ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌကို နှုတ်ထွက်ခိုင်းတဲ့ကိစ္စ အကြောင်းရင်းမှန်ရှင်းပြဖို့ မင်းတပ်မဲဆန္ဒရှင်များ တောင်းဆို

မင်းတပ် ဖေဖော်ဝါရီ ၂၆-၂၀၁၉

မိုင်ချယ်ရီ (VOM)

ချင်းပြည်နယ်လွှတ်တော်မှာ ဒုဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ မင်းတပ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) က  ပြည်နယ် လွှတ်တော်ကိုယ်စာလှယ် ဦးအောင်သန်းကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အကြောင်းကြားစာ ပေးပို့ ခဲ့ပါတယ်။ ဘာကြောင့် ဒီလို လုပ်ရတယ်ဆိုတာကို သိခွင့်ရဖို့ မင်းတပ်မြို့ မဲဆန္ဒရှင်ပြည်သူတွေကိုယ်စား  ၁၀ ဦးက လက်မှတ်ထိုးပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆီကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စာတင်တောင်းဆိုလိုက်ပါတယ်။

“ဒီကိစ္စ ဘာဖြစ်လို့ သူ့ကို ဖိအားပေးချင်း ခံရတာလဲ ဆိုတဲ့ဟာက မဲဆန္ဒရှင်တွေ အနေနဲ့ သိခွင့်ရှိတယ်။ ပြည်သူလူထုက သူ့ကို ယုံကြည်လို့ မဲပေးထားတာ။ အခုက ဘာဖြစ်လို့ နားခိုင်းလဲ ဆိုတာ မရှင်ဘူး။ အဂတိလိုက်စားမှုရှိလို့လား ဒါမှမဟုတ် တာဝန်လစ်ဟင်းမှု ရှိလို့လား ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းကို ကျော်လွန်ပြီး လုပ်လို့လား ဘာခေါင်းစဉ်နဲ့ သူ့ကို အရေးယူချင်တာလဲ။ အရေးယူမယ်ဆိုရင်တောင်မှ ချင်းပြည်နယ်အစိုးရရှိတယ်။  ချင်းပြည်နယ် လွှတ်တော်ရှိတယ်။  လွှတ်တော်နဲ့ အစိုးရ ဆုံးဖြတ်ရမယ့် ဟာကို ခုဟာက ဗဟိုချုပ်ကိုင်မှု အရမ်းများလွန်းတယ်။ ခုတောင်းဆိုတာကို သူတို့ မလုပ်ဘူးဆိုရင် လွှတ်တော် ဒုဥက္ကဋ္ဌဘက်ကနေ မားမားမတ်မတ် ရပ်တည်သွားမယ်” လို့ စာတင်တောင်းဆိုရာမှာ လက်မှတ်ထိုး ပါဝင်ခဲ့တဲ့ ဆလိုင်းမာန်အောင် က ပြောပါတယ်။

 

ဒီလို စာတင်တောင်းဆိုတာ မပြုလုပ်ခင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း သက်ဆိုင်ရာ အာဏာရ အစိုးရ နဲ့ ပြည်နယ်လွှတ်တော်ကနေ တာဝန်ရပ်ဆိုင်းစေတာမျိုး မဟုတ်ပဲ ပါတီအနေနဲ့ တာဝန်မှ ရပ်ဆိုင်းစေတယ်ဆိုတဲ့ အပေါ် မင်းတပ်မြို့ အရပ်ဖက် အဖွဲ့အစည်းတွေ အနေနဲ့ ပြင်းပြင်းထန်ထန် ရှုံ့ချတယ်ဆိုတဲ့ ကြေညာချက်ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။

 

ဒီဖြစ်စဉ်နဲ့ ပတ်သတ်လို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌကိုရော ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌကိုပါ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ လက်မှတ်နဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က လွှတ်တော် ဒုဥက္ကဋ္ဌ ကို ရာထူးကနေ နုတ်ထွက်ပေးဖို့နဲ့ ဒီလို နုတ်ထွက်ဆိုမပေးဘူးဆိုရင် လွှတ်တော်ကနေ ပြစ်တင်ရှုတ်ချနုတ်ထွက်စေမှာ ဖြစ်တယ်လို့ အကြောင်းကြားစာ ပေးပို့ပြီးတဲ့နောက်မှာ အခုလိုကိစ္စတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

 

ခုလက်မှတ်ထိုးတောင်းဆိုသူတွေက ပထမအဆင့်အနေနဲ့  သူတို့တောင်းဆိုချက်ကို ပါတီဗဟိုက လို်က်လျောပေးဖို့ခဏစောင့်မှာဖြစ်ပြီး မလိုက်လျောဘူးဆိုရင် တခြားလှုပ်ရှားမှုတွေကို လုပ်ဆောင်သွားမယ်လို့  ဦးဆောင်လှုပ်ရှားသူတွေက ပြောပါတယ်။

 

#voiceofmyanmar#ဦးအောင်သန်း#ချင်းပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ

 

Related posts

Leave a Comment

VOM News

FREE
VIEW