ့အာရုံကြောကွန်ရက်တွေလို စနစ်တွေပါဝင်ပြီး ရှုပ်ထွေးတဲ့တွက်ချက်မှုတွေလုပ်ဆောင်နိုင်တဲ့ အန်နာလော့ ဉာဏ်ရည်တုချစ်ပ်( Analog AI Chip )တမျိုးရဲ့ ရှေ့ပြေးနမူနာကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ခေတ်မီဆန်းသစ်ထားတဲ့ အဲဒီချစ်ပ်ဟာ ကွန်ပြူတာနဲ့စမတ်ဖုန်းတွေအတွက် သိသိသာသာထိရောက်ပြီး စွမ်းအင်သုံးစွဲမှုလျော့နည်းမယ်လို့ IBM ကဆိုထားပြီး ချစ်ပ်ထဲမှာ အပြန်အလှန်ချိတ်ဆက်ထားတဲ့ AIMC cores ၆၄ လုံးပါဝင်ပါတယ်။

အဲဒီချစ်ပ်ကို IBM ရဲ့ Albany NanoTech Complex မှာဖန်တီးထားတာဖြစ်ပြီး လူ့ဦးနှောက်ရဲ့ အာရုံကြောကွန်ရက်တွေ လည်ပတ်ပုံကိုအခြေခံထားပြီး လုပ်ဆောင်ချက်တခုချင်းစီအလိုက်အလွှာတွေအပြင် ကာလတိုမှတ်ဉာဏ်စနစ်တွေပါ ပါဝင်ကြောင်း IBM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

IBM ရဲ့ ရှေ့ပြေးပုံစံချစ်ပ်ဟာ လာမယ့်အနာဂတ်မှာ လေးလံပြီးစွမ်းအင်သုံးစွဲမှု များပြားလွန်းတဲ့ လက်ရှိချစ်ပ်တွေရဲ့ နေရာမှာအစားထိုးအသုံးပြုနိုင်ဖို့ ရည်ရွယ်ထားကြောင်း IBM က ဆိုပါတယ်။

လက်ရှိထက်သာလွန်ကောင်းမွန်တဲ့ IBM ရဲ့ချစ်ပ်ဟာ ကြီးမားပြီးပိုမိုရှုပ်ထွေးတဲ့ လုပ်ငန်းခွင်တွေမှာ စွမ်းအင်သုံးစွဲမှု အနည်းဆုံး သို့မဟုတ် ကန့်သတ်ထားတဲ့ ဘက်ထရီစွမ်းအင်အခြေအနေတွေမှာပါ အလုပ်လုပ်နိုင်စွမ်းရှိကြောင်း ဆွစ်ဇာလန်ရှိ IBM သုတေသနဓါတ်ခွဲခန်းက သိပ္ပံပညာရှင် Thanos Vasilopoulos ပြောပါတယ်။

(၂) စက်မှုလုပ်သားအင်အားဖြည့်တင်းနိုင်မယ့် လူတူစက်ရုပ်တမျိုး ဖန်တီး

လူသားတွေမလုပ်ချင်တဲ့ အလုပ်တွေလုပ်ဆောင်ဖို့နဲ့ စက်မှုလုပ်သားအင်အားကို ဖြည့်တင်းဖို့ဒီဇိုင်းဆွဲထားတဲ့ ပထမဆုံးသော စီးပွားဖြစ်လူတူစက်ရုပ်တမျိုးကို တက္ကဆက်အခြေစိုက် Apptronik ကုမ္ပဏီက ထုတ်ဖော်ပြသလိုက်ပါတယ်။

အပိုလိုလို့အမည်ပေးထားတဲ့ ဒီစက်ရုပ်ဟာ လူသားတွေနဲ့လိုက်ရောညီထွေမှုနဲ့ အပြန်အလှန်အကောင်းဆုံး ဆက်သွယ်လုပ်ဆောင်နိုင်ဖို့ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး တက်စ်လာရဲ့ လူတူစက်ရုပ် Optimus အတွက် ခက်ခဲတဲ့ပတ်ဝန်းကျင်အခြေအနေမျိုးတွေမှာတောင် လူသားတွေနဲ့အတူ အလုပ်လုပ်နိုင်စွမ်းရှိတယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Apptronik ကုမ္ပဏီဟာ စက်ရုပ်နည်းပညာနယ်ပယ်မှ မျက်နှာသစ်ကုမ္ပဏီတခုဖြစ်ပေမယ့် အော်စတင်ရှိ တက္ကဆက်တက္ကသိုလ် စက်ရုပ်သုတေသနဓါတ်ခွဲခန်းမှာ လုပ်ကိုင်ခဲ့တဲ့ သုတေသီတွေပါဝင်ပြီး စက်ရုပ်တည်ဆောက်ရေး ဆယ်စုနှစ်ကျော်အတွေ့အကြုံရှိပါတယ်။

အပိုလိုစက်ရုပ်ဟာ သာမန်လူအရွယ်အတိုင်း အရပ်ငါးပေ ရှစ်လက်မရှိပြီး အလေးချိန်ပေါင် ၁၆၀ ရှိပါတယ်။ စက်ရုပ်ဟာ ၅၅ ပေါင်အလေးချိန်ကို သယ်မနိုင်ပြီး သမရိုးကျစက်မှုလုပ်ငန်းသုံး စက်ရုပ်လိုမျိုးမဟုတ်ဘဲ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ စက်ရုပ်အဖြစ် ဖန်တီးထားတာဖြစ်ပါတယ်။

လက်ရှိကာလ စက်မှုလုပ်ငန်းခွင်တွေမှာ စက်ရုပ်တွေအသုံးပြုမှုတွင်ကျယ်လာနေပြီး စက်မှုကဏ္ဍအပြင် အမေဇုန်လိုကုမ္ပဏီကြီးတွေဟာလည်း သူတို့ရဲ့လုပ်ငန်းဆောင်တာတွေ ထိရောက်စေဖို့ စက်ရုပ်တွေကို အများအပြားအသုံးပြုနေကြပါတယ်။

(၃) အိန္ဒိယရဲ့လကမ္ဘာမစ်ရှင် တောင်ဝန်ရိုးစွန်းမှာ (၁၄) ရက်ကြာ စူးစမ်းလေ့လာမှုတွေ စတင်

အိန္ဒိယနိုင်ငံရ ချန်ဒရေယန်-၃ လကမ္ဘာမစ်ရှင်က ဂြိုဟ်ဆင်းယာဉ်ဟာ လကမ္ဘာရဲ့ တောင်ဝန်ရိုးစွန်းမှာ ကမ္ဘာ့ပထမဆုံးအကြိမ် အောင်မြင်စွာဆင်းသက်ပြီးနောက် ၁၄ ရက်ကြာ စူးစမ်းလေ့လာမှုတွေကို စတင်နေပြီဖြစ်ပါတယ်။

သြဂုတ် ၂၄ ရက်မှ လကမ္ဘာပေါ်ကို အောင်မြင်စွာဆင်းသက်နိုင်ခဲ့တဲ့ ဂြိုဟ်ဆင်းယာဉ် ဗီခရန်းဟာ စူးစမ်းလေ့လာရေးယာဉ် ပရာဂျ်ယန်ကို လမျက်နှာပြင်ပေါ်ဆင်းသက်နိုင်ဖို့ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း အိန္ဒိယအာကာသအေဂျင်စီက ထုတ်ပြန်ပါတယ်။

စူစမ်းလေ့လာရေးယာဉ်ဟာ လရဲ့တောင်ဝင်ရိုးစွန်းက ခက်ခဲကြမ်းတမ်းတဲ့ မြေမျက်နှာသွင်ပြင်မှာ ဖြတ်ကျော်သွားလာနိုင်ဖို့ ပထမဆုံးစိန်ခေါ်မှုဖြစ်ပြီး အဲဒီနောက်မှာတော့ လရဲ့အတွင်းကျကျ ဒြပ်စင်နဲ့ ဓါတုဗေဒဆိုင်ရာ ခွဲြုခမ်းစိတ်ဖြာမှုတွေကို ကမ္ဘာမြေက ၁၄ ရက် သို့မဟုတ် လကမ္ဘာပေါ်က တလနဲ့ညီတဲ့အချိန်ထိ အသေးစိတ်လေ့လာသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းမှာ ရေနဲ့ အခြားသောတန်ဖိုးကြီး ဒြပ်စင်တွေနဲ့ရှိနေနိုင်ကြောင်း သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပြီး အဲဒီနေရာမှာ ဆင်းသက်နိုင်ဖို့ ရုရှားရဲ့ လူနာ-၂၅ မစ်ရှင်က မကြာသေးမီရက်ပိုင်းအတွင်း ကြိုးစားခဲ့ပေမယ့် လမျက်နှာပြင်ပေါ် ပျက်ကျပြီး မအောင်မြင်ခဲ့ပါဘူး။

Ref: IE
#voiceofmyanmar #VOM #သိပ္ပံနဲ့နည်းပညာကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW