ပင်လည်ဘူးမြို့မှာ ထိတွေ့တိုက်ပွဲတွေဖြစ်လို့ ထိခိုက်သေဆုံးသူတွေ များပြား

ဖေဖော်ဝါရီ ၊ ၂၅ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့မှာ ဖေဖော်ဝါရီ ၂၃ ရက် မနက်ကစလို့ နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ KIA – PDF အဖွဲ့တွေကြား ၂ ရက်တာ ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ထိခိုက်သေဆုံးသူတွေ များပြားလာတယ်လို့ ပင်လည်ဘူး ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ပင်လည်ဘူး ဒေသခံတယောက်က ” ပင်လည်ဘူး မြို့တည်ဆောက်ထားပုံက အင်္ဂလိပ်အက္ခရာ ဝိုင် ပုံ သဏ္ဍန်ဖြစ်တယ် ၊ ကောလင်း ပင်လည်ဘူး ဖောင်းပြင် လမ်းနဲ့ ပင်လည်ဘူး ဗန်းမောက်လမ်းဆိုပြီ လမ်းဆုံမှာ ပင်လည်ဘူးမြို့ရှိတာဖြစ်တယ် ၊ အဲ့ဒီ ကားလမ်းတွေအားလုံးမှာ ဒေသတွင်း လက်နက်ကိုင် KIAနဲ့ PDF တွေက ထိန်းချုပ်ထားတယ် ၊ ပင်လည်ဘူးမြို့ပေါ်မှာ ၂၀၂၁ ကနေ အခုထိ တိုက်ပွဲ ငါးကြိမ်ဖြစ်တယ် ၊ အခုဖြစ်တာက နစက လုံခြုံရေးစခန်းကို ဒေသတွင်း လက်နက်ကိုင် KIA နဲ့ PDF တွေက ၂၃ ရက် မနက်ပိုင်းက တကြိမ် လာတိုက်တယ် ၊ နောက်ထပ် မနေ့ ဖေဖော်ဝါရီ ၂၄ ရက်က လာတိုက်ပြန်တယ် ၊ အဲ့ဒါကြောင့် အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီး လူသေဆုံးမှုတွေများပြားလာရတာ ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က နေ့လယ် ၁ နာရီဝန်းကျင်လောက်မှာ ပင်လည်ဘူးမြို့နားက တောင်ကုန်းတခုကို နစက စစ်ကြောင်းအဖွဲ့တွေ နယ်မြေရှင်းလင်းရင်း ထိတွေ့တိုက်ပွဲဖြစ်ပွားတယ် ၊ အဲ့ဒီ တိုက်ပွဲမှာ အမျိုးသားရုပ်အလောင်း ၁၅ လောင်း ၊ စနိုက်ပါသေနတ် တလက် ၊ M21 သေနတ်ငါးလက် ၊ M22 သေနတ် တလက် ၊ လက်ပစ်ဗုံး အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ပင်လည်ဘူးတိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒေသတွင်း လူမှုကွန်ရက်တွေပေါ်မှာ အခုထိတော့ သတင်း ထုတ်ပြန်ထားတာ မတွေ့ရသေးဘူး။

အဲ့ဒီ အပြင် ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ဗန်းမောက် ၊ ကောလင်း လမ်းဆုံမှာရှိတဲ့ ပင်လည်ဘူးမြို့နားမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ကားအသွားအလာတွေ မရှိတော့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ကနေ အခုထိ ပင်လည်ဘူးမြို့မှာ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်တာကြောင့် မြို့ပေါ် လူနေအိမ်တွေနဲ့ အဆောက်ဦးတချို့ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW