ကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်မှုနဲ့အတူ ပြည်တွင်းရွှေဈေး သိန်း ၈၀ နီးပါး ရောက်ရှိလာ

စက်တင်ဘာ ၉ – ၂၀၂၅
SS (VOM)
လက်ရှိမှာ ကမ္ဘာ့ရွှေဈေး သမိုင်းတလျှောက် စံချိန်တင် အမြင့်ဆုံးဈေး ရောက်ရှိလာမှုနဲ့အတူ ပြည်တွင်း ဈေးကွက်မှာလည်း အခေါက်ရွှေ တကျပ်သား ကျပ် သိန်း ၈၀ နီးပါး ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာ တအောင်စ ဒေါ်လာ ၃၄၀၀ ကျော်ကို စတင်မြင့်တက် ရောက်ရှိလာတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၉ ရက်၊ မနက်ပိုင်းမှာ တအောင်စ ၃၆၅၂ ဒေါ်လာနဲ့ ဈေးဖွင့်ထားတဲ့အတွက် ၁၀ ရက်ကျော်အတွင်း တအောင်စ ဒေါ်လာ ၂၅၀ ကျော် မြင့်တက်လာတာကို တွေ့ရပါတယ်။
အဲဒီလို ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်း ရွှေဈေးနှုန်းတွေလည်း လိုက်ပါ မြင့်တက်လျက်ရှိတာမှာ ဒီကနေ့ စက်တင်ဘာ ၉ ရက်၊ မနက်ပိုင်းမှာတော့ အခေါက်ရွှေ တကျပ်သား ခုနစ်ဆယ့်ကိုးသိန်း ခြောက်သောင်းဝန်းကျင်နဲ့ ဈေးဖွင့်ထားတာကြောင့် ၁၀ ရက်ကျော်ကာလအတွင်း ကျပ် သုံးသိန်းဝန်းကျင် မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။
“ကမ္ဘာ့ဈေးကတော့ စံချိန် ချိုးသွားတာပေါ့။ တခါမှလည်း မဖြစ်ဖူးဘူး။ တက်တာလည်း အရမ်းကြမ်းတယ်။ ပြည်တွင်းမှာလည်း တော်တော်တော့ လိုက်တက်သွားတယ်။ ၇၉ ကျော်သွားတယ်ပေါ့။ အဲဒီလို ကျော်သွားပေမယ့် ကမ္ဘာ့ဈေး တက်တဲ့နှုန်းနဲ့ ယှဉ်မယ်ဆိုရင်တော့လည်း မမီသေးတဲ့သဘောတော့ ရှိတယ်” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
လက်ရှိ ကမ္ဘာ့ရွှေ နှုန်းထားအတိုင်း ပြည်တွင်းရွှေဈေးကို တွက်ချက်မယ်ဆိုပါက အခုထက်ပိုပြီး ဈေးနှုန်း မြင့်တက်ရမှာ ဖြစ်ပေမယ့် တဖက်မှာ အမေရိကန်ဒေါ်လာဈေး တောက်လျှောက် ကျဆင်းနေတဲ့အတွက် ပြည်တွင်းရွှေဈေးကို ထိန်းထားနိုင်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ပြည်တွင်း ဒေါ်လာဈေးတွေကတော့ တော်တော်အေးတယ်။ လုံးဝ အတက်မရှိဘူး။ ပို့ကုန်၊ သွင်းကုန်တွေကလည်း တော်တော်လေးကို ခက်ခဲနေတာဆိုတော့ ဒေါ်လာဈေးကျတယ်ပေါ့။ အဲဒါကပဲ ရွှေဈေးတက်တာကို ထိန်းနိုင်သွားတာပါ။ ကမ္ဘာ့ဈေးရော၊ ဒေါ်လာရော ပြိုင်တူတက်နေမယ် ဆိုရင်တော့ ပြည်တွင်းရွှေဈေးက ထိန်းလို့ရတော့မှာ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ များစွာ မှန်းဆရခက်တဲ့ အနေအထားမှာ ရှိနေပြီး ၄၀၀၀ ဝန်းကျင်အထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းကြတဲ့သူတွေ ရှိနေသလို ဈေးနှုန်း ပြန်လည် ကျဆင်းနိုင်တယ်ဆိုပြီး ခန့်မှန်းကြတဲ့သူတွေလည်း ရှိတယ်လို့ နောက်ထပ် ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
“ကမ္ဘာ့ရွှေ ၄၀၀၀ ဖြစ်သွားရင်တော့ ပြည်တွင်းရွှေက သိန်း ၈၀ ကျော်သွားလိမ့်မယ်။ ကမ္ဘာ့ဈေး ပြန်ကျရင်တော့လည်း ပြည်တွင်းဈေးက ၇၉ အောက် ပြန်ရောက်နိုင်တာပေါ့” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေး အတက်ကြမ်းနေတာဟာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွေကြောင့် ဖြစ်ပြီး အဓိက သက်ဆိုင်တာကတော့ အမေရိကန် ဘဏ်အတိုးနှုန်းတွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အမေရိကန် ဘဏ်အတိုးနှုန်းတွေ အများကြီး အပြောင်းအလဲ လုပ်ရင်လည်း ကမ္ဘာ့ရွှေဈေးပေါ် အများကြီး ရိုက်ခတ်တယ်လေ။ အခု ဘဏ်အတိုးနှုန်းတွေ လျှော့လိုက်တယ်ပြောတယ်။ အဲဒါကြောင့် ကမ္ဘာ့ရွှေဈေးတွေ တက်ကုန်တယ်လို့ သိရတယ်” လို့ သူက ပြောပါတယ်။
ကမ္ဘာ့ရွှေဈေး လက်ရှိ မြင့်တက်နေတာဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း စံချိန်တင်ဖြစ်တယ်လို့ သိရပြီး ဈေးကွက် ကျွမ်းကျင်သူတွေကတော့ အခုလို မြင့်တက်မှုဟာ အမေရိကန် ဘဏ်အတိုးနှုန်း အပြောင်းအလဲနဲ့ ကမ္ဘာ့အရေး မတည်ငြိမ်မှုတွေကြောင့်အပြင် ရွှေဝယ်စုတဲ့ နိုင်ငံတွေ များလာတာကြောင့်လည်း ဖြစ်တယ်လို့ ပြောပါတယ်။
“လက်ရှိက အမေရိကန်ရဲ့ လုပ်သားဈေးကွက် သန်စွမ်းမှု ကျဆင်းပြီး အမေရိကန်စီးပွားရေး ဆက်လက်ကျဆင်းမယ့် အရိပ်လက္ခဏာတွေ ပြနေတဲ့အချိန်ပါ။ ဒါကြောင့် အမေရိကန် ငွေတိုက်စာချုပ်တန်ဖိုး ကျဆင်းပြီး ဒေါ်လာ အညွှန်းကိန်းလည်း ကျဆင်းနေတယ်။ အဲဒီတော့ ကမ္ဘာ့ရွှေရဲ့ အလားအလာက အမေရိကန်စီးပွားရေး နာလန်ပြန်ထနိုင်စွမ်းနဲ့ အဲဒီနိုင်ငံရဲ့ ရှေ့ဆက်သွားမယ့် စီးပွားရေး အခြေအနေပေါ် မူတည်နေပါတယ်။ ဒါကြောင့် ဒီအချိန် ပြည်တွင်းရွှေဈေး တက်နေတာက ဒေါ်လာဈေး မပါဘဲ ကမ္ဘာ့ရွှေဈေး တခုတည်းကြောင့် လိုက်တက်နေတာ ဆို‌တော့ ပြည်တွင်းက ရွှေအရောင်းအဝယ်သမားတွေ အနေနဲ့ ကမ္ဘာ့ရွှေဈေးကိုပဲ ဂရုစိုက်ကြစေချင်တယ်” လို့ ဈေးကွက် ‌ကျွမ်းကျင်သူတယောက်က ပြောပါတယ်။
အမေရိကန် ဒေါ်လာဈေးကတော့ လက်ရှိအချိန်မှာ ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်နဲ့ အကျဘက်မှာ ဈေးကွက် အေးနေတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၉ ရက်၊ မနက်ပိုင်းမှာတော့ တဒေါ်လာ ရောင်းဈေး ၄၂၇၀ ဝန်းကျင်မှာ ရောက်ရှိနေပါတယ်။
ရန်ကုန်တိုင်း ရွှေအသင်း (YGEA) ရဲ့ ရည်ညွှန်းဈေးကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်‌နေ့ကနေ ဒီကနေ့ စက်တင်ဘာ ၉ ရက်အထိ ငါးဆယ့်ကိုးသိန်း ခြောက်သောင်းဝန်းကျင်မှာ ရှိနေပါတယ်။
ကျပ် ငါးဆယ့်ရှစ်သိန်း ကိုးသောင်းဝန်းကျင်မှာ ကာလအတန်ကြာ ရှိနေခဲ့တဲ့ YGEA ရဲ့ ရည်ညွှန်းဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့မှ စတင်ကာ ငါးဆယ့်ကိုးသိန်း ဝန်းကျင်ကို ပြောင်းလဲ ရောက်ရှိလာတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၉ ရက်နေ့အထိ ၁၅ ရက်တာ ကာလအတွင်း ကျပ် ခြောက်သောင်းဝန်းကျင်လောက်သာ ဈေးမြင့်တက်ခဲ့တာ တွေ့ရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW