ချင်းတွင်းမြစ်ကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေ ရေယာဥ်တွေရောင်းပြီး အလုပ်တွေပြောင်းနေ

မတ် ၇-၂၀၂၂
SP (VOM)
 
စစ်ကိုင်းတိုင်း၊ မုံရွာ ဆိပ်ကမ်းကနေ ခန္တီးမြို့အထိ ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေဟာ ပို့ဆောင်ရေးသုံး ရေယာဥ် (မော်တော်)တွေကို ရောင်းချပြီး တခြားလုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်နေတဲ့အတွက် ရေယာဥ် အရောင်းအဝယ် စျေးကွက်ဟာ မုံရွာ ဆိပ်ကမ်းမှာ နေ့စဥ်လိုလို ဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
 
” အဓိက အရောင်းအဝယ်ဖြစ်တဲ့ ရေယာဥ်အမျိုးအစားက ၊ ကုန်တင်ယာဥ်တွေဖြစ်တယ် ၊ ဧရာဝတီမြစ်ကြောင်းဘက် လုပ်ငန်းရှင်တွေက လာဝယ်ကြတာပါ ၊ အရောင်းအဝယ် နေ့တိုင်းဖြစ်တယ် ” လို့ ချင်းတွင်းမြစ်ကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
 
ဒါ့အပြင် ချင်းတွင်းမြစ်ကြောင်းမှာ ဆွေစဥ်မျိုးဆက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်လာခဲ့တဲ့ ဝါရင့် လုပ်ငန်းရှင်တယောက်က” ရေလမ်းကြောင်းကနေ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေက ရပ်နားထားရတာ တစ်နှစ်ကျော်ပြီ ၊ ရေယာဥ်ဆိုတာ ရပ်နားထားပေမယ့် ကုန်ကျစရိတ်က အမြဲတမ်းတက်နေတာ ၊ ပြစ်ထားလို့မရဘူး ၊ ရေယာဥ်လုပ်သားဆိုတာ အမြဲရှိရတယ် ၊ ကုန်စည်ပို့ဆောင်ရေး ရေယာဥ်တွေ မထွက်ရဘူးလို့တော့ တရားဝင် ပိတ်ပင်ထားတာ မရှိဘူး ၊ မြစ်ကြောင်းတလျှောက် တောင်းရမ်း လုယက်သူတွေများပြီး ၊ ပို့ကုန်အများစု မသယ်ရဘူးလို့ ကန့်သတ်ခံထားရတဲ့အတွက် လုံခြုံမှုမရှိတာကြောင့် မသွားရဲကြတာပါ ၊ အဲ့ဒါကြောင့် လုပ်ငန်းပြောင်းလုပ်တဲ့သူ များလာတာ “လို့ ပြောပါတယ်။
 
ချင်းတွင်းမြစ်ကြောင်း ရေလမ်းခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ၊ လမ်းပန်းဝန်ကြီးဌာနရုံး တာဝန်ရှိသူတယောက်က ” မြစ်ကြောင်းလုံခြုံရေးလုပ်ငန်းတွေ တိုးမြင့်ဆောင်ရွက်ထားပါတယ် ၊ ရေတပ်အဖွဲ့က ဦးဆောင်ပြီး ရေကင်းလှည့်တာတွေရှိတယ် ၊ ထိတွေ့တိုက်ပွဲငယ်လေးတွေကတော့ မကြာခဏဖြစ်တတ်တယ် “လို့ ပြောပါတယ်။
 
ချင်းတွင်းမြစ်ကြောင်း ပုဂ္ဂလိကရေယာဉ်တွေ စနစ်တကျပြေးဆွဲရေး ကော်မတီဌာန ရဲ့ စာရင်းပေါက် ရေယာဥ်အရေအတွက် ကိန်းဂဏန်းဟာ ကုန်စည်ပို့ဆောင်ရေး ရေယာဥ်အသင်း (၁၉) သင်း ၊ ရေယာဥ်အစီးရေ ၄၉၂ စီးနဲ့ ခရီးသည်တင် ရေယာဥ်အသင်း ( ၈) သင်း ၊ ရေယာဥ်အစီးရေ ၁၃၄ စီး ရှိတဲ့အနက်က ကုန်တင်ရေယာဥ် တဝက်နီးပါးဟာ ရေယာဥ်တွေ ရောင်းချပြီး ၊ ကုန်လမ်းပို့ဆောင်ရေး လုပ်ငန်းဘက်ကို ကူးပြောင်းကာ ကုန်တင်ကားတွေ ဝယ်ယူပြေးဆွဲနေတာဖြစ်တယ်လို့ သိရပါတယ်။
 
ပုံစာ-ချင်းတွင်းမြစ်ကြောင်း မုံရွာဆိပ်ကမ်းပုံ
#voiceofmyanmar #VOM #မုံရွာ #ရေယာဉ်လုပ်ရှင် #ရေယာဉ်ရောင်း #အခြားလုပ်ငန်းပြောင်းလဲလုပ်ကိုင်

Related posts

Leave a Comment

VOM News

FREE
VIEW