ဘရပ်ဆဲလ်၊ ဩဂုတ်-၁၃-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်းနယ်နိမိတ်တွေကို အင်အားနဲ့ပြောင်းလဲတာနဲ့ပတ်သက်ပြီး ဥရောပခေါင်းဆောင်တွေက ကန့်ကွက်သတိပေးလိုက်ပါတယ်။ ရုရှားသမ္မတပူတင်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ ယူကရိန်းအရေး ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် သုံးရက်အလိုမှာ အခုလိုက် သတိပေးလိုက်တာပါ။
ဥရောပခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်မှာတော့ “ယူကရိန်းပြည်သူတွေအနေနဲ့ သူတို့အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိရမယ်” လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် နယ်မြေစိုးမိုမှု ဆိုတဲ့ အခြေခံမူတွေကို လိုက်နာရမှာဖြစ်ပြီး နိုင်ငံတကာနယ်နိမိတ်တွေကို အင်အားသုံးပြောင်းလဲခြင်း မလုပ်ရ လို့ ဆိုပါတယ်။
ဒီကြေညာချက်ကို ဥရောပသမဂ္ဂဝင် ၂၇ နိုင်ငံထဲက ၂၆ နိုင်ငံက ခေါင်းဆောင်တွေ လက်မှတ်ထိုးထားပါတယ်။ လက်မှတ်မထိုးတဲ့ တဦတည်းသော ခေါင်းဆောင်ကတော့ ဟန်ဂေရီခေါင်းဆောင် ဗစ်တာအော်ဘန် ဖြစ်ပါတယ်။ သူဟာ ရုရှားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး ယူကရိန်းအတွက် ဥရောပသမဂ္ဂရဲ့ ထောက်ပံ့မှုတွေကို မကြာခဏ တားဆီးခဲ့ပါတယ်။
ကြေညာချက်ဟာ ဥရောပခေါင်းဆောင်တွေရဲ့ စိုးရိမ်မှုကို ထင်ဟပ်စေပြီး ရုရှားရဲ့ ယူကရိန်းမှာ လုပ်ဆောင်ချက်တွေဟာ အနာဂတ်မှာ တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လို့ ရုရှားနယ်စပ်နိုင်ငံတွေ အပါအဝင် နိုင်ငံများစွာက ယုံကြည်နေပါတယ်။
အခုနှစ်ပိုင်းတွေမှာ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေ နေတိုးအဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ဘောလ်တစ်နိုင်ငံတွေက စစ်မှုထမ်းစနစ် ပြန်လည်ကျင့်သုံးလာပါတယ်။ ပိုလန်နိုင်ငံက ရုရှားနယ်စပ်မှာ အကာအရံတည်ဆောက်ဖို့ ဒေါ်လာဘီလီယံချီ သီးသန့်ထားရှိပါတယ်။
ဥရောပနိုင်ငံတွေမှာ နယ်နိမိတ်ပြောင်းလဲမှုတွေ သွေးထွက်သံယိုနဲ့ ဖြစ်ပွားခဲ့တဲ့ သမိုင်းတွေရှိခဲ့ပါတယ်။ အမေရိကန်က ယူကရိန်းမှာ ဒီလိုဖြစ်ရပ်မျိုး ခွင့်ပြုမယ့် အလားအလာကို ဥရောပခေါင်းဆောင်တွေက အလွန်စိုးရိမ်နေကာ အင်အားသုံး သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ရုရှားရဲ့ အချုပ်အခြာအာဏာအဖြစ် တရားဝင်အသိအမှတ်ပြုခြင်းကို ဥရောပသမဂ္ဂက လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။
ဒေါ်နယ်ထရန့်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ နယ်မြေဖလှယ်ဖို့ အလားအလာရှိနေတယ်လို့ဆိုထားပြီး ရုရှားဘက်က ယူကရိန်းအရှေ့ပိုင်းမှာရှိတဲ့ ဒွန်ဘတ်စ်ဒေသနဲ့ ကရိုင်းမီးယားကို ရယူနိုင်ခြေရှိပြီး ဒီအတွက် ခါဆွန်နဲ့ ဇာပိုရစ်ဇီးယားဒေသတွေက တပ်တွေို့ ပြန်လည်ရုပ်သိမ်းမယ်လို့ ပြောပါတယ်။
ယူကရိန်းသမ္မတ ဇယ်လင်စကီးကတော့ ဒွန်ဘတ်စ်ဒေသကနေ တပ်တွေရုပ်သိမ်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ လက်ရှိမှာ လူဟန့်နဲ့ ဒွန်နက်စ်ဒေသတွေရဲ့ အစိတ်အပိုင်းတချို့ကို ယူကရိန်းတပ်တွေ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး ဒီနေရာတွေကနေ နုတ်ထွက်သွားမယ်ဆိုရင် ရုရှားအတွက် အခြားဒေသတွေကို ထပ်မံတိုက်ခိုက်ဖို့ အခြေပြုစခန်းဖြစ်လာနိုင်တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။
နေတိုးအကြီးအကဲ မာ့ခ်ရူတီကတော့ ယူကရိန်းနယ်မြေတချို့ကို ရုရှားက ထိန်းချုပ်နေတာမှန်ပေမယ့် ဒါကို တရားဝင်အသိအမှတ်ပြုလိုက်တာမျိုး လုံးဝမလုပ်သင့်ဘူးလို့ ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။
Ref:BBC
Photo:Anadolu
