မေ- ၄ ၊၂၀၂၅
GG (VOM)
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန် – သထုံ – မော်လမြိုင် ပြည်ထောင်စုကားလမ်းမပေါ်က ကျိုက်ကော်အထွက် မိုးကောင်းတံတား မေလ ၃ ရက်နေ့ ညပိုင်းက ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံရပြီး ပြိုကျပျက်စီးသွားတာကြောင့် ကုန်ကားနဲ့ကားကြီးတွေ သွားလာမရတော့ဘဲ ပိတ်မိနေတယ် လို့သိရပါတယ်။
ကားအသေးတွေကတော့ လတ်တလောမှာ မိုးကောင်းတံတား ရှောင်ကွင်းလမ်းဖြစ်တဲ့ ကရင်လေးဆိပ်- ကလိကျွန်း- ကင်းပွန်ခြုံ ရွာခြင်း ဆက်လမ်းကနေ ရှောင်ကွင်းပြီး သွားလာနေရပြီး ကုန်တင်ကားတွေကတော့ လမ်းပိုင်းအဆင်မပြေတာကြောင့် လမ်းမကြီးတလျှောက်မှာပဲ သွားလာခွင့်မရဘဲပိတ်မိနေကြတာဖြစ်တယ်လို့သိရပါတယ်။
” ည ၁၁ နာရီကျော်လောက်ပေါက်ကွဲတာ။အသံအကျယ်ကြီးပဲ။ ခုမနက်အစောရောက်မှတံတားဖောက်ခွဲခံရတာကိုသိရတာ။ လူထိခိုက်တော့မရှိဘူး။ တံတားကတော့ကျိုးကျပျက်စီးသွားလို့ ကားတွေ သွားမရတော့ဘူး။ ကားကြီးတွေပိတ်မိနေတယ်။ ကားလေးတွေက ရွာတွေကနေပတ်သွားနေကြတယ်။” လို့ သထုံဒေသခံကပြောပါတယ်။
မိုးကောင်းတံတားဖျက်စီးခံလိုက်ရတာကြောင့် ကုန်ကားနဲ့ကားကြီးတွေသွားလာလို့မရတဲ့အတွက် ခရီးသည်တင်လိုင်းအချို့လည်း ကားပြေးဆွဲမှုယာယီရပ်နားကြောင်း အသိပေးမှုရှိလာသလို ကုန်စည်တွေတင်ပို့မှုလည်းနောက်ကျနိုင်ကြောင်း အသိပေးမှုတွေရှိနေတာတွေ့ရပါတယ်။
” တံတားကနေ ကားကြီးတွေပြန်သွားလို့ရမှပဲ ကုန်တွေကပို့လို့ရမယ်။ အခုက သွားနေတဲ့ကားတွေတောင်ပိတ်မိနေတာဆိုတော့ မပြေဘူးလေ။ မြဝတီကနေ တက်လာတဲ့ကုန်ကားလည်း လာမရဘူး ပိတ်မိနေတယ်လို့ လှမ်းပြောတယ်။” လို့ ကုန်သည်တစ်ဦးကပြောပါတယ်။
မိုးကောင်းတံတားက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း မိုင်းဖောက်ခွဲဖျက်ဆီးခံခဲ့ရတာကြောင့် ကားအသွားအလာတွေ ယာယီရပ်တန့်ခဲ့ရတယ်လို့သိရပါတယ်။
ဓာတ်ပုံ – Cj
