လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၃)

ဆူးငှက်
ကျွန်တော် မွေးဖွားကြီးပြင်းသည်က မန္တလေး အနောက်ပြင် မဟာလောကရံသီ အိမ်တော်ရာ စေတီတော်တောင်ဖက်မုခ်ရှိ ဒက္ခိဏဝန်ကျောင်းတိုက်၏တောင်ဘက်ကပ်လျက် စိုင်ပြွန်ရိပ်သာဝင်းအတွင်းဖြစ်သည်။ ထို့ကြောင့် အိမ်တော်ရာ စေတီတော်က ဆွေဘုရားမျိုးဘုရားဖြစ်နေသည်။ အိမ်တော်ရာ ဘုရားဝင်းအတွင်း တောင်ဘက်စောင်းတန်း၊ အရုဏ်ခံ ကျောက်ချောဇရပ်၊ ဘုတလင်ဇရပ်၊ နောင်တော်ကြီးဘုရား၊ ခုနစ်နေ့ ခုနစ်နံဇရပ်၊ ကျိုက်ထီးရိုးဘုရား၊ သံဇရပ်၊ ဒေါ်ကြမ်းဇရပ်၊ ဦးကျော်ဇရပ်နှင့် ဆယ့်လေးခန်း ဇရပ်တို့သည် ကျွန်တော်တို့ အမြဲမပြတ် ရောက်ရှိ နားခိုဆော့ကစားသည့် နေရာများဖြစ်သည်။ ထို သာသနိက နေရာများအနက် ဆယ့်လေးခန်းဇရပ် ကြီးကတော့ နားခိုဆော့ကစားဖို့ထက် ဘာသာရေးအရ လေ့လာမှတ်သား နာယူစရာ ဇရပ်ကြီးလည်း ဖြစ်၏။ ဆယ့်လေးခန်းဇရပ်ကြီးမှာ နိပါတ်ပန်းချီကျော် ဦးချစ်မြဲ၏ ဗုဒ္ဓဝင်ပန်းချီကားတွေရှိသည်။
ဇရပ်ကြီး၏ မူလပုံစံက ကျယ်ပြန့်လွတ်လပ်ပြီး အလင်းရောင် ကောင်းစွာ ရသည်။ အနောက်ဖက်ခြမ်းမှာလည်း ဧရာမကွပ်ပျစ်ကြီးရှိသည်။ လူကြီးတွေက ကွပ်ပျစ်ကြီးပေါ် နားနေကြသည်။ ကျွန်တော်တို့ကလေး များက နိပါတ်တော် ပန်းချီကားတွေ မော့ကြည့်ရင်း မှတ်သားကြသည်။ ငြင်းခုန်ကြသည်။ ထို့ပြင် ထိယဆယ့်လေးခန်းဇရပ်ကြီးထဲမှာ နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့ရောက်တိုင်း အာဇာနည်နေ့အခမ်းအနား ကျင်းပသည်။ ဇူလိုင်လ ၁၇ ရက်၊ ၁၈ ရက်လောက် ရောက်တာနှင့် ဇရပ်ကြီးနှင့် အနောက်ဖက်က အခန်းတွေမှာ ကတ္တီပါ နီညိုရင့် အစကြီးဖြင့် ကာသည်။ ထိုကတ္တီပါကားကြီးပေါ်မှာ အာဇာနည်ကြီးများ၏ ဓာတ်ပုံတွေကို စက်ဝိုင်းခြမ်း တစ်ခုပုံ သဏ္ဍာန် ချိတ်ဆွဲသည်။ အလယ်ခေါင်တည့်တည့်က ဗိုလ်ချုပ်အောင်ဆန်းပုံရှိ၏။ ပြီးမှ ကျန်အာဇာ နည်များ၏ ဓာတ်ပုံကို ဗိုလ်ချုပ်အောင်ဆန်း၏ ဝဲဖက်၊ ယာဖက်တွေက အညီအမျှ ချိတ်ဆွဲခြင်းဖြစ်သည်။ ဓာတ်ပုံများအောက်မှ ရွှေရောင် စက္ကူများကို စာလုံးပုံစံ ကိုက်ညှပ်ကာ ကပ်သည်။
ကျွန်တော်တို့ ကလေးများက ဇူလိုင်လဆန်းကတည်းက သတင်းမျက်နှာဖုံးတွေမှာပါသော ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနှင့် မိန့် ခွန်းကောက်နုတ်ချက်တွေ၊ ရေဒီယိုကလာသော အာဇာနည်နေ့ လွမ်းဆွတ်ဖွယ်သီချင်းတွေကို ဖတ်ရ၊ ကြားရသည်နှင့် အာဇာနည်နေ့ အကြောင်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများကြောင်း ပြောကြ၊ မေးကြ၊ မြန်းကြ …၊ အာဇာနည်ခေါင်း ဆောင်ကြီးတွေလို တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကြမယ်ဟု စိတ်ကောင်းမွေးကြသည်။
ဇူလိုင် ၁၉ ရက်နေ့ရောက်တော့ ဆယ့်လေးခန်းဇရပ်ကြီးထဲမှာ နောက်ခံကတ္တီပါကားကြီးမှာလည်း လွမ်းသူ့ပန်းခွေတွေ ချိတ်ဆွဲ ထားသည်။နောက်ခံ ကတ္တီပါ ဘက်ဂရောင်းကြီးမှာလည်း တန်းတွေ အဆင့်ဆင့်ရိုက်ကာ ပန်းခွေတွေ ထပ်နေ၊ စေ့နေအောင် ချိတ်ဆွဲသည်။ မြို့သူမြို့သားတွေ၊ ကျောင်းသူကျောင်းသားတွေ၊ စက်ရုံ၊ အလုပ်ရုံ၊ ရုံးသူရုံးသားတွေ၊ အဖွဲ့အစည်းတွေက နိုင်ငံတော်အလံတိုင်ဝက် လွှင့်ထူကာ လွမ်းသူ့ပန်း ခွေများဖြင့် အိမ်တော်ရာ ရင်ပြင်ဆီ မုခ်အသီးသီးမှ ဝင်ရောက်လာသည်။ ဆယ့်လေးခန်းဇရပ်အနီး ဂျစ်ကားတစ်စင်းပေါ် အသံချဲ့စက်တင် ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မိန့်ခွန်း ဓာတ်ပြားကိုလည်း ဖွင့်ထား၏။
ကျွန်တော်တို့သည် အာဇာနည်နေ့နှင့်ဆက်စပ်ပြီး အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်ကြီးကို ရိုသေနေကြသည်။ ဦးညွှတ်နေကြ သည်။ ဂုဏ်ယူနေကြသည်။ လူထုသတင်းစာအဟောင်းတွေ ပြန်ဖတ်တော့ အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်ကြီး၏ သမိုင်းဝင်ဖြစ်ရပ်တွေ ကို သိရှိလာတော့ အမျိုးသားအမွေအနှစ်အဖြစ် အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်ကြီးကို သိမြင်လာသည်။ ကြည့်ပါဦး …။
၁၉၆၁ ခု၊ မတ်လ ၁ရက်နေ့က အိမ်တော်ရာ ဆယ့်လေးခန်းဇရပ်ကြီးမှာ မြန်မာ့မြေပေါ် ကျူးကျော်လာတဲ့ တရုတ်ဖြူတိုက်ထုတ် ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်ချဲ့ ဆန့်ကျင်ရေး ဆန္ဒပြအစည်းအဝေးကြီး ကျင်းပသတဲ့။
(ဆက်ရန်)
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW