ဆူးငှက်
ညို့ညို့ဆိုင်းဆိုင်း၊
မှိုင်းပြာရီမှောင်တန်းတော့
တိမ်ခိုးလေးတွေ ဘေးက
ယှက်လို့
တောင်တန်းတစ်ဖက် တစ်ချက်
ဝန်းကာရံကာပင်
လွမ်းစရာ့ စံရာတစ်ခွင်
သခင်မမှာအရင်ဘဝကခင်ပပသို့ အသွင် . . .။
သနားစရာကမ်းပါးအစ၊
ရင်ခတ်သရဖီ
အခွေအခွေပင် . . . ။
ယခုတိုင်ပင် ဒိဋ္ဌအမြင် . . .၊
ပုံတော်အစစ်ကို မြင်ရတော့
သခင်မ၊ ယခင်ဘဝ . . .
အသက်မရှည်လေခြင်း . . .
ကျေးဇူးရှင်ရယ် နေညိုနု၊
ရွှေလိုရှု . . .
မေပျိုဥရဲ့ . . .၊ တောင်တော်အဝင် . . .။
(နန်းတော်ရှေ့ဆရာတင်၊ မယ်ဥတောင်သီချင်း)
မန္တလေးပတ်ဝန်းကျင်က လွမ်းစရာ့ အကောင်းဆုံးနေရာကို ပြပါဆိုလျှင် သခင်မတောင်တော်ကိုပင် ညွှန်းဆိုရပေမည်။ တချို့ကလည်း မယ်ဥတောင်ဟု ခေါ်ဆိုကြ၏။ မန္တလေးမြောက်ဘက် ရှစ်မိုင်အကွာ ကြာနီကန်၏ အရှေ့ဘက်တွင် တည်ရှိသည်။ ရေမြေကလည်း အလွမ်းရေမြေ။ ပုဂံခေတ်၏ ကိုရင်မောင် မရွှေဥ အလွမ်းဇာတ် သန္ဓေတည်ရှိရာရေမြေ . . .’
ပတ်ဝန်းကျင် အနေအထားကလည်း ရိုးမရှိ၏။ လယ်တောရှိ၏။ ဗြိဇင်၊ တောသဇင်၊ တောစံပယ်ပန်းလေးများ ရှိ၏။တန်ခူးလရောက်လျှင် ပင်လုံးကျွတ်မျှ ပွင့်တတ်သော သရဖီပင်ဝိုင်းရှိ၏။ မင်းလေး၏ စီးတော်ကျားတွင်းရှိ၏။ သစ်ရွက်ခြောက်လေးတွေသာ ရှပ်တိုက်ပြေးနေသော စောင်းတန်းအိုလေးလည်း ရှိ၏။ စောင်းတန်းအတက်စမှာ ဦးခန္တီကောင်းမှု အရုဏ်ခံ သံဇရပ်ကြီးက လူသူကင်းမဲ့ ငိုက်မျဉ်း နေတတ်ချေသေးသည်။ သို့သော် ဓားကိုယ်စီဖြင့် ရွေဖျဉ်းညီနောင်က ကျားကိုယ်စီ စီးလျက်မာန်ဝံ့နေသေး၏။
ခပ်လှမ်းလှမ်း အင်ကျယ်ရွာဆီမှ သီချင်းသံသဲ့သဲ့ ကြားနေရချေသည်။ ပြန်ဆိုတေးတစ်ပုဒ်ကို ဖွင့်နေသော ၆ ဗို့ဘက်ထရီသုံး ကက်ဆက်တစ်လုံးမှ ဖြစ်မှာပေါ့။
အခုတော့ တန်ခူးလပန်းကောက်ပွဲ၊ ကဆုန်လ ဆင်ရွာကြီး ညောင်ရေသွန်းပွဲ၊ သီတင်းကျွတ်လ ကျောက်တော်ကြီးပွဲမှအစ ပွဲလမ်း အလှူအတန်းရှိလျှင် မလေးရှား ပလေကတ်က ပွဲလည်းတိုး၊ အဝတ်လည်းခံသည်။ အိမ်မှာနေရင်း၊ ယာထွန်ရင်း၊ ပခုက္ကူထည်၊ ဝမ်းတွင်းထည်ကို နှမ်းပေါ်ပေး၊ ပဲပေါ်ပေးနှင့် ရနိုင်သည်။
လွန်ခဲ့သော နှစ်တစ်ရာကျော် ကာလများတော့ သည်နေရာမှာ အိမ်ရှေ့ကိုယ်တော်ကြီး ရဲမက်တွေ မြင်းကိုယ်စီနှင့် ဟန်ရေး တပြပြ ဖြစ်နေမှာ မြင်ယောင်သည်။ ‘ယောက်ဖ၊ နှမပေး’ စသည်ဖြင့် ရင်းနှီးစွာစပြောင်ကြရင်း မြင်းရေး ပြိုင်ကြမည်။ လက်လှဲ အားစမ်းကြမည်။ ဓားရေး ပြကြမည်။ နပန်းပွဲ နွှဲကြမည်။ ငယ်ကျိုးငယ်နာ ဖော်ကာ နောက်ကြပြောင်ကြမည်။ သြော် ပင်ပေါ်ကျလေးကလည်း တယ်မြပေသကိုး။’
သခင်မတောင်တော်ဟု ဆိုလျှင်ဖြင့်၊ မန္တလေးသားတွေ ပြေးမြင်မိကြသည်မှာ အိမ်ရှေ့မင်းထန်းတောပဲ ဖြစ်ပါသည်။သခင်မတောင်ခြေ အရှေ့ဘက်က ပိန်းပိတ် ညိုမှောင်နေသော ထန်းတောကြီးကား မန္တလေးအနီး ပတ်ဝန်းကျင်ရှိ ထန်းတောပေါင်း မြောက်မြားစွာ အနက်၊ အကောင်းဆုံး ထန်းရည်များ ထွက်ရာထန်းတော ကြီးဖြစ်သည်။ ထိုထန်းတောကြီးမှာနန်းတော်ရှေ့ ဆရာတင်လည်း ခြေရာထပ်မျှ နှံ့စပ်ခဲ့သည်။ သူ၏ နာမည်ကျော် ‘မင်းဂံဘုတ်’ သီချင်းကို အိမ်ရှေ့မင်းထန်းတောမာှ မွေးဖွားခဲ့သည် မဟုတ်လား။
‘ဇာတိနွယ်’ ဟုခေါ်သော လက်ရည်တစ်ပြင်တည်း ‘သီချင်းထဲမှ ‘ထန်းပင် ထန်းလက် ထန်းရွက်တွေက အသွယ်သွယ်ပါကွယ်၊ လမ်းစဉ်၊ လမ်းဆက်၊ လမ်းမျက်စိတောင်မှ လည်ပါတယ် မောင်ရယ်’ ဟူသော စာသားကလည်း အိမ်ရှေ့မင်းထန်းတောမြင်ကွင်းနှင့် ထပ်တူကျသည် မဟုတ်လော။
ဆရာတင့် သီချင်းသြဇာကြောင့် မန္တလေးသားမှန်လျှင် သခင်မတောင်နှင့် အိမ်ရှေ့မင်းထန်းတောသို့ ရောက်ဖူးကြသည်ချည်းဖြစ်သည်။ သင်္ကြန်တွင်းလို အခါသမယမှာတော့ အိမ်ရှေ့မင်းထန်းတောမှာ သင်္ကြန်ပျော် ဂျစ်ကားတွေ ဥဒဟို ရောက်တတ်ကြသည်။ နန်းတော်ရှေ့ ဆရာတင်ကပင် ဤသို့ဆိုခဲ့ဖူးသည်မဟုတ်လော . . .။
‘ပင်စုံမြိုင်နန်း၊ ပန်းကရမက်တွေက ဝေဝေလွင်လွင်၊ မစုံသူတွေ ရောက်ကြလျှင် ဝမ်းသာသလိုလို၊ ဝမ်းနည်းချင် သလိုလိုငိုချင်သလောက်ပင်၊ မုန်းချင် စိတ်နာပါတယ်။ လိပ်ပြတောင် ငယ်သေးပါတယ်။ အဝေးက မမြင်ချင်၊ သြော် သြော် ဗြိဇင် တောင်သဇင် တောစံပယ်ပန်းကလေးက ဘေးအကျ မွှေးလှတယ်ရှင်၊ ကျေးဇူးရှင် မေပျိုဥရဲ့ တောင်တော်အဝင်’ တဲ့။ သူက တောပန်းရနံ့ပိုသင်း၊ တောသရုပ် ပိုပီပြင်၊ လွမ်းစရာ့ ဇာတ်လမ်းလေးလည်း ရှိသေး။မန္တလေး၏ အဖိုးတန် ရတနာ။ သူ့ကိုလည်း လွန်ခဲ့တဲ့နှစ်၃၀၀န်းကျင်က အညှိုးကြီးစွာဖြင့် တစ်မြို့လုံးက သုဿန်တွေ သူ့ဆီပို့ကာ အပျိုရည် ဖျက်လိုက်ကြ။ ‘မသာတစ်ခေါက်၊ကျောင်းဆယ်ခေါက်’ ဟု ဆိုသည့်အတိုင်း နာရေးကိစ္စအတွက် မန္တလေးသားတွေ အေးရိပ်ငြိမ် သုသာန်များဆီ မကြာမကြာရောက်ဖြစ်ကြသော်လည်း သံဝေဂရဖွယ် ထိုနေရာများဆီမှ လွမ်းမောစရာ သခင်မတောင်တော် အပျိုရည်ပျက်သွားသည့် သမိုင်းလည်း မေ့မေ့လျော့လျော့..။
××××× ××××× ××××× ×××××
သန်းခေါင်လေ မြူးပါလို့
စမ်းရောင်ဖြူးကြည်လို့လင်း
မန်းတောင်ပေါ်ရိုးဆီက
ဖိုးခေါင် ကျူးသာလှထင်
(မြို့မငြိမ်း)
ဆောင်းနှောင်း နွေကူးရာသီတွင် မန္တလေးသည် အလှကြီးလှနေသည်။ မြို့စွန် မဟုတ်မူဘဲ မြို့နယ်နိမိတ်ထဲ လုံးလုံးရောက်ရှိနေသော မန္တလေးတောင်တော်က စိမ်းနု၊ စိမ်းရင့် ဆံကေသာတို့ဖြင့် သျှောင်ထုံးရန် ပြင်ဆင်နေချေပြီ။ သူ့ဆံကေသာမှာမွေတော်ဓာတ်တော် ဆံထိုးရွှေရောင်၊ ဆံထိုးငွေရောင်တို့ အနှံ့အပြား ထိုးစိုက်ထားချေ၏။
သည်တောင်သည် မန္တလေးကိုအရှေ့မြောက်အရပ်မှ အုပ်ဆီးငုံ့ကြည့်နေသလို ရတနာပုံမ် မန္တလေးဟူသော မြို့ပြ၏ မိခင်သဖွယ်လည်း ဖြစ်ချေ၏။ ဤနေရာတွင် မြို့ပြ မခေါ်မီကတည်းက ဤတောင်တော် တည်ရှိခဲ့သည်။ ဤစန္ဒမုခိ ဘီလူးမက ရှင်တောင်မြတ်ဘုရားထံ သူ၏ ဖွံ့ဖွံ့ကြိုင်လန်း ဝတ်ပန်းစုံကို ပေးလှူခဲ့သည် မဟုတ်လား။ ရှင်တော်မြတ်ဘုရားကလည်း ဤနေရာတွင် မြို့ပြကြီး တည်ထောင်နိုင်မည်ဟု ဗျာဒိတ်ပေးခဲ့သည် မဟုတ်လား။
ထို့ကြောင့် မန္တလ အမည်ရှိ မန္တလေးတောင်တော်သည် မြို့ပြ၏ အအုပ်အစီးအဖြစ် ပြဒါးတိုင်ကြီးပမာ တည်ရှိခဲ့သည်။တောင်တော် သာယာဝပြောလျှင် မန္တလေး သာယာဝပြောသည်။ တောင်တော်မှာ အလှူဒါန များပြားလျှင် မန္တလေး ရောင်းပန်းဝယ်ပန်း သာသည်။ တောင်တော် စိမ်းစိုလျှင် မန္တလေး စိမ်းစိုသည်။ တောင်တော် ကျန်းမာလျှင် မန္တလေးကျန်းမာသည်။ ဒါက မြို့ဦး မြို့ဖျားက အနီးဆုံးအလှ။ မန္တလေးဟူသော ဆံကေသာထက်က အလှဆုံးပန်း တစ်ပွင့်။ အရင်ကတော့ တောရနံ့လေးတွေသင်းနေသည့် သဘာ၀ တောပန်းလေးတပွင့်။ အခုတော့ သူက အပြုအပြင် များသွားချေပြီ။ တောသူဆန်တော့ အိုးလုံးမှောက်ဆိုလား။ တောပန်းလေး မဟုတ်တော့။ ပလပ်စတစ်ပန်း၊ အလျူမီနီယမ်ပန်း၊ ဖိုက်ဘာ ပန်းတစ်ပွင့် ပင်ဖြစ်လို့နေပေါ့။ ပြီးတော့သ့ူမှာ နောက်ဆုံးပေါ် ကားတဝီဝီ၊ မိတ်ကပ်နံ့ တသင်းသင်း။ ကာရာအိုကေ သီချင်းသံ တညံညံ၊ ဘော့စနီ ရွှေရောင်တဝင်းဝင်း၊နီကယ်ရောင် တဖျပ်ဖျပ်။ တိုက်ကျွမ်းကျိပင် ကလိုက်သေး။ ဘာပဲပြောပြော သူက မန္တလေး၏ အဖိုးတန် ရတနာဖြစ်ပါ၏။
ဤသို့သော ကျက်သရေ မင်္ဂလာရှိသည့် မန္တလေးတောင်တော်မြတ်၏ ပတ်လည်ဝန်းကျင် နေရာတွင် မူလတန်ဖိုးကိုပျက်ယွင်း ဆုံးရံှုးစေသော၊ မြို့တည်နန်းတည် မင်းတုန်းမင်းကြီးနှင့်တကွ ထေရ်ကြီးဝါကြီး ရဟန်းတော်များ၊ ပညာရှိများ၊သာသနာပြု ရသေ့အရှင် ဦးခန္တီတို့၏ အစီအမံနှင့် ထိုအစီအမံတို့ဖြင့် ရှိခဲ့ရှိအပ်သော မန္တလေးရွှေမြို့တော်၏ အရှည်တည်တံ့ငြိမ်းချမ်းသာယာစေသည့် အဆာင်အယောင်တို့ကို ပျက်ပြား ယိုယွင်းစေမည့် အသစ်အသစ် များဖြင့်လည်း အပျိုရည်ပျက်လုလုကယ်သူမဲ့ မဖြစ်စေချင် ကြပါကြောင်း..။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #အပျိုမနှစ်ဖော်