ရွှေမန်းတင်မောင်ရဲ့ ဘုရင်ငို

 

ဆူးငှက်

 

 

မြန်မာ့ဇာတ်သဘင်မှာ နောက်ပိုင်း ဇာတ်တော်ကြီးတွေက အခရာကျ လှပါသတဲ့။ ဒီ နောက်ပိုင်း ဇာတ်တော်ကြီးတွေမှာလည်း “အဆို၊ ပြော၊ အငို”တွေက ပညာသားတွေ ဖြစ်တယ်လို့လည်း ဆိုတယ်။ ပါဠိ၊ ပါဋ်သား အပါအဝင် ရှေးစာ၊ လင်္ကာတွေနဲ့တန်ဆာဆင်ထားတဲ့ အဆိုတွေ၊ အပြောတွေဟာ ပရိသတ်ကို စွဲဆောင်နိုင်ပြီး ဇာတ်ခုံကြီး တစ်ခုလုံး တောကြီးမြိုင်ကြီး ဖြစ်သွားသလို၊ ပင်လယ် သမုဒ္ဒရာကြီးလည်း ဖြစ်သွားနိုင်တာပါပဲ။ အလားတူ ပါပဲ ပြာသာဒ်အဆောင်ဆောင် ဖြစ်နိုင်သလို ဝါးတစ်လုံးကြမ်းတစ်ခင်းနဲ့ တဲလေးတစ်တဲလည်း ဖြစ်နိုင်ပါတယ်။ အလားတူပါပဲ၊ ဒီ“အဆို၊ အပြော၊ အငို”တွေကြောင့် ပျော်ရွှင် ကြည်နူးရသလို ဒေါသအမျက် ချောင်းချောင်းလည်း ထွက်ကြရတယ်။ တဝါးဝါး တဟားဟား ရယ်မော ရသလိုပဲ မျက်ရည်တွေတွေ စီးပြီး ငိုပွဲဆင်ရတာလည်း ရှိပါတယ်။

 

 

ဒီလို ရသမြောက်စေဖို့အတွက် “အဆို၊ ပြော၊ အငို”တွေမှာ သူ့နေရာနဲ့သူ၊ သူ့စည်း၊ သူ့ကမ်း၊ သူ့စံနစ်၊ သူ့ဇယားနဲ့ ရှိသတဲ့။ ဇာတ်ပွဲတွေကို ငယ်ငယ်က ကြည့်ဖြစ်တော့ မင်းသားက ဆံပင်ဖားလျားချ၊ တောင်ရှည်ကိုလည်း ဇာတ်ကောင်စရိုက် လိုက်ပြီး အဆင်အရောင် အသွေး ရွေးချယ်ဝတ်၊ ရင်ဘတ်ထု ငိုတာပါပဲလို့ ခပ်ပေါ့ပေါ့ တွက်မိပါတယ်။ နောက်တော့ လူကြီးသူမတွေ ပြောတာဆိုတာ၊ စာထဲပေထဲ ဖတ်ရ ရှု့ရတာတွေကြောင့် ငို၊ ငို… နဲ့ လွယ်လွယ်ငိုလို့ မရမှန်း သိလာတော့တယ်။

 

 

ပြောငိုတဲ့၊ အအေးငိုတဲ့၊ အပူငိုတဲ့။ ဒီထဲမှကို ဒွေးချိုးငိုတဲ့၊ လေးချိုးငိုတဲ့၊ တေးထပ်ငိုတဲ့၊ မျက်ရည်ခံ ငိုချင်းတို တဲ့၊မျက်ရည်ခံ ငိုချင်းရှည်တဲ့၊ သံချိုငိုတဲ့။ ငယ်ငယ်က ဇာတ်ပွဲကြည့်တော့ ငိုချင်းဆိုလည်း ဒီလိုပဲ ငိုလိုက်တာပဲလို့ အပေါ်ယံ သိသလိုငိုချင်းဆိုင်း ဆိုရင်လည်း “ဗျောင်နောင်ပူနောင်၊ ဗျောင်နောင်ပူနောင်” ဆိုပြီး တစ်မျိုးတည်းပဲ ထင်ခဲ့တာကိုး။ ဘယ်ဟုတ်မလဲ၊ပြောငိုဆို အပိတ်ဆိုင်းက ဘယ်ကလို၊ ဒွေးချိုး လေးချိုးဆို ဘယ်လို၊ တေးထပ်ဆို ဘယ်လို စသည်ဖြင့် သူ့နေရာနဲ့ သူ၊ သူ့စည်း သူ့ကမ်းနဲ့ ရှိပြီးသားတဲ့။ ငိုချင်းဆိုင်းမှာကို “သမားစဉ်” ကုန်အောင် တီးကြရသတဲ့။

 

ဒီနေရာ ကြုံတုန်း ပြောပါဦးမယ်။ နှစ်စဉ်ကျင်းပခဲ့တဲ့ “ဆို၊ က၊ ရေး၊ တီး”ပြိုင်ပွဲတွေမှာ ဇာတ်တော်ကြီးတွေ ပါတော့ အဲဒီဇာတ်တော်ကြီးတွေကို တီဗွီက ပြန်လွှင့်တဲ့အခါ ဇာတ်ပို့ဆိုင်းရဲ့ တီးလုံးကို ဖြတ်တောက် ပစ်လိုက်တာက အဆိုးဆုံးပါပဲ။ သမားစဉ်အရ အသံကုန်အထိ “တျာတျေတျော”သပ်ကာ တီးမှ ပြည့်စုံတာကို အလွယ်တကူ ဖြတ်ပစ်လိုက်တာဟာ “သဘင်မှုအနုပညာ”ကို စော်ကားခြင်း တစ်မျိးပါပဲ။ ဘယ်သူမှလည်း ဒါကိုမလုပ်ရဘူး၊ မလုပ်အပ်ဘူးလို့ တားတာဆီးတာ မရှိတာကလည်းအံ့သြစရာပါပဲ။ ကဲ… ထားပါတော့။

 

 

ပြောငိုမှာတော့ ဥပမာပြရရင် ရွှေမန်းတင်မောင်ရဲ့ ဗုဒ္ဓဝင် တောထွက်ခန်းမှာ သားတော် သိဒ္ဓတ္ထမင်းသား တောထွက်သွားလို့ ယသော်ဓယာက ပူဆွေးပြီး ငိုကြွေး တိုင်တန်းတော့ ဖခင် သုဒ္ဓေါဓန မင်းကြီးက-

 

“မကောင်းပါဘူး မင်းကြီး၊ ဖအေက ဝါးလုံးဆိုရင် သူက ဝါးခြမ်း၊ ဖအေက ဖြူရင် သူကမဲ၊ လူတကာထဲ အရှက်ရအောင်တစ်ချက်ကမှ ငါ့အလိုမပါဘူး။ သူ့မယ်တော်လို လာမှာပေါ့။ မာယာဆိုတဲ့ သူ့မယ်တော်လို လာမှာပေါ့။ နှုတ်ငုံ ဓမ္မတာတော် ရတာနဲ့ သူ့မောင် နေပြည်ဒေဝ၊ သန္ဓေပြ သွားပါရစေတဲ့။ မသွားပါနဲ့ မိဖုရားရယ်လို့ တားပေမယ့် ငါ့စကားတော့ ပေလာယျကံ။လှေခွက်ချည်း ဒီအတိုင်းဆန်မယ် အလံတော် မလဲှဘူးဆိုတဲ့ မိန်းမစားမို့ ဇွတ်အတင်း သွားတော့ ဘာဖြစ်သလဲ။ ခရီးအကြားမှာ မီးဖွားပြီး ခန္ဓာစဲလို့ နတ်ပွဲဝင်ခဲ့ရတယ် မဟုတ်လား မင်းကြီး။ အခုလည်းသူ့သားက ငါ့စကား ဖီဆန်လို့ နန်းယံက သွားပြန်ပေါ့။ မယားမနိုင် သားမနိုင်နဲ့ ထီးနန်းပြိုင်စံတဲ့ မင်းတွေ သတင်းကြားမှာ ရှက်ပါရဲ့။ အသက်တော် ဇရာအိုလို့ ဘာမဆို ဂုဏ်သိမ်မှေးပြီး ကြောင်အိုရင် ကြွက်မလေးသလိုပ သိဒ္ဓတ်မောင် ဖေ့ရင်သွေးရယ်နဲ့၊ မယ်မာယာ ဒုက္ခပေးတာကြောင့် မင်းသုဒ္ဓေါ အပူမအေးသမျှ(အမလေး) အခုပြေးလို့ မြင်လှည့်ပါဦး”လို့ ငိုတာပြောငိုပါ။

 

မြန်မာ့သဘင်က နောက်ပိုင်း ဇာတ်တော်ကြီးတွေမှာ ဘုရင်ကလည်း ငိုမှာပဲ၊ မုဆိုးကလည်း ငိုမှာပဲ၊ ဘုရင့်သားလည်း ငိုမှာပဲ။ မိဖုရားလည်း ငိုမှာပဲ။ သူဌေးလည်း ငိုမှာပဲ။ ဆင်းရဲသားလည်း ငိုမှာပဲ။ ဒီနေရာမှာလည်း သူ့ဂုဏ်ဒြပ်၊ သူ့အဆင့်အတန်းနဲ့၊သူ့နေရာနဲ့ ငိုပုံ ကွဲပါသတဲ့။ ဘုရင်ငိုတဲ့အခါ ရာဇဣန္ဒြေနဲ့ “စမုံငို”ခေါ် ပြောငိုနဲ့ပဲ၊ မျက်ရည်လေးတို့ရုံ၊ ငိုမဲ့ဟန်သာ ပြရပါသတဲ့။ဒါက ရှေးရှေး သဘင်ပညာရှင်ကြီးများ၊ ဇာတ်မင်းသားကြီးများ ကျင့်သုံးကြတဲ့ နည်းနာပါပဲ။ သဘင့်ဥသျှောင် ဘုရားဒကာကြီးဦးဘိုးစိန်တို့ ခေတ်ရောက်တော့ ပရိသတ် အကြိုက်ကို လိုက်ပြီး “မသွားထိုက်တဲ့အခါမှာလေ၊ တားလိုက်လျှင် မျက်မာန်တော်ညှိုးမည်ကြောင့် တိတ်တခိုးရယ် ငိုသာငိုရ” ဆိုတဲ့ ငိုချင်းမျိုးကို ဘုရင်ကလည်း ငိုလာကြပါတယ်။

 

 

ဒါကြောင့် ရွှေမန်းတင်မောင် ဖွားတော်မူခန်း က တဲ့အခါ၊ မယ်တော်မာယာ သန္ဓေခလို့ ရတာသူ့ မောင်က မယုံလို့ ဒေဝဒေဟ သွားပြီး ကိုယ်ဝန်ပြမယ် ဆိုတော့ မောင်တော် သုဒ္ဓေါဓနမင်းကြီးက စိတ်မချလို့ ငိုတဲ့အခါ ဣန္ဒြေသိက္ခာနဲ့ စမုံခေါ် ပြောငိုပဲ၊ဘုရင်သိက္ခာနဲ့ ငိုသတဲ့။ ဒီလိုပါ…

 

 

“ငါးဖြာကောင်းခြင်း၊ ခုနစ်ဆောင်၊ ဂုဏ်ရောင်လင်းတဲ့

ကြော့ရှင်းမူယာ၊ လဲ့လဲ့ဝင်းတဲ့၊ မင်းမာယာငယ်…

မသာနှလုံး၊ စောဒနီ၊ ဆော်စည်ချုန်းလို့…(လ)

သွားလိုရာမောင်မတားပါဘု၊ ဝန်တွေ သက်သေထားပါရဲ့

မီးဖွားရုံဆိုင်းပါဦး၊ မင်းမာယာလေ…”တဲ့။

 

 

 

ဒါပေမယ့် ရွှေမန်းတင်မောင်က သုဒ္ဓေါဓနမင်းကြီး အနေနဲ့ လုမ္ဗဏီ သာမော အင်ကြင်းတောမှာ မယ်တော် မာယာ မီးဖွားရင်း နတ်ရွာလားတော့ ငိုချင်းပညာ ပြပါတော့တယ်။ သမားစဉ်အရ စမုံငို၊ ပြောငိုသာမက အပူငို၊ အအေးငို၊ ဒွေးချိုးငို၊ လေးချိုးငို၊ တေးထပ်ငိုအထိ ငိုပြပါတော့တယ်။ ဒါပေမယ့် ဘုရင်ဆိုတဲ့ ဣန္ဒြေသိက္ခာ မပျက်ဘဲ ရုတ်ခြည်း ကြုံလိုက်ရတဲ့ အပူသည်ကြီးအဖြစ် ပညာကုန် ထုတ်သုံးသွားတော့တာပါ။

 

 

“ရွှေရုပ်နဲ့ အပြတ် ကွာခြားပါပေါ့လား…၊ မြေသုဿန်ရယ် မရဏလားသူက…၊

အို… နတ်ဗြဟ္မာ သိကြား ကယ်တော်မူပါဖျာ့”တဲ့…။

 

 

“စကြဝဠာ တစ်သောင်းက ကျော်တယ်၊ ဘဂဝါ အလောင်းတော် မြတ်ရတနာ ဖွားပါတဲ့၊ အို… မြတ်သော မိဖုရား…၊ နတ်ရွာလားသူ သားမယ်တော်ရဲ့၊ ငါးဆယ်ကျော် အခါတွင်မှ၊ (အမလေး…) သေကမ္ဘာယွန်း…”တဲ့…။

 

 

“သုံးပြည်ထောင် အရောင်လက်ကြပေ့၊ ခေါင်အဂ္ဂမဟေ…

လောင်စနက် သမ္ဘာပွေသည်၊ ဇာမနေဆင့်ပွဲ၊

စည်ကား၍ မမိန့်တဘောင်လျှံတယ်၊

ဗျိုင်တော်ငသံဟည်းခြိမ့်မစဲ…” တဲ့…။

 

 

 

ဒီနေရာမှာ တင်ပဲ မြန်မာ့ဇာတ်သဘင်ရဲ့ နောက်ပိုင်းဇာတ် “အဆို၊ အငို၊ အပြော” သမားစဉ်တွေ၊ ငိုချင်း အသီးသီး ရဲ့ စံတွေကို အချိန်တို အတွင်း လေ့လာနိုင်သလို ဇာတ်ပို့ဆိုင်းရဲ့ သူ့ငိုချင်းအလိုက် ကွဲပြားစွာ ဇာတ်ပို့ တီးမှုတ်ပုံတွေလည်း မှတ်သားနိုင်ပါတယ်။ မယ်တော်မာယာ နတ်ရွာလားတော်မူတာနဲ့ မြန်မာ့ရိုးရာ အစဉ်အလာ အတိုင်း “ဗျိုင်းတောင်” တီးလုံးကိုတောင်အံကျအံကိုက် ထည့်သွင်းထားပါတယ်။

 

 

 

တကယ်တော့ လူ့သဘော သဘာဝအရ လောကဓံနဲ့ ကြုံလာရင် ဘုရင်ဖြစ်စေ သမတဖြစ်စေ ငိုမှာပဲ။ သမားစဉ်အရတော့ ရာဇဣန္ဒြေမပျက် စမုံငို၊ ပြောငိုလေးနဲ့ ငိုမဲ့မဲ့လေး ဖြစ်ရုံပေါ့။ ဒါပေမယ့် အခြေအနေအရ ရင်ဘတ်စည်တီး ငိုရတော့မယ် ဆိုရင်လည်း ပညာသားပါပါ ငိုတတ်ဖို့တော့ လိုတာပေါ့။ မငိုတတ်ရင်လည်း မင်းသားက လူကြမ်း ဖြစ်သွားနိုင်သေး…။

 

 

ဆူးငှက်

 

 

#voiceofmyanmar #VOM #ဆူးငှက် #ရွှေမန်းတင်မောင်ရဲ့ဘုရင်ငို

 

 

Related posts

Leave a Comment

VOM News

FREE
VIEW