ဆူးငှက်
ပွဲအကြို တီးလုံးတိုက်
——————–
ဝါဆိုလပြည့်ကျော်၁ရက်နေ့မှာ သဖန်းကျောင်း ဝါဆိုပန်းကပ်ပွဲမှာ တီးမှုတ်သီဆိုကြဖို့ နယုန်လဆန်းလောက် ကတည်းက အမျာအားကြသော ဥပုသ်နေ့တိုင်းလိုလို တီးလုံးတိုက်ကြသည်။ စိုင်ပြွန်ဝင်း၏ အနောက်ဘက်လမ်းကြား မြောက်ထိပ်မှာ ကျွန်တော်တို့က ပါပါကြီးဟုခေါ်သော ဦးဉာဏ်သိန်း ဒေါ်လှဝင်းလေး အိမ်ရှိသည်။ သူ့အိမ်က ၂ထပ်အိမ် အိမ်ဝင်းလည်းကျယ်သည်။ ဦးဉာဏ်သိန်းက သဖန်းသားမဟုတ်။
သို့သော် ဒေါ်လှဝင်းလေးက သဖန်းသူမို့ သဖန်း ဝေယျာဝစ္စ မှန်သမျှ ဒိုင်ခံလုပ်ကိုင်ပေးသည်။ သဖန်းကျောင်း ဘုန်းကြီးဦးသုမန၏ ဒကာရင်းလည်း ဖြစ်းဆောင် ဖွဲ့စည်းခဲ့ကြသော “သဖန်းရွာ လူကြီးလူငယ် ငွေစုအသင်း” ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။ စကားစပ်လို့ ပြောရလျှင် ထိုငွေစုအသင်းက အသင်းဝင်ထားသူများ ထံမှ စုကြေးငွေများကို ညနေတိုင်လျှင် လယ်ဂျာ စာရင်းစာအုပ်တစ်အုပ်ကိုင် လွယ်အိတ်တစ်လုံးလွယ်ကာ အမှုဆောင်လူကြီးများက အလှည့် ကောက်ခံရသည်။
ကြေးမှိုစာလုံးလေးနှင့် ကျွန်းသေတ္တာ
———————————–
နောက်တော့ အမှုဆောင်လူကြီးအများစု မအားလပ်ကြသောအခါ ထိုတာဝန်ကို ဦးဉာဏ်သိန်းနှင့် အဘ တို့က တလှည့်စီ တာဝန်ယူကြသည်။ အဘအလှည့်ရောက်လျှင် ကလေးအရွယ် ကျွန်တော်က ကြေးမှိုလေးတွေနှင့် သဖန်းကျောင်း အလှူခံသေတ္တာဟု စာလုံးပုံဖော်ထားသည့် ကျွန်းသား အလှူခံသေတ္တာလေးဆွဲကာ အဘနောက်က လိုက်သည်။ ဒီ သေတ္တာလေးကို မြောက်လက်နှင့် သော့ခတ်ထားပြီး သော့တံကို အသင်းက သိမ်းထားသည်။ သည်သေတ္တာလေး အဖုံးပေါ်က အပေါက်လေးကတဆင့် ငွေအကြွေစေ့လေးတွေ အလှူငွေ ထည့်ကြသည်။
သေတ္တာလေးထဲ အလှူငွေတွေ အတော်အသင့်ပြည့်လာလျှင် အများရှေ့ သေတ္တာလေးဖွင့်ကာ စကောတစ်ချပ်ထဲ ငွေအကြွေတွေ သွန်ချသည်။ ထို့နောက် ငါးပြားစေ့ ဆယ်ပြားစေ့ တစ်မတ်စေ့ ငါးမူးစေ့ ကျပ်စေ့တို့ကို အစေ့ ၂၀ စီ ထပ်ကာ ကာကီစက္ကူအညိုနှင့် လိပ်ပြီး ထိပ်၂ဘက်ကို ခေါက်စည်းလိုက်သည်။ ငါးပြားစေ့အလိတ်ပေါ်မှာ ၁ိ/ ဟု ခဲတံနှင့် ထင်ရှာစွာ ရေးသည်။ ဆယ်ပြားစေ့ အလိတ်ပေါ်မှာ ၂ ိ/ ဟုရေးပြီး တစ်မတ်စေ့ အလိတ်ပေါ်မှာ ၅ိ / ဟု ရေးကာ ငါးမူးစေ့ အလိတ်ပေါ်မှာ ၁၀ိ / ဟု ရေးရသည်။ ကျပ်ပြား အစေ့ ၂၀ ၂၀ိ / ဟုရေးပြီး ထိုတန်ဖိုး အရေအတွက် အတိုင်း စာရင်းသွင်း အပ်နှံရသည်။ ထိုအလှူငွေက သဖန်းကျောင်း ဝါဆိုပန်းကပ်အပါအဝင် ဝါတွင်းသီလပွဲများ ကုသိုလ်အတွက် ဖြစ်သည်။
ငွေစုအသင်းက ရရှိသည့် အတိုးအညွန့်ကိုတော့ သဖန်းကျောင်း ပြုပြင်စရိတ်နှင့် အခြား ဝေယျာဝစ္စအတွက် သုံသည်။ ပါပါကြီးခေါ် ဦးဉာဏ်သိန်းက အတန်းကျောင်းမှာ အလယ်တန်းအဆင့်လောက် အထိနေခဲ့ဖူးတော့ ငွေစာရင်းကိုင်တာ ဘဏ်သွားတာ ရုံးပြင်ကနားသွားတာ လည်ချယ်သည်။ သူက အသက်ထောက်ကာ ပန်းနာ ရင်ကျပ်လည်းရှိလို့ ထိုတာဝန်တွေကို နောက်လူငယ်များသို့ လွှဲသော်လည်း ပါပါကြီးကိုပဲ ပြန်လည် တာဝန်ပေးကြလို့ ညနေတိုင်လျှင် ချောင်းတဟွတ်ဟွတ်နှင့် လွယ်အိတ်လေးလွယ် စာရင်းစာအုပ်လေးကိုင်ကာ အရပ်ထဲ စုကြေးငွေ လှည့်လည် ကောက် နေတာ မြင်ယောင် မှတ်မိပါသေးသည်။
နောက်တော့ ပါပါကြီး ဆက်မလုပ်နိုင်တော့ ငွေစုသင်းကို စာရင်းရှင်း ဖျက်သိမ်းလိုက်သည်။ ငွေစု အလှုခံ သေတ္တာလေးက အဘ လက်ရာမို့ အခွန်အတိုင်း အိမ်မှာ သိမ်းထားပြီး နောက်တော့ အဘက အိမ်မှာ ရှားရှားပါးပါး ကုပ်ကပ်ကျန်သေးသော ရွှေထည်လေး မဖြစ်စလောက်နှင့် မှတ်ပုံတင် အိမ်ထောင်စုဇယား သူ့မြေးများ မွေးစာရင်း စသည့် အရေးကြီးစာရွက်စာတမ်းတွေ သိမ်းဆည်းရာ အိမ်၏ တစ်ခုတည်းသော မီးခံသေတ္တာ ဖြစ်လာသည်။ ထိုသေတ္တာလေးက ကျွန်တော့် လက်ထက်အထိ ရှိပါသေး၏။ နောက်တော့ အပြောင်းအရွေ့မှာ ရှာမတွေ့တော့။ သိကြသည့် အတိုင်း ကျွန်တော့် လက်ထက်မှာက ရွှေလည်း မူးလို့ရှူစရာမရှိ ငွေကြေးလည်း နေ့ဖို့ညစာ အနိုင်နိုင်မို့ ထိုသေတ္တာလေးက အရာကျသွားကာ ကျွန်တော့် ဘောလ်ပင် ခဲတံ ခဲချွန်စက် ခဲဖျက် နီပြာတံ စသည့် တိုလီမုတ်စ ပစ္စည်းလေးတွေထည့်သည့် စုံစိနဖာ သေတ္တာလေး အဖြစ် ဇာတ်သိမ်းသွားရသည်။
ကြည်နူးအေးမြသီတာရေ
————————
ကိုင်း.. တီးလုံးတိုက်သည့် အကြောင်း ဆက်ပါဦးမည်။ ဦးဉာဏ်သိန်းအိမ်မှာ နေဝင်ကတည်းက အောက်လင်းဓာတ်မီးကြီး ၂လုံးထွန်းညှိပြီး နှီးချောဖျာကြီးများခင်းကာ တီးဝိုင်းပစ္စည်းတွေ ချထားသည်။ ကျွန်တော်တို့ ကလေးတစ်သိုက်က ဖျာတွေပေါ် ကျွမ်းထိုးနေကြလို့ ပါပါကြီး(ဦးဉာဏ်သိန်း) က ချောင်းတဟွတ်ဟွတ်ဆိုးရင်း ငေါက်ထုတ်နေရပြီ။ ခဏနေတော့ မမမြသွင်တို့ မမလှရန်တို့ မမသိန်းမြတို့ မမခင်သီတို့ အိမ်ရှင် မမခင်ညိမ်တို့က သနပ်ခါးအဖွေးသားနှင့် ပြင်ဆင်ပြီးကြပြီ။ တစ်ဆက်တည်းပဲ တီးဝိုင်းအဖွဲ့သားတွေ ရောက်လာကာ ပတ်စာကပ် အသံစမ်း နှင့် တဗေ့ဗေ့ တတီတီ တနောင်နောင် အသံထွက်လာတော့ ကျွန်တော်တို့ ကလေးတစ်ဖော် ပျော်လွန်းလို့ တစ်စခန်းထပြန်လို့ ပါပါကြီးက တစ်ခါ ငေါက်ရပြန်၏။
ကျွန်တော်မှတ်မိသည်က အဲ့ဒီတီးဝိုင်းလေးမှာ ဝါးပတ္တလား ကိုကိုစိန်လှိုင်၊ သံပတ္တလား ကိုညို၊ မောင်းဆိုင်း ကိုမွတ်စိ(ကိုကျော်ဝင်း)၊ တယော ကိုစာဗျော၊ နှဲ ကိုရွှေဖီ၊ ပုလွေ ကိုခွေးပု(ကိုထွန်းကြွယ်)၊ ထရန်ပက် ကိုသိန်းမောင်၊ ကလယ်ရီနက် ကိုကျော်၊ ဒိုး ကိုသိန်းအောင်၊ စည်းဝါး အုပ်စုံ မောင်တင် တို့ဖြစ်သည်။ အဆိုတော်က ကိုကျော် ကိုဝင်းမောင် ကိုအုန်းဖေ တို့ ဖြစ်သည်။ အားလုံးက သဖန်းသားတွေချည်း၊ ဂီတကို စံနစ်တကျ သင်ယူတတ်မြောက်သူ ထက် ဝါသနာပါလို့ စမ်းတဝါးဝါးလေ့ကျင့်ရင်း အရပ်သားတတ် တတ်မြောက်ကြခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ ပွဲကြီးလျှင် နုယဉ်က ကိုဒေဝတို့ ကိုသန်းမောင်တို့က သူတို့တူရိယာပစ္စည်းတွေပါ ယူပြီး လာကူကြသည်။
ကိုမွတ်စိခေါ် ကိုကျော်ဝင်းက မောင်းဆိုင်းသာမက သူ့ဖခင် ဦးဘဖေကလည်း ရွာမှာ စပ်ပန်းချီဆရာမို့ ပုံရေးလည်းတတ်သည်။ ကိုရွှေဖီက မြို့ဟောင်းကုန်ရုံက ကုန်တင်ကုန်ချ လုပ်သားကြီးဖြစ်ပြီး ကိုသိန်းအောင်က တော်ဝင်ရုပ်ရှင်ရုံ၏ ဂိတ်စောင့် ဝန်ထမ်းဖြစ်ကာ ကြော်ငြာလှည့်ကားမှာလည်း ဒိုးတီးရသည်။ စည်းဝါးအုပ်စုံ မောင်တင်ဆိုတာက ကိုကောင်းရင်တို့အိမ်မှာ ဆွေမျိုးအဖြစ် ငယ်စဉ်ကတည်းက ခေါ်ထားသူဖြစ်ပြီး ကြုံတဲ့သူက ခိုင်းစရာရှိလျှင် မုန့်ဖိုးပေးကာ ခိုင်းကြသည်။
သူက ဘယ်လို နားရည်ဝနေလဲမသိ သီချင်းတိုင်းလိုလို စည်းဝါး အကျအနလိုက်ကာ တစ်ခါတစ်ရံ ပညာပြပြီး အဆန်းထွင်၍ စည်းဝါး ကစားပြလို့ ပတ္တလား ကိုကိုစိန်လှိုင်က “ မောင်တင် ရ ရိုးရိုးလုပ်ပါဟ၊ နဂိုကမှ ဒို့က စမ်းတဝါးဝါးတီးနေကြရတာ၊ မင်းလုပ်လိုက်တာနဲ့ ဒို့က ဘယ်အလုံးခေါက်ရမှန်း မသိတော့ဘူး” ဟု ပတ္တလား လက်ခတ်မြှောက်ပြီး လှမ်ပြောလျှင် မောင်တင်က မျက်ပေါက်မရှိအောင် တဟဲဟဲ ရယ်တော့သည်။ ဒါလည်း အမှတ်မရှိ ထပ်လုပ်လို့ တီးဝိုင်းက ထိုးရပ်သွားပြီး ပယ်ပယါနယ်နယ်ဆဲမှ ရပ်တော့သည်။ ကိုကိုစိန်လှိုင်က “ ဒို့ တီးဝိုင်းကလည်း မောင်တင့် ဆရာတင်နေရတာ” ဟု ရယ်ရယ်မောမော ပြောတော့သည်။
နေဦး.. သတိရလို့ နောက်တော့ ကိုကောင်းရင်က သူ့သားကြီး သောင်းထွန်းနာမည်နှင့် သောင်းမေတ္တာ အမည်နှင့် ချက်ပလက် ဘတ်စ်ကားတစ်စင်းထောင်ပြီး အမှတ်၁၁ ကားလိုင်းထဲ ထည့်ထားသည်။ ထိုကားမှာ မောင်တင်က စပယ်ယာဖြစ်ပြီး ထိုကားနှင့် လူရွှင်တော်ဦးမြမန်း၏ အိမ်ကြီးခင်ချိုအငြိမ့်တွင် သယ်ယူပို့ဆောင်ရေး ပင်တိုင်အော်ဒါယူ၍ အငြိမ့်ကားအငှားလိုက်သည်။ အိမ်ကြီးခင်ချိုကလည်း အဲ့ဒီအချိန်က လျှမ်းလျှမ်းတောက် နာမည်ကြီးမို့ ပွဲဆက်များသည်။ သည်တွင် အငြိမ့်ကားစပယ်ယာ မောင်တင်အတွက် ရေငတ်တုန်း ရေတွင်းထဲကျတယ် ပြောပြော၊ မုတ်ဆိတ်ပျားစွဲတယ်ပဲ ပြောပြော သူ့ဝါသနာနှင့် အငြိမ့်နှင့် အံကိုက် ဖြစ်တော့သည်။ အရာရာ ဖင်ပေါ့သူမို့ မင်းသမီးများက ခိုင်းလျှင် တဟဲဟဲနှင့် ကျေနပ်ကာ ခိုင်းသမျှ မငြီးမငြူ လုပ်ကိုင်ပေးတော့သည်။ နောက်တော့ အငြိမ့်က ပြဇာတ်တွေထဲ ကုတ်အင်္ကျီကြီး ဖို့ရိုဖားရားဝတ်ကာ လူဆိုးဗိုလ် နောက်လိုက် အဖြစ် ဝင်ကတော့သည်။ သူနှင့် တွေ့လို့ ကိုတင်က အိမ်ကြီးခင်ချိုနဲ့ ဘာကလိုလို ဟု နောက်ပြောင်လျှင် သဘောကျမဆုံး။
ငယ်ငယ်ကတည်းက ပြည်တော်ဝင်
———————————–
တီးဝိုင်းမှာ အဆိုတော် ကိုအုန်းဖေ ဆိုတာ သူကလည်း ဇ ကမသေး။ မန္တလေး၏ဂုဏ်ဆောင် နာမည်ကျော် အဆိုတော် အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျကာ သားလေးတစ်ယောက်ထွန်းကားပြီး အိမ်ထောင်ပြိုကွဲသွားသည်။ အဆိုတော် အမျိုးသမီးက နောက်ထပ် အိမ်ထောင်မပြုတော့ဘဲ သားနှင့်ပင် နေကာ အသက်ဆုံးသည် အထိ သစ္စာစောင့်သိ သွားသည်။ ကျွန်တော်တို့ ဦးလေး ကိုအုန်းဖေကတော့ စွန်လိုက်သည့်ဖြစ်ခြင်း၊ ရုပ်ချော အပြောကောင်း။ သူကလည်း တစ်နှစ်တင် ရွာသို့လာကသော ရွှေမန်းကျော်တင် ဇာတ်တွင် ပြဇာတ်ခန်းက လူလို၍ ဝင်က ရာက ဇာတ်နှင့် ကောက်ခါငင်ကာ လိုက်သွားတော့သည်။
အံမယ် နောက်တော့ ရွှေမန်းကျော်တင်ဇာတ်မှာ ပြဇာတ်မင်းသား ဖြစ်လိုက်သေးသည်။ ဇာတ်ကြော်ငြာမှာ ပြဇာတ်မင်းသားချော တက္ကသိုလ်အုန်ုးမြင့် လို့ ပါတော့ မန္တလေးရှိ သူ့ညီအစ်ကိုများက “ အုန်းဖေကဖြင့် ဦးသံဝရကျောင်းက ၄တန်းပဲ အောင်တာပါဟ။ ဘယ့်နှယ် တက္ကသိုလ်အုန်းမြင့် ရမှာလဲ၊ သူက တက္ကသိုလ်မပြောနဲ့ ဗောဓိကုန်းတောင် မရောက်ဖူးပါဘူးဟာ” ဟု ရယ်စရာ ပြောကြသည်။
တီးလုံးတိုက်ကြတော့ ထူးပြီးတိုက်ရသည့် သီချင်းမပါ။ ပြန်နွှေးကြ ပြန်ညှိ ပြန်တိုက်ကြတာပါပဲ။ ကျွန်တော်ဖြင့် ဒီတီးဝိုင်းနှင့် ကြုံရတိုင်း ထပ်တစ်ရာလန်း၊ လက်ရည်တပြင်တည်း၊ အလှူ့ရှင်၊ စစ်ကိုင်းတောင်၊ ရွှေမင်းဂံ၊ ပြည်တော်ဝင်၊ အောင်ပါစေ နှင့် နုယဉ်သင်္ကြန် သီချင်းများဖြစ်သော သင်္ကြန်ရေပွဲခါဆီ၊ နုယဉ်မောင်တို့ လာပြီ၊ မောင်တော်လာမယ် ဆိုဆို စသည့် သီချင်းများပဲ ကြားရသည်။ ကျွန်တော်တို့ ကလေးတစ်သိုက်ကတော့ ထပ်တစ်ရာလန်း သီချင်းတီးလျှင် ပျော်သည်။ ငွေစန်းရောင် မြူးယှက် ကူးလျှက် ကြည်နူး အေးမြသီတာရေ ဟု ဆိုလျှင် နောက်ကနေ အေးမြသီတာရေ ဟု အလုအယက် လိုက်အော်ကြရလို့ ဖြစ်သည်။
အသံချဲ့စက်နှင့်များ ဒီသီချင်းကို တီးလုံးတိုက်လျှင် ကိုယ့်အသံပါအောင် မိုက်နှင့် အနီးဆုံနေရာကို တိုးခွေ့လုရတာအမော..။ ထိုသီချင်းကို ကိုကျော် က ပင်တိုင်ဆိုတာမှတ်မိသည်။ စကားဖြတ် ပြောပါဦးမည်။ ပြည်တော်ဝင်အပါအဝင် မြို့မသီချင်းတွေကို ဝင်းဦးပြန်လည် သီဆို၍ နာမည်ကြီးသွားတာ မြို့မဧည့်ခံတေးထုတ်လိုက်လို့ လူတိုင်းပါးစပ်ဖျား ရောက်သွားတာ စသည်ဖြင့် ပြောကြတော့ ကျွနိတော်တို့ သဖန်းတီးဝိုင်းကဖြင့် ရှေးကတည်းက ညက်ညက်ကျေအောင်သီဆိုတီးမှုတ်နေလို့ ကျွန်တော် ၄နှစ်သားလောက်ကပင် ဒီသီချင်းတွေ ရနေပါပြီဟု ကြံဖန် ကြွားဝါပါဦးမည်။
တီးလုံးတိုက်ကြတာ ည ၁၁နာရီလောက်ဆို ပြီးပါပြီ။ ဒါပေမယ့် လူစုမကွဲကြသေးဘဲ ရုံတော်ကြီးက နန်ထင် လက်ဖက်ရည်အလင်းဆိုင်သို့ သွားကြတော့ ကျွန်တော်တို့ ကလေးတွေ လိုက်လို့ မရတာမို့ မပြန်ခင်ပြန်ချင် လက်ကလေးကိုက်ကာ အိမ်ပြန် အိပ်ရာဝင်ရတာပေါ့။ လပြည့်ကျော် ၁ ရက် ဝါဆိုပန်းကပ်နေ့ မြန်မြန်ရောက်ချင်လှပါပြီ။
ဝါဆိုပန်းကပ်ပွဲ
—————-
သဖန်းကျောင်း၏ မြောက်ဖက်ခြမ်းမှာ တီးဝိုင်းကိုဆင်ထားသည်။ အရှေ့ထိပ်ဘုရားခန်းမှာ ပန်းအိုးကြီးများနှင့် ဝါဆိုပန်းကပ်ရန် ပြင်ဆင်ထား၏။ ဘုရားစင်ဘေး တောင်ဘက်ခြမ်းမှာ ကျောင်းထိုင်ဆရာတော် တင်ပလ္လင်ချိတ်ထိုင်ကာ အနားမှာ ကွမ်းအစ်ကြီးချပြီး ကွမ်းသီးခြမ်းတွေကို ကွမ်းညှပ်နှင့် တတောက်တောက် စိပ်နေသည်။ ဒေါင်းရိုးထဲက အသံချဲ့စက်ဆရာ ကိုဘမြင့်က စက်တွေဆင်ပြီး ကော်လံ ဟွန်းတွေကို တိုင်နှင့် ထောင်နေသည်။ ကိုရင်တွေက ဖျာခင်းသူခင်း ခုံရွေ့သူရွေ့ ကြက်သွန်လှီးနေကြတဲ့ မမသိန်းမြတို့ အဖွဲ့ကို ကူသူကူ၊ ရှာလဘတ်ရည် ဖျော်တော့မည့် ကိုဖိုးဆားတို့အဖွဲ့အတွက် ရေခပ်သူခပ်နှင့် ဆရာတော်၏ ကိုရင် ဟူသော ကြိမ်းမောင်းသံနှင့် ဖျာကို တဘုန်ုးဘုန်းရိုက်ပြီး သတိပေးမည့် ကြိမ်လုံးသံကို နားစွင့် သတိထားနေကြသည်။ ခဏနေတော့ ကိုကိုစိန်လှိုင်တို့ တီးဝိုင်းအဖွဲ့သားတွေ ရောက်လာကာ ဆရာတော့်ကို ဦးချပြီး တီးဝိုင်းထဲဝင်ကာ အသံစစမ်းနေကြပြီ။
အိမ်က အဘနှင့် အမေက ဝါဆိုပန်းစည်းနှင့် ရောက်လာကာ ဆရာတော်ကို ဦးချသည်။ ဆက်တိုက်ဆိုသလို ပါပါကြီး ဦးဉာဏ်သိန်း ဒေါ်လှဝင်းမိသားစု ဝင်းထဲက ဒေါ်လှဝင်းကြီးကို တွဲကာ သူ့တူမများဖြစ်သည့် မဘုတ်ဆုံ မခင်စိန်တို့ ညီအစ်မတတွေ၊ ဦးစာဗျော ဒေါ်ဒေါင်းနှင့် ဦးကောင်းရင် ဒေါ်သိန်းမိသားစု၊ ကျောင်းအစ်မကြီး ဒေါ်ငွေမှီ သမီး ဒေါ်ကြည်နှင့် မိသားစုများလည်း ရောက်လာကြသည်။ ဆရာတော်၏ ဒကာရင်းတစ်ဦးဖြစ်သော ဆိုင်းတန်း တက်နေဝင်းဓာတ်ပုံတိုက် ကိုစန်းမောင်တို့ မိသားစုလည်း ရောက်လာကြပြီ။ သည်လိုနှင့် ဥယျာဉ်တန်းက မာလကာခြံက ပဲဝင်းက ဓာတ်နန်းက စသည်ဖြင့် ဆရာတော်နှင့်ရော ခန်းနေဦးပဉ္ဇင်းတွေနှင့်ရော သိကျွမ်းရာ ပရိသတ်တွေ စုံလို့ ကျောင်းအောက်ထပ်မှာ ပြည့်နေပြီ။ စကားပြောသံ ကလေးတွေဆော့သံတွေနှင့် ပွက်လောရိုက်နေစဉ် အသံချဲ့စက်က မိုက်စမ်းလို့ ကွီကနဲ အသံက အလန့်တကြားထွက်လာလို့ ငြိမ်သွားကြသေး၏။ မကြာပါ တီးဝိုင်းက အသံညှိသံတွေ အသံချဲ့စက်က ထွက်ပေါ်လာ၏။ တီးဝိုင်းက အဖွင့်အနေနှင့် ဝေဇယန္တာ ယိုးဒယားသီချင်းကို စတီးသည်။ အံမယ် အဖြောင့်သားပါလားဟု ရှာလဘတ် ဖျော်ရည်တွေ မောင်းထောင်ခွက်ထဲ ခပ်ထည့်ရင်း ကိုဖိုးဆားက တီးဝိုင်းကိုလှမ်းကြည့်ကာ ပြောသည်။
ဒီဘိုးလမ်းက မာမီအောင်တို့ အဖွဲ့
———————————-
တီးဝိုင်းက သီချင်းအတီးပိုဒ်ရောက်တော့ ဟုတ်ပေ ဟူသော အားပေးအော်သံစူးစူးထွက်လာသည်။ အဆိုတော် ကိုအုန်းဖေအသံ။ တီးလုံးမဆုံးမီမှာပင် အပျိုအုပ်စုတစု ဝင်လာတော့ ကျောင်းထဲက ရောက်နှင့်နေသူတွေ လည်ပြန်ကြည့်ကာ ဒီဘိုးဝင်းအဖွဲ့လာပြီဟေ့ဟူသေယ အသံတွေထွက်လာသည်။ ဟုတ်သည် ဒီဘိုးဝင်းဘက်က မာမီအောင်ဦးဆောင်ပြီး အပျိုချောအုပ်စုက နှစ်တိုင်းလာကာ ဝါဆိုပန်းကပ်ကြရင်း တီးဝိုင်းအဖွဲ့နှင့် ကကြတာ ပွဲကြီးပွဲကောင်းမို့ အကြောင်းသိသူတွေက သည်အဖွဲ့မလာမှာပူကြသည်။
အခုတော့ ရောက်လာလို့ ပွဲက လှပြီ။ တီးဝိုင်းအဖွဲ့သားတွေကလည်း မာမီအောင့်ကို လှမ်းနှုတ်ဆက်ကာ အပျိုအုပ်စုထဲ မျက်လုံးဝေ့ကြည့်ကြ၏။ မာမီအောင်ဆိုတာက ဒီဘိုးလမ်းက မိန်မလျာဖြစ်သည်။ သူက နှစ်တိုင်း သင်္ကြန်မဏ္ဍပ်တွေမှာ ဦးဆောင်ကာ ကျွမ်းကျွမ်းကျင်ကျင် ကပြနိုင်သည်။ အကကောင်းပုံကလည်း ယောက်ျားကြီးတန်မဲ့ မင်းသမီးရှုံးလောက်အောင် အချိုးကျကျလှလှပပ က နိုင်၏။ နောက်တော့ ဒီဘိုးလမ်းမှာ ယမင်းသူဇာ အမည်ရှိ အမျိုးသမီးရေသဘင်မဏ္ဍပ်ကို မာမီအောင် ဦးဆောင်ပြီး ဆင်နျွှဲကြတာ နာမည်ကြီးလှသည်။
မာမီအောင်က အဖွင့်ကို ယိုးဒယားနှင့် ကချင်သည်ဆိုလို့ တီးဝိုင်းက ဝေဇယန္တာကို ပြန်တီးပေးရသည်။ မာမီအောင်က ဟန်ကြီးခင်း၍ အကျအနကသည်။ တီးဝိုင်းကလည်း အတီးပိုဒ်မှာ ဒိုးဆစ်ကောင်းကောင်းနှင့် ပို့ပေတော့ လက်ခုပ်သံ တဖြောင်းဖြောင်း။ တီးသံ မှုတ်သံများကြောင့် အခြားနေရာမှ လူအုပ်ကျုလာလို့ ကျောင်းထဲမှာ ထိုင်စရာ မရှိတော့။ အပြင်ကနေ မတ်တပ်ရပ်ကာ ခြေဖျားထောက် ကြည့်ကြရသည်။ မာမီအောင် က ပြီးတာနှင့် အခြားသီချင်းတွေနှင့် ဒီဘိုးဝင်းသူလေးတွေ တစ်ယောက်ပြီးတစ်ယောက် က ကြတော့ အိမ်ခံဖြစ်သော မမခင်သီတို့ မမလှရန်တို့ မမခင်ညိမ်တို့ မမမြသွင်တို့လည်း ကကြတာပေါ့။ ဒါက တစ်နှစ်မှာ သဖန်းတီးဝိုင်း၏ အဖွင့်ပွဲလည်း ဖြစ်ပါ၏။
နှစ်စဉ် ဝါဆိုပန်းကပ်ပွဲမှာ သဖန်းကျောင်းက တီးဝိုင်းနှင့် အဆိုအကနှင့် လူတွေကြိတ်ကြိတ်တိုး ကြက်ပျံမကျ စည်ကားခဲ့သော်လည်း တစ်နှစ်မှာတော့ ကျီးနှင့် ဖုတ်ဖုတ်ဖြစ်ကာ တီးဝိုင်းအဖွဲ့သားနှင့် လူကြီးပရိသတ်ပဲ ကျိုးတိုကျဲတဲ ကျန်ရစ်ပြီး ညချင်းသုတ်ချပေးဖို့ အပျိုလူပျိုအုပ်စုပင် မရှိတာကြုံဖူးပါ၏။ ထိုနှစ်က သဖန်းကျောင်း မြောက်ဘက် စကုတိုက်ထဲက ရွှေမန်းကျောင်းမှာ ရွှေမန်းသဘင်က ညွန့်ဝင်းတို့ ဝင်းဗိုလ်တို့ ဆန်းဝင်းတို့ ချမ်းသာတို့ ဝင်းမောင်တို့ညီအစ်ကိုများ၊ ရုပ်ရှင်မင်းသမီးအချို့ အဆိုတော်အချို့နှင့်အတူ တီးဝိုင်းနှင့်ပါ လာရောက် ဧည့်ခံ ဝါဆိုပန်းကပ်လို့ ပရိသတ်အားလုံက ထိန်းမနိုင်သိမ်းမနိုင် သွားရောက်အားပေးကြတော့ အခြားကျောင်းတွေမှာ အဖိုးကြီး အဖွားကြီးတွေပဲ ကျန်ရစ်သည်။ ဒါတောင်မှ အဖွားကြီးတွေက မောင်တင်မောင် ပါသေးလားဟဲ့ဟု ဆေးလိပ်ကြီး ငေါ့သောက်ရင်း မေးနေသေးသည်။
ရတနာ့ဂူပွဲ
————
တကယ်တော့ ဒီလိုပွဲတွေရှိသည့် ကာလမှာ ကျွန်တော်က ငယ်သေးသည်။ ပြန်စဉ်းစားတော့ ကောင်းကောင်းပင်မမှတ်မိ။ နောက်မှ အစ်ကိုဝမ်းကွဲတွေ ဦးလေးတွေက သူတို့ အတွေ့အကြုံတွေကို ရယ်စရာမောစရာအဖြစ် ပြန်ပြောကြမှ သိရသည်။ ကောင်းကောင်းမှတ်မိတာက စကုတိုက်ရွှေမန်းကျောင်းမှာ ရွှေမန်းအဖွဲ့လာသည့်နှစ် ဖြစ်သည်။ သဖန်းတီးဝိုင်း၏ ပင်တိုင် ဒုတိယပွဲကတော့ ဝါခေါင်လကွယ်နေ့ ရတနာ့ဂူပွဲ ဖြစ်သည်။ ရတနာ့ဂူပွဲ နောက်ဆုံးနေ့တွင် မန္တလေး၏ ရပ်ကွက်အသီးသီးက လှည်းတွေနှင့် ပွဲတော်သို့သွားကြသည့် အစဉ်အလာရှိသည်။ အတော်များများက တီးဝိုင်းတွေကို လှည်းပေါ်တင်ကာ အသွားရော အပြန်ရော တစ်လမ်းလုံး သီဆိုတီးမှုတ် ကခုန်ကာ ဆင်နွှဲကြသည်။ ဝါခေါင်လကွယ်နေ့ မနက်စောစောကတည်းက တီးဝိုင်းလှည်းတွေ ပေါင်းမိုးများပါသော လူစီးလှည်းတွေ ရပ်ကွက်အသီးသီးက ခြူသံတလွင်လွင်နှင့် ထွက်လာကြပြီး ဘုရားကြီး အနောက်မုခ်တွင်စုကာ အမရပူရသို့ သီချင်းတကြော်ကြော်နှင့် တအိအိ သွားကြသည်။
အမရပူရရောက်တော့ တောင်သမန်အင်းစောင်း မယ်စယ်ပင်တန်းတွင် လှည်းချွတ်နားက ချက်ပြုတ်ကြရင်း ငှက်လှေများနှင့် အောက်နန်းအထက်နန်းကူးကြ ရတနာ့ဂူဘုရားသွားကြ မယ်စယ်ရိပ်မှာ တီးကြမှုတ်ကြ ဆိုကြ ကကြ စားကြသောက်ကြ။ သည်လိုနှင့် ညနေစောင်းမှ ပြန်ကြသည်။ မန္တလေးအဝင် လမ်းမိုးဖွင့်ချိန်မှ လှည်းတွေ တအီအီနှင့် တီးကြဆိုကြရင်း ပြန်ကြသည်။ ဒီပွဲ ထူးခြားချက်က လှည်းတွေနှင့် အသွားအပြန်မှာ လှည်းနောက်မြီးက ရွှေခြေကျင်းတွေကိုယ်စီနှင့် ခြေချထိုင်ကာ လိုက်ပါကြသော မန်းသူအပျိုချောများကို ကာလသားများက နောက်က ခြေကျင်လိုက်ပြီး မထိတထိစကားတွေ ရယ်စရာစကားတွေ ပိုးလုံးပန်းလုံစကားတွေ အရိုင်းအစိုင်းမပါ ကိုယ်ထိ လက်ရောက် မစော်ကားကြဘဲ ပြောကြခြင်းဖြစ်သည်။ ဒီလို လှည်းနောက်က တကောက်ကောက်လိုက်ပြီး တပူပူ ပြောနေတာကိုလည်း လှည်းပေါ်မှာ အအုပ်အထိန်းအဖြစ် လိုက်ပါလာသော အမေတွေ အဖွားတွေ အဒေါ်တွေက မကြားချင်ယောင်ဆောင်ကြရသည်။
နောက်နှစ်ခါတော့ သည်နတ်ပွဲကို လာဖို့ရာ မရည်
———————————————-
တချို့ကာလသားတွေကလည်း ထိူ အအုပ်အထိန်းကြီးတွေ ဒေါသဖြစ်ပြီး ပြန်လှန်ပြောတာ ဆဲတာဆိုတာကို နားထောင်ချင်လို့ စ ကြ ပြောင် ကြသည်။ ထိုပွဲကို သဖန်းကျောင်းက ဝါခေါင်လကွယ် သီလပွဲအား စောစောသိမ်းကာ ကျောင်းမှတဆင့် လှည်း၃စီး ၄စီးလောက်နှင့် သွားကြသည်။ ပေါင်းမိုးနှင့် လှည်း၂စီးက လူလိုက်ပါပြီး လှည်း၁စီးက တီးဝိုင်းတင်ကာ နောက်လှည်း၁စီးက ချက်ပြုတ်စရာ အိုးခွက်ပန်းကန်တောင်းနှင့် လူကြီးများ လိုက်ပါကြ၏။ ထိုပွဲက အပျိုလူပျိုတွေနှင့် လူကြီးတွေပွဲမို့ ကျွန်တော်တို့ ကလေးတွေ လိုက်လို့မရ။ တစ်နှစ်တင် ကျွန်တော်က လိုက်ချင်လို့ လူးလိမ့်ငိုယို ပူဆာသည်။ သည်တော့ အဘက အမှတ်၈ဘတ်စ်ကားနှင့် တောင်မြို့(အမရပူရ) ကိုလိုက်ပို့သည်။ ဘတ်စ်ကားက တောင်မြို့ လမ်းငါးခွအကျော်လောက်မှာပင် ပွဲတော်လာ လှည်းတန်းကြီးနှင့် တိုးမရတော့။ ဒီတင် ကားပေါ်ကဆင်းပြီး တောင်သမန်အင်းစောင်းထိ ခြေကျင်သွားရသည်။ နေကပူ အရွယ်ကငယ် အဘနောက်က ဒရွတ်တိုက်လိုက်ရင်း အင်းစောင်းက လှည်းတွေ နားတဲ့နေရာရောက်တော့ မလှုပ်နိုင်တော့။
လှည်းနှင့် အစ်မတွေကို အုပ်ထိန်းရင်း လိုက်ကာ ရောက်နှင့်နေသော အမေက အဘကို ကလေးကို ဒီလောက်အလိုလိုက်ပြီး လိုက်ပို့ရကောင်းလားဆိုကာ စိတ်ဆိုးသည်။ အဲဒီ မယ်စယ်ရိပ်မှာ နားကာ ခဏနေတော့ ငှက်လှေနှင့် နနတ်နန်းသို့ သွားတာ မှတ်မိသည်။ ငုှက်လှေပေါ်မှာလည်း လှေချင်း တိုက်လုမတတ် လှော်ကာ စကြ ပြောင်ကြတာ၊ ရေတွေနှင့် ပက်ကြတာ အော်ကြဟစ်ကြတာ တွေ့ပြီး လှေမှောက်မလား ကြောက်လွန်းလို့ လှေနံကို လက်နှင့် မလွတ်တမ်း ကိုင်ကာ ငိုချင်ခဲသည်။ နတ်နန်းအနီး ရပ်ကွက် လမ်းဘေးမှာ တောကလူကြီးတွေ ခေါင်းပေါင်းကြီးတွေနှင့် ထန်းရည်မူးကာ လေဘာတီမမြရင်သီချင်းသီဆိုပြီး ကနေကြတာ မူးပြီး လမ်းပေါ်လဲနေတာ နတ်နန်းမှာလည်း ဆိုင်သံတွေဆူညံပြီး တိုးဝှေ့ တွန်းတိုက် ကခုန်နေကြတာကိုလည်း အံ့အားတသင့် မြင်လိုက်ရသည်။
ဤသို့ဖြင့် ငယ်ရွယ်စဉ်အချိန်မှာ နတ်ပွဲဟူသည့် ခပ်ကြမ်းကြမ်းမြင်ကွင်းတွေ မြင်သိထိတွေ့လိုက်ရလို့ နောက်နှစ်တွေက စလို့ ရတနာ့ဂူသွားချင်တာ မပူဆာတော့၊ တောင်ပြုန်းဆိုတာ ဒီထက်ဆိုးတယ် ဆိုတာကြောင့် စိတ်မှပင် မကူးဖူးခဲ့တော့။ နန်းတော်ရှေ့ဆရာတင် သီချင်းထဲကလို “ တော်ပြီ တန်ပြီ၊ နောက်နှစ်ခါတော့ သည်နတ်ပွဲကို လာဖို့ရာ မရည်” ဟု ဆိုရမလို။
ဆက်ရန်
ဆူးငှက်
