ဩဂုတ် ၁၃ ၊ ၂၀၂၅
GG (VOM)
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်ကျော်ကို နလအဘက်မှ တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းတွေကပြောပါတယ်။
စစ်ကိုင်း၊ရွှေဘို ၊ရေဦး ၊ ကလေး၊ တမူး၊ မုံရွာ ၊ ပုလဲ၊အရာတော်၊ ချောင်းဦး၊ ဝက်လက်၊ ကန့်ဘလူ၊ တန့်ဆည် မြို့နယ်တွေကို ပြီးခဲ့တဲ့ ဇူလိုင်လကုန်လောက်ကတည်းက ယခုဩဂုတ်လ ဒုတိယပတ်အထိ နလအ မှ မြေပြင်ထိုးစစ်အပြင် တချို့ဒေသတွေကို လေကြောင်းပစ်ကူနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်တယ်လို့သိရပါတယ်။
” ထိုးစစ်ဆင်လာတာတော့ဟုတ်တယ်။တချို့နေရာတွေဆို တိုက်ပွဲမရှိဘဲ လေကြောင်းကြဲတာရှိတယ်။မြေပြင်မှာလည်း စစ်ကြောင်းထိုးပြီးနယ်မြေရှင်းလင်းတာတွေလုပ်နေတာရှိတယ်။ပြီးခဲ့တဲ့ရက်ကဆိုရင် စစ်ကိုင်းက တမူးဘက်လည်း တိုက်ပွဲတွေဖြစ်နေတယ်။ရွေးကောက်ပွဲမတိုင်ခင်ကို နယ်မြေထိန်းချုပ်နိုင်အောင် ထိုးစစ်ဆင်လာတဲ့သဘောရှိတယ်။နယ်မြေစိုးမိုးနိုင်ပြီး အေးချမ်းမှအဲဒီဒေသတွေမှာ ရွေးကောက်ပွဲက ကျင်းပနိုင်မှာ။စစ်ကိုင်းတိုင်းက ပြောရရင် PDF အဖွဲ့စုံရှိတယ်။နေရာတိုင်းမှာရှိနေတယ်ဆိုတော့ အစိုးရအနေနဲ့ အချိန်တိုတွင်း တည်ငြိမ်အေးချမ်းအောင်လုပ်ဖို့ကတော့ မလွယ်ပါဘူး။” လို့ စစ်ရေးသတင်းရင်းမြစ်ယောက်ကပြောပါတယ်။
နလအ ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာမှုနဲ့ စစ်ကြောင်းထိုးမှုကြောင့် တိုက်ပွဲဖြစ်ပွားမှာကိုစိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ စစ်ဘေးတိမ်းရှောင်နေကြရသလို လက်နက်ကြီးလက်နက်ငယ်၊ ဒရုန်းဗုံး၊လေကြောင်းအန္တရာယ်ကြောင့်လည်း ဒေသခံအများအပြား စစ်ရှောင်နေကြရတယ်လို့သိရပါတယ်။
ဝက်လက်မြို့နယ်ထဲမှာလည်း လက်နက်ကြီးရန်နဲ့လေကြောင်းရန်ကြောင့် ဒေသခံတွေ ထောင်နဲ့ချီပြီး စစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။
ပုလဲမြို့နယ်ဘက်မှာဆိုရင် တိုက်ပွဲတွေဖြစ်ပွားမှုရှိနေတာကြောင့် ကျေးရွာပေါင်း ၁၅ ရွာထက်မနည်း စစ်ရှောင်နေကြရတယ်လို့သိရပါတယ်။
တမူးမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကတင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်နဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီး နှစ်ဘက်အကျဆုံးရှိခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၁၀ ရက်နေ့ကလည်းစစ်ကိုင်းမြို့နယ်၊ တောင်းရင်းရွာအနီး ၁၄ မိုင်လမ်းဆုံမှာ လေကြောင်းတိုက်ခိုက်လို့ သေဆုံးသူ ၁၅ ယောက်ထက်မနည်းရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရ တွေများခဲ့တယ်လို့သိရပါတယ်
ဩဂုတ် ၁၂ ရက်က ချောင်းဦးမြို့နယ် ၊ ငါးရှန်ရွာထိပ်က စစ်ဆေးရေးဂိတ်လည်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးရှိခဲ့တယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်း မှာက နေရာဒေသတော်တော်များများမှာ PDF တွေသွားလာလှုပ်ရှားမှုရှိပြီး ပင်လည်ဘူးမြို့ ၊ အင်းတော်မြို့၊ မော်လူးမြို့၊ ရွှေပြည်အေးမြို့ ၊ တမူး မြို့နယ်ရှိ မြို့သစ် ၊ ခမ်းပတ်၊ ကလေးမြို့နယ်က ကျေးရွာအချို့ကို ဒေသတွင်းလက်နက်ကိုင်တပ်တွေကာထိန်းချုပ်ထားတယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ မြို့နယ်တွေက ထီးချိုင့်မြို့နယ်၊ကောလင်းမြို့နယ်၊ ပင်လည်ဘူးမြို့၊ခင်ဦးမြို့နယ်၊ဝက်လက်မြို့နယ်၊ကနီမြို့နယ်၊ဒီပဲယင်းမြို့နယ် ၊ ပုလဲမြို့နယ် ၊ အင်းတော်မြို့နယ်တွေဖြစ်ပါတယ်။
လက်ရှိမှာ မန္တလေးမြို့ကနေ စစ်ကိုင်းတိုင်းဘက်ကို ထွက်ခွာမယ့် ကုန်ကားတွေကို မန္တလေးရှိ စွယ်တော်ကားကြီး ကွင်းအတွင်း အကောက်အခွန်ရုံမှာ စစ်ဆေးပြီးမှသာ ဖြတ်သန်းသွားလာခွင့်ပြုနေတယ်လို့သိရပါတယ်။
Photo: CJ
