သွေး (စစ်ကိုင်း)
ရန်ကုန်, မန္တလေးအပါအဝင် မြန်မာနိုင်ငံရဲ့ မြို့တွေမှာ အရေအတွက် အားဖြင့် တစ်နေ့တခြား များပြားလာနေတဲ့ လမ်းဘေးခွေးတွေကို တွေ့နိုင်ပါတယ်။ မကြာခင် ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီ ရောက်လာတော့မှာ ဖြစ်သလို… ‘လက်ပံပွင့်ချိန် ခွေးရူးချိန်’ ဆိုတဲ့အတိုင်း နွေရာသီမှာ အများဆုံးကူးစက် ဖြစ်ပွားတတ်တဲ့ ခွေးရူးပြန်ရောဂါကို အထူး သတိပြုဖို့ လိုပါပြီ။ ခွေးရူးပြန်ရောဂါဟာ ကူးစက်ခံရရင် ရာနှုန်းပြည့်နီးပါး လူ့အသက်ဆုံးရှုံးစေနိုင်လို့ ပါပဲ။
မြို့ပြအင်္ဂါရပ်နဲ့ အညီ လှပနေရမယ့် မြို့တွေမှာ ခွေးလေခွေးလွင့်တွေ များပြားလာနေတာက မြို့ပြရဲ့ သန့်ရှင်းလှပမှုနဲ့ ကျန်းမာရေး အတွက် အနှောင့်အယှက် ဖြစ်လာစေနိုင်ပါတယ်။ လူဦးရေ သန်းချီရှိတဲ့ ရန်ကုန်မြို့မှာပဲ လမ်းဘေးခွေး အကောင်ရေက သိန်းချီရှိနေတာ ဖြစ်ပါတယ်။ ဒီလို ခွေးကောင်ရေ များပြားလာနေရတဲ့ အကြောင်းရင်း တစ်ချက်က စနစ်တကျ မွေးမြူထိန်းသိမ်းထားခြင်း မရှိဘဲ လမ်းဘေးခွေးတွေကို ခွေးစာလိုက်ကျွေးတာတွေကြောင့်ပါ။ ဒီနေရာမှာ စောဒက တက်စရာတစ်ခုက ခွေးတွေကို သနားလို့, ကရုဏာသက်လို့, ခွေးစာကျွေးတာ ကုသိုလ်ရလို့ ဆိုပြီး ပြောကြတာတွေပါ။ ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်ရင် ကျွေးတဲ့သူ အနေနဲ့ ကုသိုလ် ရကောင်း, ရနိုင်ပေမဲ့… လမ်းသွားလမ်းလာနဲ့ ကလေး သူငယ်တွေ အတွက် ဆိုးကျိုးတွေ ဖြစ်လာစေတာလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အတော်များများမှာ လမ်းဘေးခွေး အစာကျွေးတာကို တားမြစ်ထားပြီး တားမြစ်တာကို ကျူးလွန်ရင် ဒဏ်ငွေရိုက်လေ့ ရှိပါတယ်။ ကိုယ့်ကိုယ်ကျိုး ကိုယ့်အတ္တအတွက် ကုသိုလ်ရဖို့ ဆိုတဲ့ ‘တာဝန်မဲ့’ ပြုမူတာမျိုးကို အများပြည်သူ အကျိုးအတွက် ပိတ်ပင်တာ ဖြစ်ပါတယ်။ စင်ကာပူမှာ လမ်းဘေးခွေး တစ်ကောင်တလေ တွေ့ရင်တောင် လေလွင့်တိရစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့ကို ပြည်သူတွေက လှမ်းအကြောင်းကြား ပါတယ်။ အဲဒီလို တာဝန်သိတဲ့ ပြည်သူတွေက လမ်းဘေးခွေးကို ခေါ်သွားဖို့ အကြောင်းကြားလို့ သက်ဆိုင်ရာ တာဝန်ရှိသူ တွေက လာရောက် ဖမ်းဆီးယူဆောင်သွားရင်လည်း ဘယ်လိုတိရစ္ဆာန်ချစ်သူတွေကမှ ကန့်ကွက်တာမျိုးလည်း မရှိကြ ပါဘူး။ တကယ်လို့ အဲဒီခွေးကို မွေးချင်သူ ရှိရင်လည်း တရားဝင်လိုင်စင်နဲ့ စနစ်တကျ မွေးမြူစေတာကြောင့် လမ်းဘေး ခွေးလေခွေးလွင့် နည်းပါးသွားပါတယ်။
မြန်မာနိုင်ငံမှာတော့ လမ်းဘေးခွေးတွေကို အစာလိုက်ကျွေးသူ တချို့ဟာ စနစ်တကျ ကျွေးမွေးတာမျိုး မဟုတ်တဲ့ အတွက် လမ်းထောင့်အုတ်ခုံနဲ့ ပလက်ဖောင်းတွေ ညစ်ပတ်ရသလို ခွေးအရေအတွက်လည်း များပြားလာစေပါတယ်။ ပြီးတော့… သူတို့ ကျွေးတဲ့ ထမင်းကျန် ဟင်းကျန် အစာတွေကို ခွေးတွေက အားလုံး ကုန်အောင် မစားကြတဲ့ အတွက် ကျန်နေတဲ့ အစားအစာတွေက မြေကြွက်တွေ, အိမ်ကြွက်တွေ အတွက် ဖြစ်လာစေပါတော့တယ်။ ပိုဆိုးတာက သူတို့ ကျွေးထားတဲ့ လမ်းဘေးခွေးတွေက လမ်းသွားလမ်းလာနဲ့ ကလေးတွေကို ကိုက်လိုက်တယ် ဆိုရင်လည်း ခွေးစာကျွေးသူ ဘယ်သူကမှ တာဝန်ယူ တာဝန်ခံတာမျိုးလည်း မရှိတဲ့ အပြင်… ခွေးတွေမှာ ခွေးရူးပြန်ရောဂါ ရှိနေနိုင်လို့ အကိုက်ခံရတာ ကနေ ခွေးရူးပြန်ရောဂါ လူတွေဆီ ကူးစက်ခံရနိုင်တာ အထိပါပဲ။
လမ်းဘေးခွေးတွေကို သနားလို့, ကရုဏာသက်လို့ အခုလို စည်းကမ်းမဲ့ ကျွေးမွေးကြတာမျိုးထက် တရားဝင်မှတ်ပုံတင် ထားတဲ့ ခွေးဂေဟာတွေမှာ စနစ်တကျ ကျွေးမွေးတာ ပိုကောင်းပါတယ်။ ဒါမှမဟုတ် မိမိအိမ်မှာ မွေးချင်တယ် ဆိုရင်လည်း စည်ပင်မှာ မှတ်ပုံတင်ပြီး တရားဝင်မွေးမြူသင့်ပါတယ်။ ဒါမှသာ ကိုယ်မွေးမြူထားတဲ့ ခွေးရဲ့ ကျန်းမာရေး အတွက် တိမွေးကု ဆရာဝန်ဆီ အခါအားလျော်စွာ ပြသ,ပြီး ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးလည်း ထိုးနှံပေးနိုင်မှာပါ။
ကမ္ဘာတစ်ဝှမ်းလုံးမှာ နှစ်စဉ်နှစ်တိုင်း ခွေးရူးပြန်ရောဂါ ကူးစက်ခံရမှုကြောင့် လူပေါင်း (၅၅,၀၀၀) ငါးသောင်းငါးထောင်ခန့် အသက်ဆုံးရှုံးနေရတယ် လို့ သတင်းတွေမှာ ဖတ်ရှုရပါတယ်။ ခွေးရူးပြန်ရောဂါဟာ ခွေးကပဲ ကူးစက်နိုင်တာ လို့ လူအများ မှတ်ထင်ကြပေမဲ့… ကြောင်တွေ, ကြွက်တွေ ကိုက်တာ ခံရရင်လည်း ကူးစက်ခံရနိုင်ပါတယ်။ ပြီးတော့ ခွေးကိုက်ခံရတာ မဟုတ်ဘဲ ခွေးရဲ့ သွားစွယ်နဲ့ မတော်တဆ ခြစ်မိတာမျိုး၊ သူတို့ပါးစပ်က ထွက်တဲ့ သွားရည်နဲ့ လူ့ခန္ဓာကိုယ်က ထိခိုက်ပွန်းရှ ဒဏ်ရာ တစ်ခုခုနဲ့ ထိမိတာမျိုး ဆိုရင်လည်း ကူးစက် ခံရနိုင်တာမို့ လုံးဝ မပေါ့ဆ,သင့် ပါဘူး။
တကယ့် ဖြစ်စဉ်တစ်ခုကို အလျဉ်းသင့်လို့ ပြောပြပါဦးမယ်။ ရေနံချောင်းမြို့က ကျွန်မ မိတ်ဆွေရဲ့ ၇ နှစ်အရွယ် တူမလေးဟာ စားစရာမုန့်တစ်ခု ထွက်ဝယ်ခဲ့ပါတယ်။ မုန့်ထွက်ဝယ်ပြီး အပြန် လမ်းမှာ ခွေးလေခွေးလွင့် တစ်ကောင်က မုန့်ကို လှမ်းဟပ်လိုက်လို့ ကလေးရဲ့ နဖူးမှာ ခွေးရဲ့ သွားစွယ်နဲ့ ခြစ်မိသွားပါတယ်။ ခြစ်မိတာက သေးသေးလေးပဲမို့ မိဘတွေက မေးခိုင်ကာကွယ်ဆေး ထိုးပေးပေမဲ့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး မထိုးပေးမိခဲ့ပါဘူး။ အဲသလိုနဲ့ ၃ ပတ် အတွင်းမှာပဲ ၇ နှစ်အရွယ် သမီးလေးဟာ ခွေးရူးပြန်ရောဂါနဲ့ အသက်ဆုံးရှုံးခဲ့ရပါတော့တယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ် ဩဂုတ်လထဲမှာပဲ အသက် ၁၉ နှစ်အရွယ် မိန်းကလေး တစ်ဦးဟာ ခွေးကိုက်ခံရပြီး တစ်လအတွင်းမှာပဲ ခွေးရူးပြန်ရောဂါ ကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ဧပြီလ အတွင်းကလည်း ခွေးရူးပြန်ရောဂါကြောင့် ကလေးငယ်တစ်ဦး အသက်သေဆုံးရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ အသက် ၁၂ နှစ် အရွယ် ယောက်ျားလေး တစ်ယောက် ရပ်ကွက်ထဲမှာ ဆော့ကစားနေတုန်း ခွေးကိုက်ခံရတာကနေ ခွေးရူးပြန်ရောဂါ ကူးစက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဘယ်သူမဆို ခွေးလေခွေးလွင့်ပဲ ဖြစ်ဖြစ်, အိမ်မွေးခွေးပဲ ဖြစ်ဖြစ် အကိုက်ခံရရင် ဆေးမြီးတိုနဲ့ မကုသ,သင့်ပါဘူး။ နီးစပ်ရာ ဆေးခန်း, ဆေးရုံတွေဆီ သွားရောက်ပြီး ခွေးရူးပြန်ကာကွယ်ဆေး ထိုးနှံတာ အကောင်းဆုံးပါ။ ကာကွယ်ဆေး ထိုးနှံရာမှာလည်း ခွေးကိုက်ခံရပြီး ၂၄ နာရီအတွင်း ထိုးနှံမှသာ ထိရောက်မှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အတွင်း ခွေးကိုက်ခံရသူပေါင်း (၁၉၀,၀၀၀) တစ်သိန်းကိုးသောင်းထိ ရှိခဲ့တယ် လို့ သိရပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခွေးလေးခွေးလွင့် အရေအတွက် ဘယ်လောက်ရှိမယ် ဆိုတာ တိတိကျကျ မသိရပေမဲ့ ၂၀၁၆ ခုနှစ်မှာ အကောင်ရေ (၃ ဒသမ ၄၈) သန်း ရှိတယ်လို သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ ၂၀၁၇ ခုနှစ်က The Guardian သတင်းဌာနရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားတာက ရန်ကုန်မြို့ တစ်ခုတည်းမှာပဲ ခွေးလေခွေးလွင့် အရေအတွက် အနည်းဆုံး (၁၂၀,၀၀၀) တစ်သိန်းနှစ်သောင်း ရှိတယ် လို့ ဆိုပါတယ်။ တစ်နေ့ထက် တစ်နေ့ ပိုများလာ နေတဲ့ ခွေးလေခွေးလွင့် အရေအတွက်ဟာ ပြည်သူ့ကျန်းမာရေး အတွက် စိန်ခေါ်မှု တစ်ခု ဖြစ်လာနေပါတယ်။ တစ်ဖက် ကလည်း ခွေးချစ်သူတွေက ခွေးလေခွေးလွင့်တွေကို မရှင်းလင်းဖို့ ကန့်ကွက်ပြောဆိုမှုတွေလည်း ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာခဲ့ဖူးပါတယ်။
ကျွန်မတို့ အနေနဲ့ ခွေးလေခွေးလွင့်တွေကို သတ်ဖြတ် သုတ်သင်တာထက် ခွေးမတွေကို သားကြောဖြတ်တာ၊ ခွေးထီးတွေကို သင်းကွပ်တာ၊ ခွေးလေခွေးလွင့်တွေကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးပေးတာကို ပိုရွေးချယ်ရ မှာပါ။ ဒါပေမဲ့ များပြားလှတဲ့ ခွေးလေခွေးလွင့် အရေအတွက်ကို အဲဒီလို စနစ်တကျ လုပ်ဆောင်ပေးနိုင်ဖို့ ကုန်ကျစရိတ် များပြားမှာ ဖြစ်သလို စိန်ခေါ်မှုတစ်ရပ် အဖြစ် ဆက်ရှိနေပါသေးတယ်။ လမ်းဘေးမှာ ပေါက်ပွားချင်တိုင်း ပေါက်ပွား နေတဲ့ ခွေးလေခွေးလွင့်တွေနဲ့ အိမ်မွေးခွေးတွေကို ကာကွယ်ဆေး ထိုးပေးရမယ့် သဘောသဘာဝက မတူညီပါဘူး။ အိမ်မွေးခွေးတွေကို ခွေးပိုင်ရှင်တွေက တာဝန်ယူထားတာ ဖြစ်တဲ့ အတွက် အဆင်ပြေနိုင်ပေမဲ့ ခွေးလေခွေးလွင့်တွေ အတွက်တော့ တာဝန်ယူပေးမယ့်သူ မရှိသလောက် ဖြစ်နေတာပါ။
၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က ဗဟန်းမြို့နယ်မှာ အသက် ၁ နှစ်ကျော် အရွယ် ကလေးငယ်လေးကို ခွေးလေခွေးလွင့် ၅ ကောင်က ဝိုင်းကိုက်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ပိုင်ရှင်မရှိတဲ့ ခွေးတွေ ဖြစ်လို့ တာဝန်ယူသူ မရှိဘဲ ကိုက်တဲ့ ခွေးတွေကို ဖမ်းပြီး ပရဟိတ ခွေးဂေဟာ တစ်ခုဆီ ပို့ပေးခဲ့ရပါတယ်။ လက်တွေ့ကျကျ စဉ်းစားကြည့်ရင် ဒီလောက်တောင် ခွေးလေခွေးလွင့်တွေ များပြားလာရတာဟာ သနားလို့, ကရုဏာသက်လို့ ဆိုပြီး အကြောင်းပြကာ ကုသိုလ်ရဖို့ ရည်ရွယ်ချက်နဲ့ စည်းကမ်းမဲ့ ခွေးစာကျွေးနေသူတွေကြောင့် ဆိုတာ ထင်ရှားပါတယ်။ ထပ်ဆင့်လာတဲ့ အကျိုးဆက်ကို လျစ်လျူရှု လုပ်ဆောင်နေတာလည်း ဖြစ်နေပါတယ်။
ခွေးရူးပြန်ရောဂါဟာ အာရှတိုက်နဲ့ အာဖရိတိုက်တို့မှာ ခွေးကိုက်ခံရတာကနေ အများဆုံးကူးစက်ခံရတာပါ။ ရောဂါ လက္ခဏာတွေကတော့… ဖျားတာ၊ နာကျင်တာ၊ ပူလောာင်တာတွေ ခံစားရတတ်ပါတယ်။ ခွေးရူးပြန်ရောဂါပိုးက ဗဟိုအာရုံကြော စနစ်ရောက်သွားရင်တော့ ဦးနှောက်ယောင်ယမ်းတာ၊ ကျောရိုးအာရုံကြောမကြီး ယောင်ယမ်းတာတွေ ဖြစ်စေပြီး အသက်ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် ခွေးကိုက်ခံရရင် ဖြစ်စေ, ခွေးရဲ့ သွားနဲ့ ခြစ်မိတာမျိုး ဖြစ်စေ ခွေးရူးပြန်ကာကွယ်ဆေးကို ၂၄ နာရီအတွင်း မဖြစ်မနေ ထိုးနှံရမှာ ဖြစ်သလို မေးခိုင်ကာကွယ်ဆေးပါ ထိုးနှံရမှာပါ။ ခွေးတွေသာမက ကြောင်တွေကနေ တဆင့်လည်း ကူးစက်ခံရနိုင်တာကြောင့် ကြောင်ကိုက်လို့ပဲ ဖြစ်ဖြစ်, ကြောင်ကုတ်လို့ပဲ ဖြစ်ဖြစ် ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ကလည်း “သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်မှာ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ လုံးဝမရှိစေရေး” ဆိုတဲ့ ရည်မှန်းချက်ထား လုပ်ဆောင်နေပါတယ်။ ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့တယ် လို့လည်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
တန်ဖိုးရှိတဲ့ လူ့အသက်တွေ မဆုံးရှုံးစေဖို့အတွက် ခွေးရူးပြန်ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေကြား အသိပညာပေးမှု တွေ ပိုမိုလုပ်ဆောင်သွားဖို့၊ ဂေဟာတွေမှာပဲ ခွေးတွေကို စနစ်တကျ မွေးမြူဖို့၊ လမ်းဘေးမှာ စည်းကမ်းမဲ့ ခွေးစာကျွေးခြင်းကို ကြပ်မတ်ဖို့နဲ့ ခွေးတွေကို သားကြောဖြတ်ခြင်း, ကာကွယ်ဆေးထိုးနှံပေးခြင်းတွေ လုပ်ဆောင်သွားဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
သွေး (စစ်ကိုင်း)
#voiceofmyanmar #VOM #သွေး(စစ်ကိုင်း) #ကြိုတင်ကာကွယ်ရမယ့်ခွေးရူးပြန်ရောဂါ #ခွေးရူးပြန်ရောဂါ