မြောက်ဥယျာဉ်တော်က မြစ်ဖျားခံ၍ (၂)

ဆူးငှက်
တကယ်တော့ မန္တလေးသည် တစ်ချိန်က စာနယ်ဇင်းထုတ်ဝေမှု ရေခံမြေခံ အားကောင်းမောင်းသန်ခဲ့ရာ ဘူမိနက်သန် ဖြစ်ခဲ့ဖူးပါ သည်။ လက်လှမ်းမီသလောက် ပြောရလျှင်ပင် (၁၈၇၄) ခုနှစ်က ရတနာပုံနေပြည်တော် သတင်းစာ၊ (၁၈၈၆) ခုနှစ်က မန္တလေးတိုင်း သတင်းစာ၊ (၁၈၉၉) ခုနှစ်က အထက်ဗမာပြည်ဂေဇက်၊ (၁၉ဝဝ) ပြည့်နှစ်က ဗမာ့တာရာသတင်းစာ၊(၁၉ဝ၃) ခုနှစ်က မြန်မာ့ဟိတကာရီသတင်းစာ၊ (၁၉၀၇) ခုနှစ်က ဘာမား ခရစ်တစ် သတင်းစာ၊ (၁၉၁၁) ခုနှစ် ရတနာပုံမဂ္ဂဇိန်၊ (၁၉၁၇) ခုနှစ်က စီပီမဂ္ဂဇင်း၊ (၁၉၂၀) ခုနှစ်က တိုင်းချစ်သတင်းစာ၊ (၁၉၂၁) ခုနှစ်က နေပြည်တော်ဂျာနယ်နဲ့ ဟုမ္မရူး သတင်းစာ၊ (၁၉၂၂) ခုနှစ်က ရှေ့သွားခေါင်းဆောင်သတင်းစာ၊ (၁၉၂၇) ခုနှစ်မှာ မန္တလေးသူရိယနဲ့ မြန်မာ့ဦးစွန်း၊ (၁၉၄ဝ) ခုနှစ်မှာ ကြီးပွားရေး ဂျာနယ်၊(၁၉၄၅) ခုနှစ်မှာ လူထုဂျာနယ်၊ (၁၉၄၆) ခုနှစ်မှာ လူထု သတင်းစာ၊ ပဟိုရ်စည်သတင်းစာ၊ (၁၉၅ဝ) ခုနှစ်မှာ မန်းခေတ်သတင်းစာ၊ (၁၉၅၀) ခုနှစ်မှာ မြန်မာ့လမ်းစဉ်၊ ရွှေမန်းစာဆိုစာစောင်၊ ရွှေမန်း အောင်စည်တော်နဲ့ ရွှေမန်းပြည်ကျော်၊ (၁၉၆၅) ခုနှစ်မှာ မန္တ လာစာစောင်၊ (၁၉၆၆) ခုနှစ်မှာ တိမ်ကြားမင်းခေါင် ဦးစီးထုတ်ဝေခဲ့တဲ့ မန္တလေးဂျာနယ် စသော သတင်းစာ၊ ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းများ အပြိုင်းအရိုင်းဆိုသလို ဆက်တိုက်ထုတ်ဝေခဲ့ဖူးပါ၏။
ထိုသည်တို့ကာ ခရစ်နှစ် ၁၈၆၄ ခုနှစ်တွင် မင်းတုန်းမင်းကြီး အမှာတော်အရ ဗရင်ဂျီဘုန်းတော်ကြီး ဘီဂန်ဒတ်က မြန်မာ ပုံနှိပ်စက်တစ်လုံး ဆက်သလာ၏။ ယင်းစာပုံနှိပ်စက်ကို ရတနာပုံနန်းမြို့ မြောက်ဥယျာဉ်တော်အတွင်း ထားရှိပြီး နောင်အချိန်တွင် ဝက်မစွတ်မြို့စား ဝန်ထောက်တော်မင်းကြီး မင်းထင်မဟာစည်သူဟု ထင်ရှားလာမည့် ဦးလတ် အပါအဝင် လူငယ်များက စာပုံနှိပ်အတတ် ပညာကို သင်ကြားတတ်မြောက်ကြရာမှ ဝက်မစွတ်မြို့စား ဝန်ထောက်မင်းကြီး မင်းထင်မဟာစည်သူနောက် အမှာတော်ရေးမင်း ဦးသာအောင်၊ ထို့နောက် ဝန်စာရေးကြီး ဦးကြွယ်တို့အထိ အဆက်ဆက်ကြီးကြပ်ကာ စာအုပ်စာတမ်း ရိုက်နှိပ် ထုတ်ဝေမှုလုပ်ငန်းသည် ထီးနန်းကနက် ပျက်သုဉ်းသည့်နောက်ပိုင်း၌ မြဝတီဦးမောင်ကလေး၊ မြန်မာ့တာရာ ဦးညွန့်၊ စီပီဦးခင်မောင်၊ မန္တလာ ဘုမ္မိဦးမောင်မောင်ဆင် စသူတို့သည် အညွန့်အတက် အချက်အလက်များဖြင့် ပေါက်ဖွားစည်ပင်ခဲ့သော မန္တလေး စာနယ်ဇင်း ထုတ်ဝေမှု အစဉ်အဆက်များ ဖြစ်ပါ၏။
စာနယ်ဇင်းထုတ်ဝေမှုများနှင့် ကျွဲကူးရေပါ ဆိုသလိုပင် စာအုပ်တိုက်ကြီးများ အသီးသီးလည်း မန္တလေး၌ ရှင်သန်ခဲ့ပါသည်။ ဤသို စာပေလုပ်ငန်းများ ဖွံ့ဖြိုးအားကောင်းရှင်သန်ခြင်းကြောင့် မန္တလေး၌ စာပေအနုပညာရှင်များလည်း ကုံလုံကြွယ်ဝခဲ့သည်။ ထိုခေတ် ထိုကာလက မန္တလေးစာရေးဆရာများ ဘာတွေရေးခဲ့ကြသနည်း။ စာအုပ်စာတမ်းနှင့် ဆောင်းပါး၊ ဝတ္ထု၊ ကဗျာများကိုကြည့်ကာ ဘဝ၊ ရသ၊ အတတ်ပညာ၊ စီးပွားရေး၊ လူမှုရေး စသည်ဖြင့် အမျိုးမျိုးသော စာတိုင်များခွဲသော်ငြား တကယ်တမ်းမူ ရေးသားသည်ဦးတည်ချက်အရ ၂ မျိုး ၂ စားသာ ရှိမည် မှာလည်း သေချာပါသည်။ သူ့ကျွန်ဘဝရောက်ရှိစဉ်ကာလ အမျိုးသား ပြည်သူများဆန္ဒနှင့် တစ်ထပ်တည်းကျနေတဲ့ ဘက်လား၊ သို့မဟုတ် ဖိမဟဲ့ လွတ်လပ်ရေးအတွက် အားကုန်ဆင်နွှဲနေသောကာလမို့ အအုပ်စိုးခံ မြန်မာပြည်သူများဆန္ဒနှင့် တထပ်တည်းကျနေတဲ့ ဘက်လား၊ သို့မဟုတ် ဖိမဟဲ့ နှိပ်မဟဲ့ မော်မဟဲ့ မြိန့်မဟဲ့ ဟူသော အုပ်ချုပ်မင်းလုပ်သူဘက်လား။ ဒီ(၂) မျိုးပဲရှိပေမည်။
ထိုစဉ်ကာလများတွင် မန္တလေးမှာက စာနယ်ဇင်းလုပ်ငန်းများ အရှိန်အဟုန်ကောင်းနေ၏။ ထို့ကြောင့် စာနယ်ဇင်းနှင့် ပတ်သက်သော ပင်မထုတ်လုပ်သူ ဉာဏလုပ်သား စာရေးဆရာများသည်လည်း မည်မျှ များပြားပါစေ၊ ဖော်ပြပါ (၂) မျိုး (၂) စားပဲ ခွဲခြားနိုင်မှာ သေချာပါသည်။ ထို့အတူ ထိုကာလတွင် မန္တလေး၌ ငြိမ်းချမ်းသာယာရေးဆီ ဦးတည်ကာ အများစု လူတန်းစားကို ကိုယ်စားပြုသော စာပေအသိုင်းအဝန်းကပဲ စုစည်းညီညွတ်စွာဖြင့် စာပေလုပ်ငန်များကို အရှိန်အဟုန်ကောင်းစွာဖြင့် လုပ်ဆောင်နိုင်ခဲ့ကြသည်မှာလည်း သမိုင်းသက်သေ ထူနိုင်ခဲ့ပေပြီ။ ညီညွတ်စွာဖြင့် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကိုလည်း ဖွဲ့စည်း နိုင်ခဲ့သည်။ ညီညွတ်စွာဖြင့် စာပေဟောပြောပွဲ၊ စာတမ်းဖတ်ပွဲ၊ စာပေ အထိမ်းအမှတ်ပွဲများ ဆင်နွှဲခဲ့သည်။ ညီညွတ်စွာဖြင့် လူအများစု ဘဝထဲ စိမ့်ဝင်ပေါင်းစည်းကာ စာပေလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ခဲ့ကြသည်။
၁၉၆၀, ၆၁, ၆၂, ၆၃…။
*** *** ***
ပြောင်းလဲလာသော နိုင်ငံရေးစနစ်က ပုဂ္ဂလိကပိုင်ဆိုင်မှု အခန်းကဏ္ဍများကို ပြည်သူပိုင်အဖြစ် ပြောင်းလဲခြင်းနှင့်အတူ အမျိုးသားစည်းလုံး ညီညွတ်ရေးမူအရ ကွဲပြားနေသော အသင်းအဖွဲ့အစည်းပေါင်းစုံကို ချုပ်ငြိမ်းစေခြင်း ဖြစ်ရပ်များနောက်ပိုင်း တဖြုတ်ဖြုတ် ရပ်ဆိုင်းသွားကြသော ပုဂ္ဂလိကသတင်းစာများအနက် မန္တလေးတွင် ပုဂ္ဂလိကသတင်းစာအဖြစ် တစ်စောင်တည်း ကျန်ရစ် သော လူထုသတင်းစာသည်လည်း ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ(၇) ရက်နေ့တွင် တစ်ခါတည်း ရပ်နားသွားတော့သည်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းလည်း ဖျက်သိမ်းလိုက်သည်။ ၁၉၆၃ ကမ္ဘာအေး စာပေညီလာခံက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွဲ့စည်းသော စာရေးဆရာအဖွဲ့အစည်း ဖွဲ့စည်းဖို့ ရည်မှန်းလမ်းညွှန်ခဲ့သည်။
မန္တလေးတွင် သတင်းစာများ မရှိကြတော့ငြား စာအုပ်တိုက်ကြီးများ၏ စာအုပ်ထုတ်ဝေမှု လုပ်ငန်းများကတော့ အလျဉ်မပြတ်ခဲ့ ကြပေ။ သို့သော် အားကောင်းမောင်းသန်တော့ မဟုတ်ကြတော့။ ရန်ကုန်အခြေစိုက် ရုံးလုပ်ငန်းများအတွက် “အေးဆေးဖြည်းလေး” အချိန်ယူ လုပ်ကိုင်ကြရတော့သည်။ အမျှင်မပြတ်ရုံသာ။
၁၉၆၉ ခုနှစ်၊ အောက်တိုဘာလမှာတော့ ရန်ကုန်မြို့မှ ပြည်သူပိုင် သတင်းစာကြီး တစ်စောင်ဖြစ်သော “ဟံသာဝတီ”ကို မန္တလေး ပြောင်းရွှေ့ကာ ထုတ်ဝေလိုက်သောအခါ မန္တလေး၌ ငိုက်မြည်းနေသော စာပေအသိုင်းအဝန်းက ရုတ်ခြည်းနိုးထ ဖျတ်လတ်လာကြတော့ သည်။
မန္တလေးသား စာရေးဆရာများ၏ ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဆောင်းပါးများ ဟံသာဝတီမှာ ဖြိုးဖြိုးဖျတ်ဖျတ် တောက်ပလာကြသည်။ ခေတ်ကို အပြုသဘော ဝေဖန်ခြင်း၊ စေတနာဟူသော တစ်စိတ်တစ်ဝမ်းတည်းမှာ ညီညွတ်စွာ ပေါင်းစည်းမိကြ သည်။ ဘိုးဝဇီရခန်းမသည် ထိုစေတနာမျိုးစေ့ များ အပင်ပေါက်ရှင်သန်စေဖို့ မြေဆီမြေလွှာကောင်း ဖြစ်လာ၏။
ဤသို့ဖြင့် ၁၉၇၈ ခုနှစ် ရောက်သောအခါ ဟံသာဝတီသည် မန္တလေး၌ လုံးဝဥဿုံ အနားယူလိုက်ပြန်သည်။ ထိုအခါ အရှိန်ရနေသော မန္တလေး ကလောင်များ၊ အားယူစ ကလောင်သစ်များသည် အရှိန်မသတ်နိုင်ဘဲ မန္တလေး၏ များပြားလှစွာသော အငြိမ့်စင်များဆီ ကလောင်ဦး လှည့်ကြရပြန်တော့သည်။ ထိုအရှိန်သည် မန္တလေးအငြိမ့် အော်ပရာများ၊ ပြက်လုံးခွင်များ၊ ပြဇာတ်များကို လည်း တစ်ဆစ်တစ်မျိုးကွေ့ကာ စူးရဲ တောက်ပလာစေပြန်သည်။ မန္တလေးစာရေးဆရာများ၏ အနုပညာများကား စာမျက်နှာများပေါ်မှ အငြိမ့်စင်ပေါ် ကူးပြောင်းခြင်းမည်ပါ၏။ အဖွဲ့အနွဲ့၊ အဖြတ်အတောက်၊ အရေးအသားသာမက ဒမ္မီအတတ်ပညာ၊ ဖောင်ဖွဲ့ အတတ်ပညာ၊ အင်တင်းအင်ချဲပညာများအစား ကတ္တီပါကားအတင်အချ၊ ဇာတ်ရုပ် အဝင်အထွက်၊ နောက်ခံဂီတ အဖြူးအဆူ၊ မီးချိန်း ရှပ်တာချိန်း၊ အနှေးအမြန် ကာရံရစ်သမ်များဖြင့် သူတို့ကဗျာ၊ သူတို့ဝတ္ထု၊ သူတို့ ဆောင်းပါးများကို ရေးသားကြပြန်ပေါ့။
၁၉၈၀, ၈၁, ၈၂, ၈၃, ၈၄, ၈၅…။
(ဆက်ရန်)
#voiceofmyanmar #VOM #​မြောက်ဥယျာဥ်​တော်

Related posts

Leave a Comment

VOM News

FREE
VIEW