ဆူးငှက်
စစ်ကြီးအတွင်း ရွာအပြန်
————————-
ကျွန်တော်သည် ထိုရပ်ကွက်လေးတွင် မွေးဖွားခဲ့ပါ၏။ တစ်နေ့ကပဲ အမေ့မှတ်ပုံတင်ဟောင်းလေး တွေ့လို့ လွမ်းလွမ်းဆွတ်ဆွတ် ပြန်ကြည့်လိုက်တော့ အမေ့ မွေးသက္ကရာဇ်က ၁၂၇၀ပြည့်နှစ် ဖြစ်သည်။ အမေ၁၉နှစ်သမီးမှာ မန္တလေးရောက်သည်ဆိုပြန်တော့ ၁၂၈၉ ၊ ၉၀ ဝန်းကျင် ဖြစ်မှာပေါ့။ မန္တလေးရောက်ပြီး ၄နှစ်လောက်မှ အစ်မကြီး မွေးသတဲ့။ အစ်မကြီးအရင် ၂နှစ်လောက်က သားဦး ယောက်ျားလေးကတော့ အဖတ်မတင်ဘူးတဲ့။ အစ်မကြီး မွေးတော့ အရင်သားဦးလို အဖြစ်မခံနိုင်တော့ ဆွေမျိုးအသိုင်းအဝန်းရှိရာ ရွာပြန်မွေးသတဲ့။ ရွာမှာ သားသမီးဖွားပြီး လအချို့နေပြီးမှ မန္တလေး ပြန်သည်။
သည်တစ်ခါ မန္တလေးအပြန်မှာ ကလေးနှင့်မို့ ရွာက အဘ အဖေ အဖိုးဦးလူနီနှင့် အဘမိထွေးပါ လိုက်လာသည်ဆိုသည်။ ၁၉၄၂ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီး မန္တလေးကို ဂျပန်က ပိုက်စိပ်တိုက် ဗံးုကျဲကာ တစ်မြို့လုံးနီးပါး မီးလောင် ပျက်စီးလုအချိန်မှ မိသားတစ်စုလုံး ရွာပြန်ပြေးကြသတဲ့။ ဂျပန်အဝင် အင်္ဂလိပ်အဆုတ်မှာ စစ်ကိုင်းတံတားကြီးကို အင်္ဂလိပ်က ဗုံးခွဲ ဖျက်ဆီးခဲ့သောကြောင့် မန္တလေးက စစ်ကိုင်းသို့ ဇက်ကလပ်တွဲရေယာဉ်နှင့် တစ်ပြုံတစ်ကြီး ကူးကြရသည်။ သည်တင် စစ်ကိုင်းဘက်ကမ်းအရောက် ရေယာဉ်ပေါ်က တိုးဝှေ့ဆင်းကြရင်း ၆နှစ် သမီးအရွယ် အစ်မကြီးက လူကွဲပြီး ပျောက်ပါရောတဲ့။
“ဒို့မှာလေ.. သင်္ဘောကြီးပေါ်ကအဆင်း နင့်အစ်မကို နင့်အဘကပဲ ချီခဲ့တယ် ထင်တာကိုး၊ မောင်ပေါလူကလည်း ဒို့ချီခဲ့တယ်ထင်တာ။ နင့်အဘ အဖေ ဦးလူနီကလည်း သင်္ဘောပေါ် အတက်မှာ ဒို့နောက်က ကပ်ပါတာ မြင်တယ်။ နင်တို့ ဂရုမစိုက်လို့ ငါ့မြေးလေး ပျောက်တာ ဆိုပြီး ငေါက်ပါလေရော၊ နင့်အဘရော ဒို့ရော စစ်ကိုင်းဆိပ်ဘက် လူတွေကြား တိုးပြီး ခင်ရီရေ..၊ ခင်ရီရေ.. လို့ အော်ခေါ်၊ တွေ့သမျှလူကိုလည်း ၆နှစ်အရွယ် ဆံရစ်ဝိုင်းလေးနဲ့ နားသန်သီးလေးနဲ့ ကလေးမလေးများ မတွေမိကြဘူးလားကရို၊ သင်္ဘောအဆင်းမှာ လူကွဲသွားလို့ပါ လို့ မေးရင်းရှာရင်းပေါ့။ ချွေးရော မျက်ရည်ရော ဒီးဒီးကျလို့”
အမေက ပြောရင်းနားကာ အရိုးရှည် နှီးယပ်တောင်ကြီးနှင့် ယပ်ခတ်နေသည်။ ကျွန်တော်က “မမက သူ့ဘာသာ ပြန်လာတာလား” ဟု မေးမှ “ဘယ်ဟုတ်မလဲ အတော်ကြာအောင် ရှာတော့မှ ဟို ဆိပ်ကမ်းအတက် ထမင်းဆိုင်က ကလေးမလေး ငယ်ငယ်ချောချောလေး၊ လူကြီးလည်းမပါဘူး၊ ကွဲလာတာနေမှာ” ဆိုပြီး ခေါ်ထားတာ၊ သူ့မြင်မှ ရင်ဘတ်ဖိပြီး အသက်ရှူဝတော့တာ။ အမလေး အဲ့ဒီအချိန်ကများ နင့်အစ်မ မတွေ့ရင် ဦးလူနီက ဒို့လင်မယား၂ယောက်လုံး သတ်မှာ၊ သူ့မြေးကို အသည်းလေ”
အမေက ယပ်တောင် တဘုံးဘုံးခတ်ရင်း ခြင်ပေါတာကို တဖျစ်တောက်တောက်လုပ်နေသည်။ ကျွန်တော်က အမေပြောခဲ့သော အဲ့ဒီအချိန်ကများနင့် အစ်မမတွေ့ရင် ဟူသော စကားသံကို ပြန်လည် ကြားယောင်ကာ အိမ်အခန်းနံရံမှာ ချိတ်ဆွဲထားသည့် ရွာတောင်ကျောင်းရေစက်ချတုန်းက ရိုက်ကူးထားသော နတ်သမီးဝတ်စုံနှင့် အစ်မကြီးဓာတ်ပုံကို လှမ်းကြည့်မိသည်။
ကံကောင်းသော အစ်မကြီး
—————————
ကျွန်တော်တို့ မောင်နှမ ၅ယောက်တွင် အစ်မကြီးက အချောဆုံး အလှဆုံးဟု ပြောရပေမည်။ ငယ်စဉ်ကတည်းက အိမ်အပေါ်အသိတတ်ဆုံး မောင်နှမများအပေါ် အနစ်နာခံဆုံး ဖြစ်သည်။ သူ့ခမျာ အပျိုပေါက်အချိန် ကတည်းက အပျိုလုပ်ချိန်မရရှာဘဲ မိဘအတွက် အပ်ချုပ်စက်ခုံတွင် တစ်နေကုန်ထိုင်ကာ ဈေးချုပ် စက်ပန်းထည်များ ချုပ်ရသည်။ စက်ချုပ်ပညာကို ချမ်းသာရထုံးကုန်းထဲက မမညွန့်ထံကလည်း သင်ခဲ့ရသတဲ့၊မမညွန့်၏ ခင်ပွန်းက ရွှေမန်းတင်မောင်ဇာတ်ထဲက မင်းသားလတ် စိန်လှမောင် ဖြစ်သည်။
မမညွန့်က ဇာတ်မင်းသား မင်းသမီးနှင့် ဇာတ်ဝတ် ဇာတ်စားတွေ ချုပ်ရသည်။ အထူးသဖြင့် ထိုင်မသိမ်းအင်္ကျီ မင်းသမီးခါးတောင်အင်္ကျီများကို အချိုးကျန လှပစွာ ချုပ်လုပ်နိုင်သည်။ အစ်မကြီးတို့ လက်ထက်က အထည်များတွင် စက်ပန်းထိုးက ခေတ်စားသည်။ စက်ပန်းထိုးဆိုသည်က အထည်များပေါ်တွင် ပန်းအလှများ အကောင်ပလောင် လှလှလေးများကို အပ်ချုပ်စက်သုံးကာ အပ်ချည်ရောင်စုံဖြင့် ခေါင်းအုံးဖုံး အမျိုးသမီးဝတ် အင်္ကျီ ထမီ နှင့် ဘော်လီတို့တွင် ထိုးကြသည်။ ထို့ပြင် ပိတ်ဖောက်ဇာပန်းများကိုလည်း အပ်ချည်ဖြူဖြင့် ထိုးကြသည်။ အစ်မကြီးနာမည်က မခင်ရီဖြစ်သည်။ သူနှင့်ရွယ်တူ မိန်မဖော်အတော်များများက စက်ပန်းထိုးကြသည်။
အစ်မကြီးက အစုအဆောင်းလည်းကောင်းသည်။ ချွေတာသည်။ စေ့စပ်သေချာသည်။ ထို့ကြောင့် စက်ပန်းထိုးရသည့် လုပ်ခက အိမ်စရိတ်အပြင် ရွှေတိုရွှေစ လက်ဝတ်လက်စားတွေပင် ဝယ်ယူစုဆောင်းနိုင်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်လူလားမြောက်ချိန် ကျောင်းနေဖို့ ကျောင်းစရိတ်သုံးဖို့ အိမ်က ရှိစုမဲ့စု ရွှေထည်လေးကို ထုခွဲရသောအခါ အစ်မကြီးက “ နင်တို့ ငါတစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ခဲ့ မစားရက် မသောက်ရက် စုဆောင်းပြီး ရွှေလေးလုပ်ခဲ့လို့ အခု ဣန္ဒြေမပျက်တာပေါ့။ ငါမရှိတဲ့နောက်ပိုင်း အိမ်မှာ ဘာများ စုဆောင်းနိုင်ခဲ့လို့လဲ” ဟု ဆိုလေ့ရှိသည်။
အစ်မကြီး ပြောသည့် ငါမရှိတဲ့နောက် ဆိုသည်မှာ သူအိမ်ထောင်ကျပြီး သျှောင်နောက် ဆံထုံးပါ သွားခြင်းကို ပြောခြင်း ဖြစ်သည်။ အစ်မကြီးက သူ အသက် ၂၀ ဝန်းကျင်တွင် အိမ်ထောင်ကျခြင်းဖြစ်သည်။ အဘ၏ ရွာဆွေမျိုး ရပ်ဆွေမျိုးဖြစ်သော ဘုတလင်မြို့က ဦးစံဖြိုး ဒေါ်အေးမြ၏ သားကြီး မောင်လှဘော်က မန္တလေးက အဘတို့အိမ်မှာခေတ္တခိုပြီး ဈေးချိုပန်းဆိုးတန်းရပ်က ဆရာညို ပန်းထိမ်ဖိုတွင် ပန်းထိမ်ပညာ ရွှေပညာလာသင်သည်။ ဤသို့ဖြင့် မောင်လှဘော်နှင့် မခင်ရီတို့က လူငယ်ချင်းလည်း ရည်ငံ၊ လူကြီးတွေကလည်း သဘောတူကြလို့ အိမ်ထောင် ထူထောင်ကြခြင်း ဖြစ်သည်။
မန္တလေး မင်္ဂလာဆောင်
————————-
အစ်မကြီးတို့မင်္ဂလာဆောင်ကို စိုင်ပျိုရိပ်သာဝင်းအတွင်း ဓမ္မာရုံအုတ်တိုက်နှင့် ဆီစက်တဲကြီးရှေ့ မဏ္ဍပ်ထိုးပြီး ဆင်ယင်ခြင်းဖြစ်သည်။ ထိုစဉ်က မင်္ဂလာဆောင်များကို အိမ်ရှေ့ (သို့မဟုတ်) လမ်းမပေါ်တွင် မဏ္ဍပ်ထိုးကာ မနက်ပိုင်းတွင် ကျင်းပကြသည်။ သို့မဟုတ်က ညနေတွင် ဆည်းဆာမင်္ဂလာဟုဆိုကာ ဥယျာဉ် ပန်းပင် ပန်းအလှတို့ဆင်ကာ ညဦးပိုင်းအထိ ဆင်နွှဲကြသည်။ မန္တလေးမင်္ဂလာပွဲ အများစုက ဧည့်ခံဖျော်ဖြေရေးအဖြစ် တီးဝိုင်း (သို့မဟုတ်) အငြိမ့်ထည့်ကြသည်။ တီးဝိုင်းဆို မြို့မ၊ မာဃ၊ မြန်မာညွန့် စသည်ပေါ့။ နောက်ပိုင်းမှာတော့ သင်္ဂဟ၊ သီရိမွန်၊ သိင်္ဂီ၊ မိုးကေသီ၊ နုယဉ်၊ ဂီတလုလင်၊ ယဉ်မွန်၊ တေးချစ်သူ၊ shells စသည်ဖြင့်ပေါ့။
တချို့တတ်နိုင်သူတွေက ဧည့်ခံပွဲအပြီး ညမှာ အောင်ပွဲဟူ၍ တီးဝိုင်း အငြိမ့်တို့နှင့် ပွဲခံသေးသည်။ အကျွေးအမွေးက ကိတ်မုန့်(ပလိန်းကိတ် ပန်းကိတ်မျိုးစုံ၊ အီလလီးယား..စသည်) ခနံ့ထုပ် ရေခဲမုန့် ကော်ဖီ တို့နှင့် ဖြစ်သည်။ မည်သို့သော အစားအသောက်ပါစေ မန္တလေးထုံးစံက ပွဲတော်အုပ် လက်ဖက်ကိုတော့ ခမ်းခမ်းနားနား တည်ခင်းသည်။ လက်ဖွဲ့ပြန်အဖြစ် ယပ်တောင်အပြင် ရွှေပတ် ဆေးလိပ်ကြီးများ ကမ်းသည်။ မဏ္ဍပ်အဝင်မှာလည်း အောင်သပြေပန်း ကမ်းသည်။ အစ်မကြီးတို့ မင်္ဂလာဆောင်မှာ မဏ္ဍပ်ထိုးပြီး စန္ဒရားမမကြီး အငြိမ့်နှင့် ဧည့်ခံသည်။
မင်္ဂလာဆောင်အပြီး အစ်မကြီးက ခင်ပွန်းအခြေချသည့် ဘုတလင်သို့ လိုက်ပါသွားသည်။ ဘုတလင်မှာ ရွှေပန်းထိမ်ဖို ဖွင့်ကြသည်။ ခင်ပွန်း ကိုလှဘော်၏ လုပ်ရည် ကိုင်ရည် အမြော်အမြင်နှင့် ယောက္ခမများ၏ အသိုင်းအဝန်းဖြင့် ရွှေပန်းထိမ်ဖိုက ရွှေဆိုင်ဖွင့်နိုင်သည်အထိ အောင်မြင်သည်။ သားဦးမွေးဖွားပြီးတော့ လုပ်ငန်းကို မုံရွာသို့ရွေ့ကြသည်။ မုံရွာဈေးသစ်တွင် အောင်ရတနာအမည်ဖြင့် ရွှေဆိုင်ဖွင့်သည်။ အိမ်မှာလည်း ပန်းထိမ်ဖိုထောင်သည်။ ထူထောင်ကာစက အလယ်ရပ်ထဲတွင် အိမ်ငှားနေကြသော်လည်း နောက်တွင် ဆူးလေကုန်းရပ်ထဲမှာ ကိုယ်ပိုင်ဝင်းခြံနှင့် တိုက်တာများ ဆောက်လုပ်နိုင်သည်။ ကျွန်တော်တို့ မောင်နှမ ၅ယောက်တွင် အစ်မကြီး မခင်ရီက အချော အလှဆုံးဟု ပြောခဲ့သကဲ့သို့ ကံအကောင်းဆုံးဟုလည်း ပြောရပေမည်။ ကံဆိုသည်ကလည်း သူ၏ စိတ်ရင်းစိတ်ဓာတ်နှင့် အလုပ်ကောင်းမှုကြောင့် ဖြစ်သည်။ တစ်ခုပါပဲ အစ်မကြီးမှာ စီးပွားရေးကောင်းလို့ ဇိမ်နှင့်နေနိုင်သော်လည်း ကျွန်တော်အပါအဝင် မောင်ညီမများနှင့် ဆွေမျိုးသားချင်းတွေက အဆင်မပြေကြတော့ အရာရာ သူ့ခေါင်းပေါ်ချည်းရောက်ကာ စိတ်ပူပန်နေရသည်ချည်းဖြစ်သည်။
တကယ်တော့ ကျွန်တော်က အစ်မကြီးနှင့် နီးနီးကပ်ကပ် နေခွင့် မရခဲ့။ အဘယ်ကြောင့်ဆိုသော် အစ်မကြီး အိမ်ထောင်ကျပြီး နောက် ၁နှစ်မှ ကျွန်တော့်ကို မွေးဖွားသောကြောင့် ဖြစ်သည်။ အစ်မကြီး၏ သားဦးကပင် ကျွန်တော်နှင့် မတိမ်းမယိမ်း။ ဦးလေးနှင့် တူက ရွယ်တူ။ ထို့ကြောင့် ငယ်စဉ်က မန္တလေးသို့ အစ်မကြီးလာတယ်ဆိုရင်ပင် အနားသို့ သိပ်မကပ်ဝံ့။ ကျွန်တော်က အစ်မကြီးနှင့် အနေဝေးလို့ နံပတ်၂ အစ်မ နံပတ် ၃ အစ်မတွေနှင့်လည်း သိပ်မနီးကပ်လှ။ အဘယ်ကြောင့် ဆိုသော် နံပတ်၂အစ်မ မခင်လှ ကလည်း ကျွန်တော် မသိတတ်ခင်မှာပင် အိမ်ထောင်ကျသည်။ သူကတော့ ရွာဆွေရွာမျိုးထဲက ဖြစ်သည်။ မောင်သိန်းမောင် တဲ့။ နံပတ်၃ အစ်မ မခင်မြ ကတော့ ကျွန်တော် လူလားမြောက်ကာ အလယ်တန်းကျောင်းသား ဖြစ်မှ အိမ်ထောင်ကျသည်။ သူ့အိမ်သားက သူ့ထက် အသက်ကြီးသော ရွာဆွေရွာမျိုး ကိုဝင်းမောင်တဲ့။
ကျွန်တော့အထက် နံပတ် ၄ အစ်မ မခင်ဝင်း (ခင်ဝင်းနွယ်) နှင့်ပင် ကျွန်တော်က အသက် ၉နှစ်ကွာလေတော့ အစ်မကြီးများနှင့်က ၁၅နှစ်နှင့် နှစ်၂၀ကျော်တွေကွာတော့ အဒေါ်တွေလို ဖြစ်နေတာပေါ့။ ထို့ကြောင့် အပျိုအဖြစ် ကျန်ရစ်သော အစ်မ မခင်ဝင်းနှင့်သာ အသက်၉နှစ်ကွာသော်လည်း အတော်ကြာကြာထိ မောင်နှမပီသစွာ တည့်လိုက် ရန်ဖြစ်လိုက် ပေါင်းခဲ့ရသည်။
နွားမအိုနောက်သား
——————-
အမေက အစ်မကြီးကို စစ်ကြီးမဖြစ်ခင် ၅နှစ်လောက်က ရွာပြန်မွေးဖွားခဲ့သော်လည်း နောက်၆နှစ်အကြာ ဒုတိယ အစ်မ မခင်လှကိုတော့ မန္တလေး အိမ်မှာပဲ မွေးဖွားသတဲ့။ တစ်ခါ တတိယအစ်မ မခင်မြကိုတော့ သူကိုယ်ဝန်အရင့်အမာအချိန် ခေတ်ကာလအခြေအနေအရ မန္တလေးမှာ မလုံခြုံလို့ ရွာ ပြန်မွေးရပြန်သည်။ နောက်ပိုင်း အစ်မခင်ဝင်းနှင့် ကျွန်တော့်ကိုတော့ မန္တလေးက စိုင်ပျိုရိပ်သာဝင်းအတွင်း အိမ်မှာပဲ မွေးဖွားခဲ့သတဲ့။ အမေ ကမခင်ဝင်း မွေးပြီး နောက်ထပ် ကလေးမရနိုင်တော့ဟု ထင်နေသည်။
အသက်၄၅နှစ်ကျော်မှာ သွေးဆုံးသလိုမို့ သေချာပြီပေါ့ ကလေးမရတော့။ အသက်၄၅ကျော်ဆိုတော့ လွှားလွှားလွှားလွှားနှင့် သွားလို့ လာလို့ ရောင်းလို့ ချလို့ကောင်းတုန်းပေါ့။ ဆီအချိန်၁၀ပိဿာလောက်ကို ခေါင်းပေါ် ရွက်ကာ ဗောဓိကုန်းတခို စာတိုက်တန်း မလွန်နီပါးတန်း ဘီလူးမညောင်ပင် ပဲဝင်းတခို မနက်ဈေး ညနေဈေး ပြောလွှားရောင်းဝယ်ရင်း စားကောင်းသောက်ကောင်းနှင့် လူက အဲ့ဒီမှာ စပြီး ဝလာသတဲ့။
ဒီလိုနဲ့ တစ်နေ့တော့ အမေ့ဆီဖောက်သည်ဖြစ်သော ဦးတာရဲဈေး အရှေ့ထိပ်က အစိုးရ သားဖွား ဆရာမကြီးက “မချောရင် ရှင့် ဝပုံက မသင်္ကာဘူး၊ လာ လာ အိမ်ပေါ်လိုက်ခဲ့ ကျွန်မစမ်းသပ်ကြည့်ဦးမယ်” ဟုဆိုကာ စမ်းသပ်လိုက်တော့ ဆရာမကြီး မျက်လုံးပြူးကာ “ ဟော်တော် အံ့သြပါရဲ့ ရှင့် ကိုယ်ရှင် မသိဘူးလား ကိုယ်ဝန်ရှိနေတာ အတော် ရင့်နေပြီ။ ဈေးရောင်းမထွက်နဲ့တော့” ဟု ပြေမှ အမေက ခေါင်းနပန်းကြီးပြီး သိရသည်။ “ငါ့မှာ သားမက်တွေရှေ့ ရှက်လိုက်တာ ဒီအရွယ်ကြီးမှ ကိုယ်ဝန်ရှိရတယ်လို့၊ ဆရာမကြီးပြောလို့သာ ယုံရတာ” ဟု အမြဲပြောသည်။ “ လူက နေကောင်း နေတာပဲ ဈေးရောင်းတော့ မရပ်ဘူး ဆိုပြီး ဆက်ရောင်းတာ၊ တစ်ရက်တော့ ဆရာမကြီးအိမ်ဝင်ပြီး ဆီဗျပ်ချပြီး ဆီချင်တုန်း ဆရာမကြီးက အခြေအနေကြည့်ပြီး မြန်မြန်ပြန်တော့ ဒီနေ့ပဲ မွေးလိမ့်မယ် ပြန်တော့ ဆိုလို့ ပြန်တာ အိမ်ရောက်လို့ ခဏနေမှ ဗိုက်နာတာ ဒါနဲ့ နင့်အဘက ဒေါ်ဘီ့ကို သွားခေါ်ပြီး အိမ်မှာတင် မွေးလိုက်တာ..။” ဟု ကျွန်တော့် လူ့ဘ၀ ရောက်လာပုံကို ပြောပြသည်။
ဒေါ်ဘီဆိုတာက အရပ်ထဲက သားဖွား လက်သည်ဖြစ်သည်။ သူက အိမ်တော်ရာတံတိုင်းဘေး ဒက္ခိဏဝန် ကျောင်းတိုက် အနောက်ပေါက်မှာနေသည်။ ပြီးတော့ အမေက ဆက်ပြောသေးသည် နွားမအို နောက်သားလေ..၊ မွေးကတည်းက ချုချာလိုက်တာ.. တဲ့။ လူ့ပြည် မရောက်ချင် ရောက်ချင်နှင့် ရောက်လာပုံကလေ။
ချူချူချာချာ ငယ်စဉ်ခါ
————————-
ကျွန်တော်မွေးကတည်းက ချူချာသည်ဆိုတာ သိတတ်သည့်အရွယ်တွင် ရွယ်တူကလေးတွေနှင့် ယှဉ်လိုက်လျှင်ပင် မိမိမှာ လူကောင်သေးပြီး ကျုံလှီနေတာ သိသာသည်။ အမေကပြောသည် “ မွေးကတည်းက ဆေးနဲ့ကို မပြတ်ပါဘူး ၊ မမချစ်ဆေးက လက်စွဲ၊ သူငယ်နာဆေးရော အုပ်ဆေးရော အကုန် အနားထားရတာ၊ အသက်မှ ရှင်ပါ့မလား အောက်မေ့ရတာ” ဟု ပြောလေ့ရှိသည်။ ကံကောင်းတာ တစ်ခုကတော့ ဝင်းထဲက ကိုယ့်ဆွေမျိုးသားချင်းထဲမှာ ကျွန်တော်နှင့် ရွယ်တူ ကလေးမရှိသောကြောင့် ဝမ်းကွဲ အစ်မတွေ အစ်ကိုတွေ အဒေါ် ဦးလေးတွေက လက်ပြောင်းကာ ချီပိုး အလိုလိုက်ကြ၏။ “အမလေးတော်..၊ ကိုယ်တောင် မချီရပါဘူး၊ ဟိုလူကခေါ်သွား၊ ဒီလူကခေါ်သွားနဲ့ အိမ်ကပ်တယ် မရှိပါဘူး” ဟု အမေက ပြောလေ့ရှိသည်။ ဒီလို လက်ပြောင်းတာများတော့ တစ်ရက်တင် အစ်ကိုဝမ်းကွဲတစ်ယောက် လက်က အစ်မဝမ်းကွဲတစ်ယောက် လက်အကူး လွတ်ကျသတဲ့၊ အကျမှာ စာပွဲစွန်းနဲ့ ခိုက်မိလို့ နဖူးမှာ အမာရွတ် ထင်နေတာ ကြီးသည်အထိ မပျောက်ဘဲ မှတ်ပုံတင်လုပ်တော့ ထင်ရှားသည့် အမှတ်အသား နဖူးတွင် အနာရွတ်ရှိ ဟု ပါရှိခဲ့သည်။ ဒါကိုလည်း အမေက ပြောမဆုံး။
ငယ်စဉ်က ချူချာခဲ့ခြင်းမှာ ကလေးပီပီ မြေကြီးပေါ် ပြေးလွှားဆော့ကစားရမယ့်အချိန်တွင် လူကြီးတွေလက်ပေါ်ပဲ လှုပ်ရှားမှု နည်းစွာ ကြီးပြင်းခဲ့ရလို့လည်းပါမှာပေါ့။ နောက်တစ်ခုရှိသေးသည်။ ကျွန်တောငယ်စဉ်က အစားအသောက် အတော်ဇီဇာ ကြောင်သည်။ သားကြီးငါးကြီးမစား။ အမဲသား ဆိတ်သား ဝက်သားမစား၊ ငါးတောင်မှ ငါးကလေးကို ကြော်တာပဲစားသည်။ ဒါကြောင့် ထမင်းစားလျှင် အသားရယ် ငါးရယ်နှင့် အနှစ် တွေလူးကာနယ်ကာ စားလေ့မရှိ။ ထမင်းလေး ဆီဆမ်းဆားဖြူးကာ ဘဲဥကြော် ဘဲဥပြုတ်က ကျွန်တော့် ပင်တိုင်ဟင်းဖြစ်သည်။
နည်းနည်း ကြီးလာတော့ ဝက်သားမစားပေမယ့် ဝက်အူချောင်းကျ နှစ်နှစ်သက်သက် စားသည်။ အမဲသား မစားပေမယ့် အမဲခြောက်ကို ဖုတ်ပြီး အမျှင်နွာကာ ဆီဆမ်းတာ စားသည်။ ဆိတ်သားကိုတော့ အဘက စင်းကောကာ ဆိတ်သားလုံးချက်အနေနှင့် ကျကျနနချက်လျှင် စားသည်။ အဘက ဆိတ်သားကို အသားချည်းရအောင် သန့်စင်ပြီး ဆန်ဆေးရေဖြင့် အကျိအချွဲကုန်အောင်ဆေးသည်။ ပြီးတော့ သံပုရာသီး ဆားနနွင်းနယ်ပြီး စင်းကောစင်းသည်။ စင်းပြီးတော့ ချင်းကြက်သွန်ဖြူနှင့် ငရုပ်ဆုံမှာ အစေးပေါက်အောင် ထောင်းပြီးမှ လုံးကာ မဆလာ သစ်ကြမ်းပိုးခေါက် ကရဝေးရွက် စသည့် ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆီပြန်ချက်သည်။ ဒါဆိုလျှင် ဆိတ်သားကိုစားသည်။ ကြက်သားမှာလည်း ဘာထူးမှာလဲ။ အချက်ထက် အကြော်ကိုပဲ စားသည်။ ဒီနေရာတွင် အဘက ဟင်းကို ဘယ်လို ချက်တာဟု ကျွန်တော်ကပြောတော့ အိမ်ဦးနတ်က မီးဖိုချောင် ဝင်ရတာလားဟု မေးစရာရှိပါ၏။
မီးဖိုချောင်က အိမ်ဦးနတ်များ
—————————–
ကျွန်တော်တို့ နေထိုင်သော ဝင်းထဲမှာ အစွယ်အပွားနေထိုင်သည့်အိမ်က ၈အိမ်ရှိပါသည်။ ကျွန်တော့အဘ ကိုပေါလူနှင့် မချောရင် အိမ်၊ နောက် မြောက်ဘက်ကပ်ရက်က အမေ့တူဝမ်းကွဲ မောင်စိန်လှိုင် မောင်ထွန်းရွှေ ညီအစ်ကိုအိမ်၊ သည့်မြောက်ဘက်မှာ ဦးဖိုးထိုက် ဒေါ်ဝင်းကြီးနှင့် သား မောင်ညို (ဒေါက်တာ မင်းလွင်ဦး) သားအမိအိမ်၊ နောက် မြောက်ဘက် အစွန်ဆုံးမှာ ကိုအောင်သိန်း မသောင်းမေ အိမ်၊ နောက် မြောက်ဘက်တန်းက အနောက်စွန်းမှာ ကိုဘထွန်း မသောင်းမြိုင် အိမ်၊ နောက် အရှေ့ဘက်က ကိုပု မအောင်မေ အိမ်၊ အဲ့ဒီ အရှေ့ဘက်က ကိုချို မအုန်းရင် အိမ်၊ ဟို အရှေ့စွန်းဆုံး မှာ မောင်ကျော် မလှသန်းအိမ်ရှိသည်။ ကျွန်တော် မှတ်မိသည့် အရွယ်မှာ အမေ့တူ မောင်စိန်လှိုင်က ရွာဆွေရွာမျိုး မခင်ထွေးနှင့် အိမ်ထောင်ပြုသည်။ မသောင်းမေ အိမ်သား ကိုအောင်သိန်းက ဆုံးသည်။ ဦးဖိုးထိုက်လည်း မရှိတော့။
ဝင်း၏ အနောက်ဘက်မှာက ကိုကောင်းရင် မသိန်း အိမ်နှင့် ကိုစာဗျော မဒေါင်းအိမ်ရှိသည်။ ဝင်းပြင်ဘက် အိမ်ပိုင်ရာပိုင်နှင့် နေသော်လည်း တစ်ရွာတည်းသားတွေမို့ ဆိုးတိုင်ပင် ကောင်းတိုင်ပင်များ ဖြစ်သည်။ ဒီ ၁၀ အိမ်မိသားစုမှာ အိမ်ထောင်ဦးစီး ယောက်ျားသားများက မီးဖိုချောင်ကို ဦးစီး ချက်ပြုတ်ကြတာက ၉၅ ရာခိုင်နှုန်းဟု ပြောရမည်။ မောင်ပေါလူ၊ မောင်ဘထွန်း၊ မောင်ကောင်းရင် နှင့် မောင်စာဗျောတို့က မနက်လင်းတာနှင့် ဈေးခြင်းတောင်း ကိုယ်စီဆွဲကာ တစ်ယောက်နှင့် တစ်ယောက် မောင်ပေါလူရေ မောင်ဘထွန်းရေ မောင်ကောင်းရင်ရေ မောင်စာဗျောရေဟု အသံပေးကာ ဈေးသို့ အတူသွားကြသည်။ ဈေးကဝယ်ခြမ်းလာပြီး မီးဖိုချောင်မှာ ချက်ကြပြုတ်ကြသည်။ သူတို့ အိမ်ရှင်မများ မီးဖိုနား ကပ်စရာမလို။ ဆုံးသွားသည့် ဦးဖိုးထိုက်နှင့် မောင်အောင်သိန်းတို့ကလည်း သူတို့ပဲ မီးဖိုချောင်ဝင်ကြတာတဲ့။
စိစစ်ချွေတာကြပုံ
——————
ချက်လိုက်ပြုတ်လိုက်ကြတာများ ဖွယ်ဖွယ်ရာရာ၊ စေ့စေ့စပ်စပ် စရိတ် ကျဉ်းကျဉ်းနှင့် ထမင်းမြိန်အောင် ချက်ကြသည်။ ပြောကြစို့ဆိုလျှင် ထို ၄ယောက်စလုံး လူ့ပြည်မှာ မရှိတော့သော်လည်း သူတို့ လှုပ်ရှားနိုင်သည်အထိ မီးဖိုချောင်က မထွက်ခဲ့ကြတာ သေချာသည်။ အဘဆိုလျှင် အသက်ဆုံးမည့်နေ့က ဈေးသွားဖို့ ပြင်ရင်းဆင်ရင်း လေဖြတ်ကာ ဆုံးပါးခဲ့ခြင်းဖြစ်သည်။ သူတို့ ၄ယောက်၏ ဟင်းတွေက တစ်မျိုးစီကောင်းမှာလည်း သေချာသည်။ ကျန်တဲ့ သူတော့မသိ။ အဘကတော့ မီးဖိုချောင်မှာ အတော်စိစစ်သည်။ အမေကတော့ အဘ အဖေ ဦးလူနီ လက်ကျ ရတာ ဦးလူနီကလည်း အတော်စိစစ် ချွေတာတာ ဟုပြောသည်။
မန္တလေးအိမ်မှာ ဦးလူနီ လာနေတော့ မီးဖိုချောင်ကို သူပဲဝင်သတဲ့။ မနက် ထမင်းအိုးတည်လို့ ဆန်ချင် ထည့်ပြီးရင် ထမင်းထဲက ဆန် လက်တစ်ဆုတ်ကို ပြန်နှုတ်ပြီး ကျပ်ခိုးစင်ပေါ်က တောင်းလေးထဲထည့်သတဲ့။ အဲလို လုပ်တာက နေ့တိုင်း မနက်တကြိမ် ညနေတကြိမ် ထမင်းအိုးတည်တိုင်းတဲ့။ ဒီလိုနဲ့ အိမ်မှာ ဆန်ကုန်ပြီ ချက်ချင်းဝယ်ဖို့ကလည်း ငွေရေးကြေးရေးကြောင့်ဖြစ်စေ အချိန်ကြောင့် ဖြစ်စေ ရာသီဥတုကြောင့် ဖြစ်စေ အဆင်မပြေရင် ကျပ်ခိုးစင်ပေါ်က တောင်းလေးချပြီး “ရော့..၊ ဒီမှာ ၄ပြီ ၅ပြီလောက်တော့ ရှိမှာ ဒါနဲ့ အရင်ချက်နှင့်..” ဆိုပြီး ချပေးသတဲ့။ နေ့တိုင်းတစ်နေ့ နို့ဆီဗူး ၄လုံးလောက် ချက်တဲ့အိုးထဲက ဆန်လက်တစ်ဆုတ်နှုတ်တာ မသိသာဘူး၊ ဒီလက်တစ်ဆုတ် ဆန်တွေ စုမိတော့ အရာမရောက်ဘူးလားလို့ ဦးလူနီက သင်ခဲ့တာ ဟု အမေကပြောသည်။ ငွေအကြွေတွေ စဉ့်အိုးထဲစုပြီး မြေမြှုတ်ထားကာ ရွာက တောင်ကျောင်းရေစက်ချပွဲတွင် သူ့မြေးဦး မခင်ရီ ယိမ်းထဲက ဖို့ မြေကြီးထဲက ဖော်ပေးခဲ့တာ၊ သူ့မြေး မခင်ရီကလည်း သူ့အဖိုးလို အစုအဆောင်းတတ်ပုံတွေ အမေ က အမြဲပြောသည်။
အဘကတော့ ထမင်းအိုးတည်ပြီး အားလုံးစားပြီးချိန် ထမင်းပိုပြီဆိုလျှင် ထမင်းသန့်သန့်လေးကို လင်ပန်း သန့်သန့်ထဲထည့်၍ ထမင်းခြောက်လှန်းသည်။ ရလာသော ထမင်းခြောက် ဖွေးဖွေးလေးတွေကို နို့မှုန့်ဗူးကြီး ထဲမှာ ထည့်သည်။ စုမိပြီဆိုလျှင် ထမင်းအိုးတည်၍ ပွက်သောအခါ ထမင်းခြောက် လက်တစ်ဆုတ်ကို ထမင်းအိုးထဲ ထည့်လိုက်သည်။ “ ထမင်းခြောက် လက်တစ်ဆုတ်ကို ထမင်းအိုးထဲ ပြန်ထည့်တာ ဘယ်သူမှ မသိကြဘူး မှုတ်လား၊ ထမင်းကြမ်းတွေ မလေတော့ဘူး” ဟု အဘက ပြောသည်။
အဘနှင့် အမေ့လက်ရာ
———————–
အိမ်မှာ အမေက ထမင်းဟင်း မချက်ဘူးလားဆိုတော့ ချက်ပါသည်။ အဘ မအားမှပဲ ချက်တာပေါ့။ အမေကတော့ အဘလို စိတ်ရှည် လက်ရှည် ဖွယ်ဖွယ်ရာရာ မချက်။ ဈေးရောင်းထွက်ရတော့ အချိန်တိုအတွင်း ကျက်လွယ်တာတွေ ချက်တတ်သည်။ ဥပမာ ဘဲဥကို မန်ကျည်းမှည့်နှင့် ချက်တာမျိုး၊ ခရမ်းချဉ်သီးနှငိ့ ပုစွန်ခြောက် ငပိချက်မျိုးပေါ့။ အထူးသဖြင့် ကျွန်တော်က ဟင်းချေးများတော့ အိမ်မှာ မကြိုက်သည့် ဟင်းချက်လျှင် ထမင်းမစားဘဲ စိတ်ကောက် တတ်သည်။ ဒီအခါ အမေက ဈေးရောင်းအပြန် ဆီဗျပ်ခေါင်းပေါ်ချအပြီး ချွေးမသုတ်အားဘဲ ကျွန်တော့် အတွက် ငပိချက်လေး အမြန်ခက်ပေးကာ ဘဲဥကို ကြက်သွန်နီလေးနှင့် အမြန်ကြော်ပေးသည်။ ထိုဟင်းကို ကျွန်တော်ကြိုက်မှန်း အမေသိသည်။ အခုထိ အမေ့ငပိချက်နှင့် ဘဲဥကြော်ကို တမ်းတဆဲဖြစ်ပါ၏။ အိပ်မက်ထဲအထိ ဟင်းမကြိုက်လို့ အမေနှင့် အဘကို စိတ်ကောက်ဆဲ ဖြစ်ပါ၏။
အမေချက်တတ်သည့်အထဲက နှစ်သက်သော ဟင်းများမှာ ဘုတလင် ခရမ်းသီးခြောက်ချက်၊ ခွေးတောက်ရွက် ချက်၊ ပဲကြီးဟင်း၊ မန်ကျည်းရွက်စပ်ချည်၊ ဇောင်ချမ်းချဉ်ကြော်တို့ ဖြစ်သည်။ သတိရလို့ တစ်ခုပြောပါဦးမည်။ အိမ်မှာ ရွာက လူကြုံနှင့် ပေးတတ်သော ပဲကြားအခြမ်းကွဲတွေ အမြဲရှိသည်။ ပဲကြားအခြမ်းကွဲ မရှိလည်း ပဲကြားစေ့ကို ကျောက်ပြင်တွင် ကျောက်လုံးနှင့် လှိမ့်ပြီး အခြမ်းခွဲကာ ပဲထမင်းလည်း ချက်လေ့ရှိသည်။ ပဲထမင်းပူပူလေးကို ပဲဆီလေးဆမ်း ဆားလေးဖြူးကာ အမဲခြောက်ဖုတ်၊ ခွေးတောက်ရွက်ဟင်း၊ ငရုတ်သီးအကြမ်းထောင်းလေးနှင့်လည်း စားမြိန်လှသည်။
ဝင်းထဲမှာ နောက်ထပ် ဟင်းချက်ကောင်းသူက မသောင်းမေဖြစ်သည်။ သူ့အိမ်သား ကိုအောင်သိန်းဆုံးတာ ကျွန်တော် မှတ်မိသလိုလိုတော့ရှိသည်။ ကျွန်တော် ၃နှစ်သားလောက်က ဖြစ်မှာပေါ့။ ဦးအောင်သိန်းလို့ပဲ ကျွန်တော် မှတ်မိသည်။ အိမ်က ဘုရားကြီးသွားရင်း ကျွန်တော်ပူဆာလို့ စက္ကူနွားရုပ်ကြီး ဝယ်ပေးသည်။ အိမ်ရောက်တော့ ရှေ့က ခုတင်ပေါ်မှာ နွားရုပ်ကြီးပေါ် တက်စီးဆော့နေစဉ် ဦးအောင်သိန်းရောက်လာပြီး “ ဟာ… ခွေးရုပ်ကြီးဟ၊ ခွေးရုပ်ကြီးဟ” လို့ စတော့ “မဟုတ်ဘူးနွားရုပ် နွားရုပ်..” ဟု ကျွန်တော်က ပြန်အော်၊ ဦးအောင်သိန်းက “ မဟုတ်ပါဘူးကွာ မင်းဟာ ခွေးရုပ်ကြီး” ဟု စပြောင်တော့ ကျွန်တော်က ငိုသည်။ အမေက “မောင်အောင်သိန်းရယ် ကလေးကို မစပါနဲ့တော့၊ ငိုရတာ မောလှပါပြီ” လို့ တောင်းပန်ရသတဲ့။ ဒါလည်း ခပ်ရေးရေးမှတ်မိသည်။
ဦးအောင်သိန်းမရှိသည့်နောက် ကျောင်းမနေခင် ကလေးဘ၀ ကျွန်တော် အနေအများဆုံးမှာ သူတို့အိမ် ဖြစ်သည်။ ဦးအောင်သိန်း ဒေါ်သောင်းမေတို့၏ သားသမီး ၃ယောက်တွင် အစ်မအကြီးဆုံး မမြသွင်၊ အလတ် မလှလွင် နှင့် အငယ်ဆုံး သား ကိုလှထွေးတို့က (ထိုစဉ်က မလှလွင် အိမ်ထောင်မကျခင်အထိ) အပျိုကြီး လူပျိုကြီးတွေဖြစ်သည်။ ထို့ကြောင့် သူတို့က ကျွန်တော့်ကို အိမ်က အဘတို့ အမေတို့ ဈေးသွားချိန် သူတို့အိမ်မှာ ခေါ်၍ထိန်းသည်။ တစ်ခုလည်းရှိမှာပေါ့ ဒေါ်သောင်းမေက ကျောင်းဈေးရောင်းတော့ စားစရာ ဈေးဘန်း အဆင်သင့်ရှိနေလို့ ကျွန်တော်ကိုယ်နှိုက်က သူတို့အိမ်ကို ဓာတ်ကျနေတာလည်း ဖြစ်မှာပေါ့။ ပြီးတော့ ဒေါ်သောင်းမေ က ဟင်းချက်ကောင်းလှ၏။ သူချက်ပုံက စိမ်ပြေနပြေ ဖွယ်ဖွယ်ရာရာ ဖြစ်ကာ မီးဖိုပေါ်မှာကတည်းက ဟင်းရနံ့က မွှေးပျံ့နေသည်။
သမီးများဖြစ်သော မမြသွင်နှင့် မလှလွင်က စက်ပန်းထိုးကြသည်။ သူတို့ဆရာတွေက ဈေးချိုအနီး တိုက်တန်းဝင်းက မမသိန်းတို့ မမလှတို့ ဆိုတာ မှတ်မိနေသည်။ ကိုလှထွေးကိုတော့ အားလုံးက ကိုဒွေး၊ မောင်ဒွေး ဟုပဲ ခေါ်ကြသည်။ သူကလည်း ၂၆ဘီလမ်း ယခု ဘဏ်၁နှင့် မျက်နှာချင်းဆိုင် ၈၂လမ်းနှင့် ဘီလမ်းထောင့်က စက်ချုပ်ဆိုင်မှာ စက်ချုပ်သည်။ (နောက်တော့ အိမ်မှာပဲ ချုပ်ထည်တွေ လက်ခံချုပ်သည်) ။ သည်တော့ သူတို့ အိမ်မှာက စက်ခုံ ၃ခုံနှင့် သီချင်းတကြော်ကြော်၊ စကားအစုံ စားစရာ အဖွယ်ဖွယ်နှင့်မို့ ကျွန်တော်ကြီးသည့်အထိ ကိုဒွေး စက်ခုံဘေးက သူ့အိပ်ရာမှာပဲ ရောက်နေတတ်သည်။
နောက် ကျွန်တော် ဓာက်ကျသည့် တစ်နေရာက ကိုဒွေးတို့ မြောက်ဘက်က ဦးကြီးဘထွန်းအိမ် ဖြစ်သည်။ ဦးကြီးဘထွန်းနှင့် ဒေါ်ဒေါ်သောင်းမြိုင်မှာ သမီးကြီး မမသန်းလှနှင့် မောင် ကိုမန်းမောင် ဟူသော မောင်နှမ ၂ယောက်ရှိသည်။ ဦးကြီးဦးဘထွန်းက တောသားနှင့်မတူအောင် အသားအရေ အရပ်အမောင်း ကောင်းသည်။ မုတ်ဆိတ် ပါးသိုင်းမွှေးတွေနှင့်ဆိုလျှင် အင်္ဂလိပ်ကောင်းဘွိုင်မင်းသားကြီးနှင့် တူသည်။ ညနေဆိုလျှင် ဦးကြီးက ရီဝေေ၀နှင့် ဘိုဆန်နေတတ်သည်။ သမီးကြီး မမသန်းလှက အိမ်ထောင်မကျသေးချိန် သူတို့ကလည်း အပျိုကြီး လူပျိုကြီးတွေ ဖြစ်သည်။
မမသန်းလှက အမျိုးသမီးကျောင်း (အခု အ.ထ.က ၄) မှာ ကျောင်းတက်သည်။ ၉တန်းအရောက် ကျောင်းထွက်ပြီး စက်ပန်းထိုးသည်။ နောက်တော့ ဈေးချုပ်ဘော်လီတွေ ချုပ်သည်။ ကိုမန်းမောင်က ပထဝီဘာသာရပ်နှင့် ဘွဲ့ရသည်။ သူက ကျောင်းသား ဘဝကတည်းက စီးပွားရေး ဝါသနာပါလို့ ဈေးချိုက မိတ်ဆွေများနှင့် ရင်းနှီးကျွမ်းဝင်ကာ အရောင်းအဝယ်တွေ လုပ်သည်။ နောက်တော့ ကျိုင်းတုံ တာချီလိတ်အထိ ပေါက်ရောက်ကာ ကုန်သည်လူပျိုကြီးအဖြစ် အသက်ဆုံးသည်အထိ စီးပွားဖြစ်ထွန်းခဲ့သည်။ မမသန်းလှက ငယ်စဉ်ကတည်းက ရုပ်ရည် အရပ်အမောင်း အသားအရေကအစ အတော်လှသည်။ ဆံပင်ကလည်း ကောင်းလိုက်တာက တခေါက်ကွေးအထိ နက်မှောင်ကြော့ရှင်း..။
သူကလည်း အပျိုကြီးအဖြစ် အရွယ်အတော်ကြာ အရိုးထုတ်ပြီးမှ အိမ်ထောင်ပြုသည်။ ဆောက်လုပ်ရေးနှင့် အိုးအိမ်ဦးစီးဌာနက အရာရှိ ကိုမြအောင်နှင့် ဖြစ်သည်။ ကိုမြအောင်က သဘောကောင်း မနောကောင်း၊ အခုတော့ သူတို့က ပါရဂူဘွဲ့ရ သားသမီးလိမ္မာ ၂ယောက်နှင့် ပဲဝင်းရပ်မှာ နေထိုင်ကြသည်။
ရသေ့ကျောင်း ၂ခုံ စာပွဲ၁လုံး နှင့် ခုတင် ၁ချပ်
———————————————
ကျွန်တော်တို့ အိမ်နှင့် မြောက်ဘက် ကပ်ရက် အမေ့တူ၊ ကျွန်တော်တို့နှင့် အစ်ကိုဝမ်းကွဲများ ဖြစ်သော ကိုစိန်လှိုင်နှင့် ကိုထွန်းရွှေတို့ ညီအစ်ကိုကတော့ ငယ်စဉ်ကတည်းက သူတို့အမေ ဒေါ်လုံးတင်က နို့မထွက်လို့ အမေက နို့တိုက်ခဲ့ရ သောကြောင့် သားအရင်းများလို ဖြစ်နေသည်။ သည်တော့ ကျွန်တော်တို့ မောင်နှမများကလည်း အစ်ကိုအရင်း တွေလို သဘောထားကာ ကိုကိုစိန်လှိုင် ကိုကိုထွန်းရွှေ ဟုပဲ ခေါ်ကြသည်။ သူတို့ ညီအစ်ကို ၂ယောက်က ကိုစိန်လှိုင် အိမ်ထောင်မပြုခင်အထိ အိမ်မှာပဲ ခြေနင်းချုပ်ကြသည်။ ခြနင်းဆိုသည်မှာ ရှူးဖိနပ်ကိုခေါ်ပါ၏။ ၂၆ဘီလမ်းပေါ်က ဘဏ် ၁ နှင့် မျက်နှာချင်းဆိုင်မှာ ရှပ်ရှင်းအမည်နှင့် တရုတ်ခြေနင်းဆိုင်ရှိသည်။ ထိုဆိုင်မှာ ခြေနင်းချုပ်ပညာသင်ကာ ထိုဆိုင်က ခြေနင်းဖိနပ်တွေကို ယူချုပ်တာ ကျွန်တော်တို့ အမျိုးများတွင် အများအပြားရှိသည်။ ကိုကိုစိန်လှိုင်တို့ညီအစ်ကို၊ အရှေ့ရေတွင်း နားက ကိုချို( ဦးကြီးချို)၊ ကိုကျော်(ဦးကျော်)၊ အနောက်ဝင်းကြားက ကိုစာဗျော(ဦးကြီးစာဗျော)၊ အနောက်ဝင်းထဲက ဒေါ်သောင်းရွှေ သား ကိုဌေးအောင်၊ ဒေါ်ကျော့မေသား ကိုထွန်းကြွယ်၊ ကျွန်တော့် ဒုတိယ အစ်မ မခင်လှ ခင်ပွန်း ကိုသိန်းမောင်တို့ ဖြစ်သည်။ ထို့ပြင် အရှေ့ မင်္ဂလာဈေးအနီးက သဖန်းရွာသားများ နေထိုင်ကြသည့် ဆီဝင်းရပ်က လူငယ်အချို့ကလည်း ရှပ်ရှင်းမှာ ခြေနင်းချုပ်ကြသည်။
ဝင်းထဲက ကိုကိုစိန်လှိုင်တို့ အိမ်ရှေ့ မြေက်ဘက်က ခန်းလုံးပြည့် ခုတင်ကြီးက သူတို့ အလုပ်ခန်း ဖြစ်သည်။ အဲ့ဒီခုတင်ကြီးပေါ်မှာ မနက်လင်းတာနှင့် သူတို့ညီအစ်ကို သာမက ကိုဌေးအောင်တို့ ကိုကျော်တို့ ကိုသိန်းမောင် တို့ပါ ရောက်လာကာ ခြေနင်းချုပ်ကြသည်။ ခုတင်အောက်နှင့် ခုတင်ဘေးမှာက ခြေနင်းပုံစံမျိုးစုံ နံပါတ်မျိုးစုံ အသားပုံတွေကို ကြိုးနှင့် တွဲ သီထားသည်။ ထိုအသားပုံ၏ အောက်ခံတွင် သားရေထူတစ်ချပ်ကို ပုံလှီးကာ ကပ်ပြီး သံနှင့် တွဲထားရသည်။ ထို့နောက် အသင့်ချုပ်ပြီး အပေါ်ဖုံးများကို အသားပုံတွင်စွပ်ကာ ညှပ်တူကလေးနှင့် အောက်ခံသားရေပေါ် သံမှိုတွေနှင့် ရိုက်ရသည်။ ပြီးတော့ သားရေပြန်ကပ် ကြိုူးချုပ် ပုံလှီး ခွာရိုက်နှင့် သူ့အဆင့် အတိုင်း ချုပ်လုပ်ကြရသည်။
ခုတင်ပေါ်မှာ ညှပ်တူ၊ ရိုးရိုးတူ၊ မြိနေအောင် သွေးထားသည့် သားရေလှီးဓား အရွယ်စုံ ကြိုးထိုးစူး အမျိုးမျိုး ကပ်ကြေးအရွယ်စုံ သားရေချပ်များ သားရေစများ ကရစ်ရာဘာကော်ဗူး ချုပ်ကြိုးခင်များ သားရေလှီးရန် မန်ကျည်းတုံး သံခုံ သံမှို အမျိုးမျိုး စသည်ဖြင့် ပစ္စည်းတွေက အစုံ။ ထို့ကြောင့် သည်ခုတင်ပေါ်တော့ ကျွန်တော်တို့ ကလေးအရွယ် တက်လို့မရ။ သို့သော် အလုပ်ခုတင်၏ တောင်ဘက်မှာ ခန်းလုံးပြည့် မျက်နှာချင်းဆိုင် ရသေ့ကျောင်း ခုံရှည်၂လုံးနှင့် အလယ်မှာ စာပွဲ၁လုံးရှိသည်။ ထို ရသေ့ကျောင်းခုံပေါ်မှာ ကျွန်တော်က ဖိနပ်ချုပ်သည့် ဂျပ်စက္ကူတွေယူကာ ပုံတွေဆွဲ ကော်တွေကပ်နှင့် ဆော့သည်။ ထိုရသေ့ကျောင်းခုံနှင့် စာပွဲက နောက်တော့ ဘွဲ့ရသည်အထိ ကျွန်တော့ စာကျက်ခုံလည်း ဖြစ်ခဲ့ပါ၏။ ကိုချို(ဦးကြီးချို) နှင့် ဦးကြီးစာဗျောတို့ကတော့ သူတို့အိမ်မှာပဲ ခြေနင်းချုပ်ကြသည်။
ဗဟုသုတ ဟင်းလေးအိုး ခုတင်ကြီး
———————————
ကိုကိုစိန်လှိုင်တို့ ခြေနင်းချုပ် ခုတင်ကြီးကတော့ ဗဟုသုတ ဟင်းလေးအိုးကြီးဖြစ်ပါ၏။ ထိုခုတင်ကြီးအပေါ် တတောက်တောက်နှင့် အလုပ်လုပ်ကြရင်း အငြိမ့်တွေ အကြောင်း ဇာတ်တွေအကြောင်း ပြောကြသည်။ ကာလသားများမို့ အငြိမ့်မင်းသမီး ဂျော်လီသန်းနှင့်ချယ်ရီစိန် အကြောင်း ဝင်းလိုက်ရုံမှာပြနေသည့် အင်္ဂလိပ်ရုပ်ရှင်ကားထဲက ဆိုဖီရာလောရင့် အကြောင်း၊ မစိုးရိမ်ရုံ အိန္ဒိယကားထဲက ရှမီလာတဂိုးအကြောင်း၊ မြမန်း လိမ္မော်တို့၏ ပြက်လုံးအကြောင်း၊ ဗထူးကွင်းက နန်းတွင်းလူငယ်နှင့် စာတိုက်ကြေးနန်းအသင်း ဗိုလ်လုပွဲအကြောင်း၊ ရှေ့တော်ပြေးဝင်း ဓမ္မာရုံ ဘုရားပွဲအကြောင်း၊ ဇာတ်မင်းသား မွန်ကျော်အောင်အကြောင်း ရောက်တတ်ရာရာပြောကြသည်။
ကျောင်းပိတ်ရက် စနေတနင်္ဂနွေဆိုလျှင် မြောက်ဘက် ဒေါ်လှဝင်းကြီးသား ဆေးကျောင်းသား ကိုညို (ဒေါက်တာမင်းလွင်ဦး) လည်း ရောက်လာပြီး ဆေးကျောင်း ဆေးရုံ ဆရာဝန် သူနာပြုဟာသများကို ပြောပြရင်း တဝါးဝါးနှင့် ပွဲကျ နေကြရသည်။ ကိုညိုက အပြောကောင်း၊ လေယူလေသိမ်း အမူအရာ စကားလုံး အဖြတ်အတောက် များနှင့် ဟာသ မြောက်အောင် အလွန်ပြောနိုင်၏။ သူတို့ ကာလသားဟာသများကို ကျွန်တော် ငယ်စဉ် ကတည်းက ကြားဖူးနေတော့ ထိုစဉ်က ကလေးပီပိ မကြားချင်ယောင် ဆောင်ရသည့် ဟာသများလည်း ရှိတာ သတိရမိသည်။ ထိုခုတင်သို့ နောက်တော့ ဦးလေးပိုက်မြေး ဝင်းပိုင်ရှင် ဦးလှသောင်သား ကိုကိုဦး(ကိုဇော်မျိုးဦး) လည်း ကျောင်းပိတ်ရက် ဆိုလျှင် သူ့တိုက်ဘက်က ကူးလာတတ်သည်။ ထို့ပြင် ထိုအလုပ်ခုတင်သို့ ရန်ကုန်က သဖန်းက မုံရွာက စသည်ဖြင့် မန္တလေးသို့ အလည်ရောက် လာသော သဖန်းသားတွေလည်း ရောက်လာတတ်သည်။ ဥပမာ – ရန်ကုန်က ဦးလေးဖိုးထွေး ကိုသန်းညွန့် ကိုဝင်းလှိုင်၊ မုံရွာက ကိြုမင့်ဆွေ (ဗိုလ်မှူးကြီးမြင့်ဆွေ – စာရေးဆရာ နီမင်းဆွေ)၊ သဖန်းက ကိုစံအောင် ကိုစံလင်း စသည်တို့ ဖြစ်သည်။
ကိုကိုစိန်လှိုင်တို့ အလုပ်ခုတင်က တူတွေ ဓားတွေ ကပ်ကြေးတွေ သံမှိုတွေ စိမ်းရွှေရွှေ ရာဘာကရစ် ကော်ရနံ့တွေ၊ ညှီစို့စို့ နွားသားရေအနံ့တွေ၊ တဝါးဝါးတဟားဟား ကာလသား ဟာသတွေနှင့် ပြီးသွားသလား။ ဒီလိုမဟုတ်ပါ။ ဒီနေရာကနေ ဂီတတွေ အနုပညာတွေ ပေါက်ဖွားရုံမက တောက်ကြွားခဲ့သည်ဟုဆိုရသော် လွန်အံ့မထင်။
ထူးဆန်းသော အသံ
——————
ကျွန်တော် ၄ နှစ်သားအရွယ်လောက် တစ်နံနက်တွင် ကိုကိုစိန်လှိုင့် အိမ်ဘက်က ထူးဆန်းသောအသံကို ကြားလိုက်ရသည်။ ခြေနင်းချုပ်ကြတဲ့ တူထုသံ သံမှိုရိုက်သံ အချင်းချင်း စကားပြောသံတွေ မဟုတ်။ ပတ္တလားသံ ဖြစ်သည်။ တေးသွားတစ်စကို ပတ္တလားဖြင့် တီးခေါက်ကာ ဘေးမှ တေးသီချင်းတစ်စကို သီဆိုနေသံဖြစ်သည်။
“ ဘုံဆောင်မြင့် စိန်ကြောင်ဖလ်ရှိန် ညီးလို့လင်းလင်း၊ ကြွားကြွားမိုးဖျား သီခေါင်လေ ဝေးရရှင်းရှင်း” တဲ့။ ကျွန်တော်က အသံကြားရသည့် ပြတင်းပေါက်ဘက် သွားကြည့်တော့ အဘက ပြတင်းပေါက်က လက်ထောက်ပြီး ကြည့်နေသည်။ ပြတင်းပေါက် တဖက် အိမ်ထဲမှာ ပတ္တလားကို ကိုကိုစိန်လှိုင်က တီးနေသည်။ ဘေးက ခုံမှာ ကျွန်တော်မမြင်ဖူးသော လူကြီးတစ်ယောက်က စည်းဝါးကိုင်ကာ သီချင်းဆိုနေသည်။ သီချင်းဆိုရင်း ကိုကိုစိန်လှိုင် တီးနေသည့် ပတ္တလား လက်ကွက်များကို ပြောပြနေသည်။ ပတ္တလားက ဝါးပတ္တလားဖြစ်ပြီး အတော်သစ်လွင်နေ
သေးသည်။
နောက်မှသိရတာက ကိုကိုစိန်လှိုင်က အဲ့ဒီပတ္တလားကို ဝယ်လိုက်တာတဲ့။ နဘေးက စည်းဝါးလိုက်ပြီး သီချင်းဆိုနေတာက မြောက်ပြင် ၁၄လမ်းဘက်က ဦးထွန်းအောင်တဲ့။ ဦးထွန်းအောင်ဆီမှာ ကိုကိုစိန်လှိုင်က ပတ္တလားတီးသင်နေတာ ကြာပြီဆိုလား။ အခု အိမ်မှာ ပတ္တလားဝယ်လိုက်တော့ ဥိးထွန်းအောင်က စက်ဘီးနှင့် ညနေတိုင်း အိမ်လာသင်ပေးမှာတဲ့။ ဦးထွန်းအောင်က ဂီတဆရာဖြစ်သည်။ မြောက်ပြင်မှာနေကာ အဘ ဆီဖောက်သည် ဖြစ်သည်။ နုယဉ်တီးဝိုင်း တည်ထောင်သူ ကိုဒေ၀ တို့ ကိုတင်လှ တို့ အိမ်တွေကလည်း အဘ ဆီဖောက်သည်တွေပဲတဲ့။
အဘ ဆီဖောက်သည်က ဦးထွန်းအောင်တို့ ကိုဒေဝတို့ ကိုတင်လှတို့လို ဂီတသမားတွေသာမဟုတ်။ မြို့တော်သိန်းအောင်တို့ ညီအစ်ကို အိမ်တွေကလည်း အဘ ဆီဖောက်သည်တွေဟု နောက်တော့သိရသည်။ ကျွန်တော်ငယ်ငယ်က အဘနှင့် မြောက်ပြင်ရှိ ဆီဖောက်သည်များ အိမ်သို့ လိုက်လည်ဖူးသည်။ မဏ္ဍပ်ဆရာအိမ်၊ ကိတ်မုန့်ဘေကာရီအိမ်၊ ဇာတ်ဆရာများအိမ်တို့ကို မှတ်မိနေသည်။ ထိုဇာတ်ဆရာအိမ်က မြို့တော်သိန်းအောင် အစ်ကို ဦးသန်းေ၀ အိမ်တဲ့။ အခု အကယ်ဒမီ ဒါရိုက်တာ ဆရာမောင်ယဉ်အောင်တို့ ဓားတောင်သံချောင်း (ဆရာ ခင်မောင်ညွန့်) တို့ ဖခင် အိမ်ပေါ့။
တူရိယာတီးမှုတ်မှု သင်ကြခြင်း
——————————-
အဘပြောပြမှ သိရတာက အိမ်က မမခင်လှ၏ ခင်ပွန်း ကိုသိန်းမောင်တို့၊ ကိုကျော်တို့၊ ကိုဌေးအောင်တို့က မြောက်ပြင် နုယဉ်တီးဝိုင်းက ဆရာကျော်ဆီမှာ လေမှုတ်တူရိယာ သင်နေကြတာတဲ့။ ကိုကိုစိန်လှိုင် နဲ့ အိမ်က နံပတ်၃အစ်မ မမခင်မြ၏ ခင်ပွန်းဖြစ်လာမည့် ကိုဝင်းမောင်တို့က ဦးထွန်းအောင်ဆီမှာ ပတ္တလားတီးနှင့် သီချင်းကြီး သင်နေကြတာတဲ့။ ဆရာကျော်၏ လေမှုတ်သင်တန်းသားတွေထဲက ကိုသိန်းမောင် တစ်ယောက်သာ ဇွဲနဘဲကြီးစွာ ကျန်ရစ်ပြီး နုယဉ်တီးဝိုင်းနှင့် တစ်လျှောက်လုံး ထရန်ပက်မှုတ်ခဲ့သည်။
နုယဉ်မရှိတော့ ယခင်နုယဉ်အသင်းသား ကိုသန်းမောင်နှင့် တွဲကာ ပန်တျာကျော်ဝင်း ဇာတ်အဖွဲ့ တီးဝိုင်းတွင် အချိန်အကြာကြီး ထရန်ပက်မှုတ်ခဲ့ရာ ကျန်းမာရေး မကောင်းမှ နားတော့သည်။ ကိုကျော်နှင့် ကိုဌေးအောင်က ကလယ်ရီနက်မှုတ်သင်ကြရာ မဖြစ်မြောက်ခဲ့။ နောင်တွင် ကိုဌေးအောင်က “ ငါတို့ကလည်း ကလယ်ရီနက်ကို ထူးမြတ်တဲ့ စံဌာနီ သီချင်းကကို မတက်တော့ဘူးဟ၊ ဒါနဲ့ ဒို့လည်း ဂီတလောကို စွန့်ခွာလိုက်ရတာ..” ဟု ရယ်စရာပြောသည်။
ကိုဌေးအောင် ဆိုတာက လူပျိုကြီး၊ နောက် အသက်၄၅ ကျော်မှ အိမ်ထောင်ပြုခဲ့သူဖြစ်သည်။ သူနေတာက စိုင်ပြွန်ရိပ်သာဝင်း အနောက်ဘက် မိကျောင်းတံတားနှင့်ကြားက ဝင်းမှာ။ သူ့အမေက ဒေါ်သောင်းရွှေတဲ့။ ဝင်းထဲက ဒေါ်သောင်းမေနှင့် ညီအစ်မ ဖြစ်သည်။ သူက တစ်ဦးတည်းသော သားမို့ မနက်လင်းတာနှင့် ဝင်းထဲက အဒေါ်အိမ် ညီအစ်ကိုမောင်နှမဝမ်းကွဲများအိမ်သို့ ရောက်လာပြီး မိုးစုပ်စုပ်ချုပ်မှ သူ့အိမ်ပြန်သည်။ ပျော်ပျော်နေတတ်သူမို့ ကျွန်တော်တို့ အစ်ကိုများမှသည် ကျွန်တော်တို့အရွယ်ရောက်သည်အထိ ပေါင်းသင်းခဲ့ အုပ်ထိန်းခဲ့သူ ဖြစ်သည်။
သူက ဆက်ပြောသေး၏။ “ ဂီတ မတတ်တော့ မျက်နှာ ငယ်လိုက်တာကွာ၊ တီးဝိုင်းရှိရင် ဒို့က ပစ္စည်းသယ် ပစ္စည်းချ ပစ္စည်းဆင် အဆင်သင့်ဖြစ်ချိန်ကျမှ ကိုယ့်ဆရာများက ရောက်လာကြတာ။ မင်းအစ်ကို ကိုစိန်လှိုင်ဆိုရင် ဒို့က ပတ္တလားကြီးထမ်း၊ ဖျာခင်း၊ နေရာချ၊ မိုက်ဆင်၊ မိုက်စမ်းပြီး အဆင်သင့်ဖြစ်မှ ဘန်ကောက်လုံချည်နဲ့ စပို့ရှပ်နဲ့ မျက်နှာမှာ မိုးပွင့်အဖွေးသား ခေါင်းကလည်း ဘယ်ရီကလိုင်း ဝင်းနေအောင်လိမ်းပြီး ပတ္တလားလက်ခတ်လေး ခါးကြားထိုး ရောက်လာတာ” ဟု ကိုကိုစိန်လှိုင်တို့ရှေ့မှာတင် အရွှန်းဖောက်တတ်သည်။
မသင်ဘဲတတ်သူ
——————-
ဒီလို ရွာဆွေ ရွာမျိုးတွေ ဂီတပညာ သင်ကြရာတွင် မသင်ဘဲ ကိုယ်တိုင်စူးစမ်း လေ့လာကာ အထိုက်အလျောက် တတ်နေသူလည်း ရှိပါ၏။ သူက ကိုညို (ဒေါက်တာမင်းလွင်ဦး) ဖြစ်သည်။ ကိုကိုစိန်လှိုင်၏ ပတ္တလားခုံမှာ ဝင်ထိုင်ပြီး အသံများစမ်းကြည့်ပြီးသည်နှင့် မကြာမီ သီချင်းတစ်ပုဒ်ကို ဖြောင့်အောင် တီးသွာနိုင်းသည်တဲ့။ ကိုကိုစိန်လှိုင်က ပြောပြဖူးတာက “ တစ်နှစ်တင် ဦးထွန်းအောင်တို့ အရပ်က မေနုယဉ် ရေသဘင်အသင်းကို သင်္ကြန်နားနီးမှ ကပ်ပြီး အသင်းလုပ်ရမယ်ဆိုတော့ နုယဉ်ကလူတွေလည်း အဝေးရောက်ကုန်လို့ ဒို့အဖွဲ့ တီးဝိုင်းတာဝန်ယူရတာ။ ကိုယ်ကလည်း တီးလုံးတိုက်မထား၊ ပွဲကြီးလည်း မတိုးနဲ့ပေါ့ကွာ၊ မဖြစ်မနေထွက်ရမယ်ဆိုလို့သာ ဘာမှ ပြင်ဆင်မထားတော့ မဏ္ဍပ်ကလည်း အဖြစ်ဆောက်ရတဲ့ နှစ်ပေါ့။ ပါတာကလည်း သံပတ္တလား မောင်းဆိုင်း ပုလွေ နှဲ ဒိုးနဲ့ အုပ်စုံလောက်ရယ်၊ အသင်းမဏ္ဍပ်ကို ပထမဆုံး ဝင်လာတာက လျှပ်စစ်ဌာနက အလှပြကားကြီးကွ။ မီးရောင်စုံနဲ့ ဟည်းထနေတာ၊ ကားပေါ်က တီးဝိုင်းက ရွာစားကြီး စိန်တင်ဟန်အဖွဲ့၊ ဆိုင်းဝိုင်းကြီးနဲ့ နယားကြီးနဲ့ မီးရောင်တွေအောက်မှာ ဝင်းလက်နေတာ၊ ဝင်လာကတည်းက ဘုန်းမိုးသွန်းလောင်းသီချင်းကြီးကို ပတ်မကြီးတထီထီနဲ့ တီးပြီး ဝင်လာတာက ကြက်သီးထတယ်ကွာ။
ဒို့မဏ္ဍပ်ရှေ့ ကားကြီးရပ်ပြီး သူတို့က ထုံးစံအတိုင်း နှုတ်ခွန်းဆက်တာပေါ။့ နှုတ်ခွန်းဆက်ပြီး အခု မေနုယဉ်ကပဲ စတင်ဖြေဖျော်ပါဆိုတော့ ဇောချွေးပျံပြီး ဘာစ တီးရမှန်း မသိတော့ဘူးဟေ့။ တစ်ယောက်နဲ့ တစ်ယောက်လှမ်းကြည့်ပြီး မေးငေါ့နေကြတာ။ အသံက ထွက်မလာဘူး၊ ဒီတင် မောင်ညိုကြီးက သံပတ္တလားခုံကနေ သင်္ကြန် သီချင်းအသွား တစ်ပိုဒ် အသံပြပြီး စတီးလိုက်မှ နောက်က ရောယောင်လိုက်တီးကြရတာ၊ ဒို့ဖြင့် ရှက်လိုက်တာကွာ” ဟု ဆိုသည်။ ကိုကိုစိန်လှိုင်ပြောသော မောင်ညိုကြီးဆိုတာ ကိုညို ခေါ် ဒေါက်တာမင်းလွင်ဦး ဖြစ်သည်။ သူ့ဇကလည်းမသေး၊ ငယ်စဉ်ကတည်းက အိမ်မှာ ရေပုံးကို ကြိုးတွေတပ်ကာ ဘင်ဂျိုလုပ်ပြီး တီးသည်ဟု လူကြီးများက ပြောပြသည်။
ဝါဆိုပန်းကပ်ပွဲ
—————–
ထို အရပ်တီးဝိုင်းလေးက တစ်နှစ်လျှင် ၂ပွဲကတော့ သေချာပေါက်ရှိသည်။ မေဃဝတီ တောင်သမန် တိုက်က သဖန်းကျောင်း ဝါဆိုပန်းကပ်ပွဲနှင့် ဝါခေါင်လကွယ်နေ့ ရတနာ့ဂူပွဲများဖြစ်သည်။ အနောက်ပြင် ကျောက်ဆစ်တန်း ရပ်မှာ မေဃဝတီ တောင်သမန်တိုက် ဟူသော ဘုန်းကြီးကျောင်းတိုက်ကြီးရှိသည်။ မန္တလေးမတည်မီ ပုဂံမင်းလက်ထက် ကတည်းက တည်ထားကိုးကွယ်သော အိမ်တော်ရာဘုရားအနီးတွင် ထိုစဉ်ကတည်းက မဟာဝေယံဘုံကျော်ဘွဲ့ခံ မိုးကောင်းကျောက်တိုက်ကြီးကိုပါ ပုဂံမင်း၏ မိဖုရားတစ်ပါးဖြစ်သော မိုးကောင်းမြို့စား မိဖုရားက တည်ထားခဲ့သည်။
မင်းတုန်းမင်းကြီးက မန္တလေးရတနာပုံတည်သောအခါ ရွှေမြို့တော်ဟောင်း အမရပူရရှိ ဘုန်းကြီးကျောင်း အချို့ကိုလည်း မိမိတို့ဆန္ဒရှိလျှင် ရွှေ့ပြောင်းစေခဲ့သည်။ ထိုအခါ အမရပူရမြို့ဟောင်း တောင်သမန်အင်း အရှေ့ခြမ်းရှိ မေဃဝတီ တောင်သမန် ကျောင်းတိုက်ကြီးလည်း ရွှေ့ပြောင်းခဲ့ရာ မူလရှိပြီး မိုးကောင်းကျောင်းတိုက်၏အနီး ယခုနေရာသို့ တည်ထားခဲ့ခြင်း ဖြစ်သည်။ ထိုကျောင်းတိုက်အတွင်း အနောက်မြောက်ထောင့်တွင် သဖန်းကျောင်း အမည်ဖြင့် ၂ထပ်ကျောင်းတစ်ကျောင်းရှိသည်။
ထိုကျောင်းကို ဒေါင်းရိုးရပ်ရှိ သဖန်းနွယ်ဝင် ကျောင်းအစ်မကြီး ဒေါ်ငွေမှီက မတည်ကာ မန္တလေးရောက် သဖန်းသားများက စုပေါင်းလှူဒါန်းခဲ့သည့် ကျောင်းဖြစ်သည်။ ကျောင်းမှာ သီတင်းသုံးသည့် ကျောင်းထိုင်ဆရာတော်ဘွဲ့က ဦးသုမန တဲ့။ ကျောင်းအစ်မကြီးဒေါ်ဒေါ်ငွေမှီတို့ မိသားစုကပဲ ဆရာဒကာအဖြစ် ပစ္စည်းလေးပါးကအစ လှူဒါန်းသည်။ ကျောင်းအစ်မကြီး ဒေါ်ငွေမှီဆိုတာက စိုင်ပြွန်ရိပ်သာအရှေ့ဘက် ၂၉လမ်းမတန်းက ဦးမြင့် ဒေါ်ကြည်၏ မိခင်ဖြစ်ပြီး ယခု ဈေးချိုတော်လောက၏ ခေါင်သူကြီးများဖြစ်သော ကိုလွင်တို့ ရွှေမင်းသား ကိုကျော်ကျော် (အာစီ ဝင်းဦး) တို့၏ အဖွားဖြစ်ပါ၏။
သဖန်းကျောင်း၏ နှစ်စဉ်ကျင်းပသော ဝါဆိုပန်းကပ်ပွဲက တစ်မူထူးခြားသည်။ မန္တလေး၏ ဘုန်းကြီးကျောင်းများတွင် ဝါဝင် ဝါဆိုလပြည့်တွင် ဥပုသ်သီလယူ ဘုရားကျောင်းကန်သွားရောက် ကုသိုလ်ပြုကြပြီး လပြည့်ကျော်၁ရက် မွန်းလွဲတွင် သက်ဆိုင်ရာကျောင်းတိုက်များသို့ ဝါဆိုပန်းများကပ်လှူကြသည်။ ထိုသို့ လာရောက် ကပ်လှူသူများကို ဘုန်းကြီးကျောင်းများက အစားအသောက်များဖြင့် ဧည့်ခံကြသည်။ များသောအားဖြင့် ဘိလပ်ရည် လိုင်းမကျု ရှာလပတ်ရည် စသည်တို့ ဖြစ်သည်။ မပါမဖြစ်ကတော့ ညချင်းသုတ် ဖြစ်ပါ၏။ ညချင်းသုတ်ဆိုတာ ကြက်သွန်နီကို ပါးပါးလှီးကာ ချင်းများ သံပုရာသီးအရည် များဖြင့် သုတ်ထားသည်။ ညချင်းသုတ်က ဘုန်းကြီးများ မွန်းလွှဲစာအဖြစ် ဘုန်းပေးကောင်းသတဲ့။ သဖန်းကျောင်းက ဝါဆိုပန်းကပ်ပွဲတွင် အကျွေးမွေးဖြင့် ဧည့်ခံရုံမက တီးဝိုင်းနှင့်ပင် ဧည့်ခံလိုက်သေးသတဲ့။ ကဲ…..။
ဆူးငှက်