ရာပြတ်တန်ဖိုးကြောင့် အိမ်ခြံမြေဈေးကွက် အေးပြီး ဈေးနှုန်းကျဆင်းနိုင်

ဧပြီ ၆ – ၂၀၂၄
SN (VOM)
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းအတွင်း အိမ်ခြံမြေ အရောင်းအ၀ယ် တန်ဖိုးဖြတ် (ရာပြတ်) သတ်မှတ်ချက်မှာ နှုန်းထားတွေ မြှင့်တင်သတ်မှတ်ထားတဲ့အတွက် အိမ်ခြံမြေဈေးကွက် အေးပြီး ဈေးနှုန်းကျဆင်းနိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်‌တွေက သုံးသပ် ပြောဆိုပါတယ်။
ရာပြတ်တန်ဖိုး နှုန်းထားတွေကို တကျပ်ကနေ ကျပ် သိန်း ၃၀၀၀ အထိ ၃ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀ ကနေ သိန်း ၆၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ သိန်း ၆၀၀၀ က သိန်း တသောင်းအထိ ၁၀ ရာခိုင်နှုန်း၊ သိန်း တသောင်းကနေ သိန်း သုံးသောင်းအထိ ၁၅ ရာခိုင်နှုန်းနဲ့ ကျပ် သိန်း သုံးသောင်းနဲ့ အထက်ကို ၃၀ ရာခိုင်နှုန်း အသီးသီး သတ်မှတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
“လက်ရှိ အိမ်ခြံမြေ ဈေးကွက်ကတော့ အစစအရာရာ ကုန်ဈေးနှုန်းတွေ တက်နေတဲ့ အခြေအနေကြောင့် အများစုက အခြေအနေစောင့်ကြည့်နေကြတယ်။ အရောင်းအဝယ် ရပ်ထားကြတယ်။ အခုက ကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးကွက်ပဲ ရှိတယ်။ အမြင့်တင်ထားတဲ့ ဈေးတွေကိုတော့ အဝယ်မလိုက်နိုင်ကြဘူးပေါ့။ ဒီ ရာပြတ်တန်ဖိုး ထုတ်ပြန်ခါနီးမှာတော့ ဈေးကွက်က နည်းနည်း လှုပ်လာတဲ့ သဘောရှိတယ်။ ဒါပေမယ့် သူတို့သတ်မှတ်ထားတဲ့ ရာပြတ်ဈေးတွေကလည်း ၁ စတုရန်းပေကို အနည်းဆုံး နှစ်သောင်းကနေ အမြင့်ဆုံး ခြောက်သိန်းအထိ သတ်မှတ်ထားတာဆိုတော့ ဈေးကလည်း မြင့်နေတယ်။ ဒီဟာကြောင့် အိမ်ခြံမြေဈေးကွက် ပြန်အေးသွားပြီး ဈေးပြန်ကျမယ့်သဘောရှိတယ်” လို့ မြောက်ဒဂုံမြို့နယ်က အိမ်ခြံမြေအကျိုးဆောင်‌တယောက်က ပြောပါတယ်။
ပြည်တွင်း ဒေါ်လာဈေးနှုန်း အပြောင်းအလဲနဲ့ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု စတဲ့ အချက်တွေဟာ မြန်မာ့အိမ်ခြံမြေဈေးကွက်အပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ ပြည်တွင်းမှာ ရွှေဈေး၊ ဒေါ်လာဈေး မြင့်တက်မှုတွေနဲ့ ဈေးကွက် မတည်ငြိမ်မှုတွေကြောင့် အိမ်ခြံမြေဘက်ကို ပြောင်းလဲ ရင်းနှီးမြှုပ်နှံကြမယ့်သ‌ဘော ထင်ကြေးပေး ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း ဈေးကွက်အတွင်း အဲ့ဒီ့လို လုပ်ဆောင်လာမှုတွေ မတွေ့ရသေးဘူးလို့လည်း သိရပါတယ်။
“ထင်ကြေးတွေကတော့ အမျိုးမျိုး ပြောနေကြတာပါပဲ။ ဒါပေမယ့် လက်ရှိ ဈေးကွက်ကတော့ ပုံမှန်ပါပဲ။ အရောင်းအဝယ်က မြေကွက်လောက်ပဲရှိတာ။ အငှားဈေးကွက်ပဲ ပိုပြီး အလုပ်ဖြစ်နေတာပေါ့” လို့ တာမွေမြို့နယ်က အိမ်ခြံမြေအကျိုးဆောင်တယောက်က ပြောပါတယ်။
လက်ရှိ ရန်ကုန်မြို့ထဲရှိ တိုက်ခန်းနဲ့ ကွန်ဒို အငှားဈေးနှုန်းတွေဟာ အရင်က ကျပ်သိန်း ၅ဝဝ ပေါက်ဈေး ရှိ‌ခဲ့ပေမယ့် တလအတွင်း သိန်း ၅ဝ မှ သိန်း ၁ဝဝ အထက် ဈေးတက်လာတာကြောင့် သိန်း ၅ဝဝ တိုက်ခန်းဟာ ရှစ်လအတွင်း သိန်း ၁၅ဝဝ အထိ ဈေးတက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြေကွက်အရောင်းအဝယ် ဈေးကွက်အတွင်းမှာလည်း ဒဂုံမြို့သစ် လေးမြို့နယ်ထဲက ဒဂုံ (အရှေ့ပိုင်း) မြို့နယ်အတွင်း ၁၂၈၊ ၁၂၉၊ ၁၃၀၊ ၁၃၂၊ ၁၃၃၊ ၁၅၆ စတဲ့ ရပ်ကွက်တွေက မြေကွက်အလွတ်တွေ အရောင်းအဝယ်ဖြစ်နေပြီး ပေ (၄၀×၆၀) ကို ငွေကျပ် သိန်း ၆၀၀ မှ ကျပ်သိန်း ၁၀၀၀ ကျော်အထိ ပေါက်ဈေးအမျိုးမျိုး ရှိနေတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW