အသက် ၀၀ရှူပါရစေ

ဆူးငှက်

တကယ်တော့ မန္တလေးမှာ မွေးဖွားကြီးပြင်းရခြင်းကို ရတောင့်ရခဲ ဒုလ္လဘတစ်ခုအဖြစ် ပြောဆိုရေးသားရခြင်းကား ယခုခေတ်ကာလ၌ အလွန်ကျဉ်းမြောင်း သိမ်ဖျင်းလှသော ဒေသစွဲစိတ်တစ်ခုသဖွယ် အပြစ်တင်ရပေမည်။ သို့သော်မတတ်နိုင်….။ ပြောစရာရှိ၍ ပြောရပေဦးမည်။

မန္တလေးသည် မြန်မာပြည်အလယ်ပိုင်း မိုးနည်းရေရှားဒေသမှာ တည်ရှိဆိုငြား ပုဂံခေတ်ကတည်းက တူးဖော်ဆည်ဖို့ သိုလှောင်ထားသည့် ဧရာမအောင်ပင်လယ်ကန်ကြီးက အရှေ့မှဆီးသည်။ တောင်မှာ သဘာဝအင်းကျယ်ကြီးဇောင်းကလောနှင့် တောင်သမန် ရှိသည်။ အနောက်တောင်ထောင့်မှာ တက်သိမ်းအင်းပြင်၊ ထို့နောက် ဧရာဝတီမြစ်က အနောက်မှဆီးထား၏။မြောက်မှာက နန္ဒာကန်တဲ့။ ဤသို့ဖြင့် ရေပတ်လည် ဝိုင်းသည်။ ရွှေမြို့တော်တွင်းသို့ လက်တံမြောင်းအသီးသီးနှင့်ရသွင်း၏။ ကျုံးတော်ကြီးကလည်း ကြာမျိုးငါးမည်နှင့် ရေဖြည့်ထားသည်။ ရွှေတချောင်းရေရှင်ရေသန့်မြောင်းကလည်း သွင်သွင်စီးသည်။ ရတနာနဒီမြစ်ကို တူးဖော်ပြီး မင်းခမ်းမင်းနားနှင့် ရေကင်းနရီသံ စီစီညံစေသည်။ ထိုထိုရေချောင်း၊ရမြောင်း၊ ရေကန်၊ ရေဆည်၊ ရေအင်းတို့၏ ကလနားတွေမှာ အရှေ့ရိုးမကြီးရှိသည်။ အလယ်ရိုးမ မင်းဝံတောင်ရိုးကြီးရှိသည်။ အရှေ့ဘက် မိုင်၂ဝ အတွင်းပေါ့။ အနောက်ဘက် ၄ မိုင်၊ ၅ မိုင်အတွင်းပေါ့။ မြို့၏အရှေ့ဘက် ၄ မိုင်အကွာမှာ ရန်ကင်းတောင် တောပူစာရှိသည်။ မြို့မြောက်ခြမ်းမှာ မန္တလေးတောင် တောင်ပူစာရှိသည်။

ကျွန်တော်သည် ရွေ့သည်မျှပြောနေတာက အကြောင်းရှိသည်။ ဥပုသ်နေ့လို နားရက်ဖြစ်စေ။ အခြား နေ့ကြီးရက်ကြီးတွေမှာ ဖြစ်စေ၊ မန္တလေးမှာ ကျေးငှက်သာရကာနှင့်၊ ကြာရိုးကြာစွယ်နှင့်၊ အင်းရေအင်းကန်နှင့်၊တောနှင့်တောင်နှင့်၊ ပျိုးခင်း လယ်ကွင်းနှင့်၊ အရိပ်ခိုစရာက နီးနီးတစ်မျိုးဝေးဝေးတစ်မျိုး အဆင်သင့်ရှိနေသည်။ ထိုအခါ လူ့ဘဝ၏ဖြတ်သန်းမှုတွင် ပရိယေသန ဝမ်းစာနှင့်အတူ ခံစားနားခို အားမွေးခြင်းအတွက် မန္တလေးက ရေကြည်ရာမြက်နုရာဖြစ်ပုံကို သိသာစေခြင်းဖြစ်သည်။ စရိတ်စကမကုန်၊ အချိန်မကုန်၊ စက်ဘီးလေးတစ်စီး ရှိရုံနှင့် ပြီးမြောက်သည်။ တောင်တက်၊ ဘုရားဖူး၊ ရေကူး၊ ငါးမျှား၊ ငှက်ကြည့်၊ တောလည်၊ ဆည်ရေချိုး ကြိုက်သလို အမျိုးမျိုးခံစားဆောင်ရွက
င်ပါဘိ။ ဒါကိုပြောလိုခြင်းဖြစ်သည်။

ထို့ကြောင့်လည်း ကျွန်တော် ငယ်စဉ်ကတည်းက ဝါသနာတစ်ခုမှာ စက်ဘီးတစ်စီးနှင့် အလည်ထွက်ခြင်းဖြစ်သည်။ အိမ်ကစထွက်တော့ ဘယ်ရယ်လို့မဟုတ်။ ခြေဦးတည့်ရာဖြစ်၏။ ကွေ့ချင်စိတ်ရှိသည့် လမ်းမှာကွေ့လိုက်သည်။ ဆက်စရာရှိလျှင်ဆက်သည်။ ဤသို့ဖြင့် တစ်ပြဝင် တစ်ပြထွက် ဟိုလမ်းဝင် သည်လမ်းထွက်နှင့် စိတ်ကူးပေါက်သည့်နေရာ ရောက်သွားခြင်းဖြစ်၏။
အိမ်ကအနောက်ဘက်သို့ ဦးတည်မိလျှင် မြစ်ဆိပ်ဘက်ရောက်သည်က များသည်။ အေလမ်းအတိုင်း အနောက်ဆင်းပြီး ဂေါဝိန်ဆိပ်သို့ ရောက်သွားခြင်းဖြစ်၏။ ကုန်တင်ကုန်ချ အလုပ်သမား နားနေရိပ်သာအနီး ကျောက်တမံကြီး အနား စက်ဘီးလေးထောင်၊ သော့ခတ်ပြီး သစ်ပင်ကြီးခြေရင်းရှိ အုတ်ခုံလေးပေါ်ထိုင်ကာ တောင်သို့မျှော်သည်။ အနောက်သို့မျှော်သည်။ မြောက်သို့မျှော်သည်။ တောင်ဆီမှာ မြစ်ပြင်ကမူများနှင့်ရောနေ၏။ ခိုတောင်လှေကလေးတွေ မြစ်ကိုဖြတ်ကူးနေသည်။ အဝေးဆီက အဆန်သင်္ဘောကြီးတစ်စီး တရွေ့ရွေ့လာနေ၏။ အစက်အပြောက်ကလေးမှသည် ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာသည်။ ရာသီဥတု ကြည်လင်နေလျှင်ဖြင့် ခပ်ဝေးဝေးက အင်းဝတံတားကြီးကို ပျပျမြင်ရဖူးသည်။ အနောက်ဆီမျှော်လိုက်တော့ မင်းဝံတောင်ရိုးပေါ့…။ သူကတော့ ပီပြင်လှသည်။ အရောင်သွေးက စိုနုသစ်လွင်နေ၏။ အခြေမှာ ကျွန်းထဲ ရွာရှည်တန်း၏ သစ်ပင်အုပ်အုပ်တွေကို မြင်နေရသည်။ သစ်ပင်အုပ် စိမ်းညို့ညို့ကြားမှာ ဘုန်းကြီးကျောင်း သွပ်မိုးပြောင်ပြောင်များက တခါတရံ တဖျပ်ဖျပ်နှင့် မှန်ပြနေသည်။ သစ်ပင်အုပ်နှင့်မြစ်ပြင်ကြား ကိုင်းခင်းတွေက စိမ်းနုသွေး စုတ်ချက်ပေးနေသည်။ စိမ်းနုသွေးထဲ မီးခိုးလေးတွေ အူအူထနေသည့် ကိုင်းတဲလေးတွေလည်း တွေ့ရ၏။ လွန်းတင်လှေတွေဆီက မီးခိုးမှိုင်းတွေ လွင့်တက်လာတာလည်း တွေ့ရ၏။ မြစ်ပြင်ကတော့ လှိုင်းအိလေးများကို စည်းချက်ကျကျ လှုပ်ခတ်ပေးနေသည်။ မြောက်ဆီမှာလည်း မြစ်ပြင်ကမူထဲတိုးဝင်နေ၏။ သို့သော် ခပ်ပါးပါး…..။ မင်းဝံတောင်ရိုးက ထုံးသင်္ကန်းဖွေးဖွေးနှင့် စေတီပုထိုးများကို မူထဲ၌ ပွင့်နေစေ၏။

ဟိုဝေးဝေးမှာ လေးလက်မ စုတ်ပြားကြီးနှင့် တစ်ချက်တည်း တို့ခတ်ထားသလို ထုထည်တစ်ခုကို ခပ်မှိုင်းမှိုင်းမြင်နေရသည်။ မင်းကွန်းပုထိုးတော်ကြီးတဲ့။ မြစ်ထဲမှာတော့ ‘ဘော်ဘော်’အသံပေးရင်း ဖောင်ဆွဲမော်တော်တစ်စီး စုန်လာသည်။ အနောက်ဘက်ကမ်းမှာတော့ ရွက်ဖောင်းဖောင်းနှင့် အညာလှေကြီး တစ်စီးက ဆန်နေ၏။ ဟောသည်ဘက်ကမ်းမှာတော့ အစုန်အဆန်သင်္ဘော၊ မော်တော်မျိုးစုံဆိုက်ကပ်ထားသည်။

ဂေါဝိန်ဆိပ် ထိုင်နေကျ အုတ်ခုံမှာ အတော်ကြာကြာ ထိုင်ပြီးသောအခါ စက်ဘီးကလေးကို ကောက်စီးပြီး တာရိုးအတိုင်း မြောက်သို့ ဦးတည်သည်။ ထင်းဝင်းဆိပ်မရောက်မီ သစ်လုံးတင် မီးရထာတွဲတစ်စီးကို ရေနံရုံးဝင်းကြားမှ ဖြတ်ဝင်လာတာတွေ့ရ၏။ သစ်တင်တွဲတွေ သာမက ဆီဘောက်ဆာကြီးတွေလည်း ပါသည်။ ထင်းဝင်းအနီး သစ်စက်ကြီး၏ အင်ဂျင်ကြီးက အချက်ကျကျရေနွေးငွေ့တွေ မှုတ်ထုတ်ပေးနေသည်။ တာရိုးအတိုင်း မြောက်သို့ ခရီးဆက်ဖြစ်လိုက်သည်မှာ မရမ်းခြံဆိပ်၊ ကျွဲစွန်းဆိပ်၊ ကျောက်သပိတ်၊ ညောင်ကွဲမှ အိုးဘိုဘက်ပြန် ချိုးပြီး အိုးဘိုဈေး ကားဝါဂိတ်က ဈေးဆိုင်လေးတွေမှာ မုန့်တီတစ်ပွဲစားပြီးမှ အိမ်ပြန်ဖြစ်သည်။ အိမ်က အရှေ့ဘက် ဦးတည်မိလျှင် အနီးဆုံးက ဘူတာရုံသို့ ဝင်ဖြစ်ခြင်းဖြစ်၏။ (ထိုစဉ်က အိမ်မှာ ဒေါင်းရိုးရပ်ထဲမှာဖြစ်သည်။) ကျွန်တော်က ငယ်စဉ်ကတည်းက ရေနွေးငွေ့စက်ခေါင်းကြီးတွေကို အလွန်သဘောကျ၏။ ထိုစက်ခေါင်းကြီးများ၏ ဖွဲ့စည်းပုံ ဒီဇိုင်းများက အလွန်စိတ်ဝင်စားစရာကောင်းသည်။ အင်အားပါသည်။ သန်မာသည်။ ခံ့ညားသည်။ အခက်အခဲမှန်သမျှ ဖြတ်ကျော်သွားမည်ဟူသော အရိပ်လက္ခဏာအပြည့်နှင့်ဖြစ်၏။

ကျွန်တော်က မန္တလေးဘူတာထဲရောက်လျှင် ဘူတာတောင်ဘက်အဖျားထိသွားသည်။ ဘူတာအဆောက်အဦးကြီး အဆုံးတွင် ‘ရထားပြောင်းစီးရန်’ဟူသော ဆိုင်းဘုတ်ကြီးရှိသည်။ ထိုဆိုင်းဘုတ်ကြီး၏ တောင်ဘက်နားမှာ တည်ပင်လေးတွေ စိန်ပန်းပင်လေးတွေရှိသည်။ အခြားအပင်ကြီးတွေလည်း ရှိသည်။ အပင်ကြီးတွေ အခြေမှာ သစ်သားခုံဝိုင်းကြီးတွေရှိ၏။ ထိုခုံဝိုင်းကြီးတွေမှာ တမေ့တမောနားသည်။ မီးရထားစက်ခေါင်းကြီးတွေကို ကြည့်သည်။ ဝင်လာသောမီးရထားများ၊ ထွက်ခွာသွားသော မီးရထားများ၊ ရှန်တိန်လုပ်နေသော မီးရထားများ။ စင်္ကြံလက်မှတ် တစ်စောင်လျှင် တစ်မတ် (၂၅ပြား)ပေးပြီး တစ်နေကုန်နီးပါး ထိုင်နေနိုင်၏။ ခရီးသွားတွေ၏ ပြောသံဆိုသံတွေ ကြားရသည်။ သူတို့ လှုပ်ရှားမှုတွေကို မြင်ရသည်။

တော်တော်လေး အချိန်ယူပြီး သွားရသည့် ခရီးတစ်ခုလည်းရှိ၏။ ထိုခရီးစဉ်ကတော့ အနှစ်သက်ဆုံ ဖြစ်သည်။ အိမ်က စောစောထွက်၊ ထုံးဘူးတန်းက ကိုချစ်လက်ဖက်ရည်ဆိုင်မှာ ပဲနံပြားနှင့်ကော်ဖီတစ်ခွက်သောက်ပြီး အေလမ်းအတိုင်း အရှေ့သို့ တက်သည်။ အရှေ့တက်သည်ဆိုရာ၌ မေမြို့(ပြင်ဦးလွင်)လမ်းအထိရောက်အောင် တက်ရခြင်းဖြစ်၏။ နာမည်ကျော် အောင်ပင်လယ်ကွေ့အထိပေါ့။

ထိုစဉ်က အောင်ပင်လယ်ကွေ့မှာ နာမည်ကြီးသည်။ အခုလို လမ်းကျယ်ကျယ် မဟုတ်ဘဲ ကန်ပေါင်ရိုးအမြင့်မှ တစ်ဆစ်ချိုး အဆင်းအကွေ့ဆိုတော့ ကားမတော်တဆ အမှုတွေက အတော်များသည်။ ထို အောင်ပင်လယ်ကွေ့ရာက်တော့ မြောက်သို့ ချိုးလိုက်သည်။ အသွားအလာ နည်းသော ကတ္တရာလမ်းပေါ်မှာ တချို့နေရာများ၌ အခုလိုရာသီမျိုးတွင် စပါးတွေ လှန်းချင် လှန်းထားသည်။ ကောက်လှိုင်းတွေ ပုံချင် ပုံထားသည်။တွဲနှင့် တလင်းနယ်ချင် နယ်နေတတ်သည်။ ထို ကန်ပေါင်ရိုးလမ်းအတိုင်း မြောက်သို့ စက်ဘီး နင်းသွားတော့တောင်လေက အသံပေးတိုက်ကာ စက်ဘီးရော လူရော တွန်းပို့နေသည်။ လမ်းက လယ်ကွင်းပင်လယ်ကြီးထဲ ဖြတ်ထားသလို။ လယ်ကွင်းပင်လယ်ကြီးကိုကျော်ပြီး အရှေ့ဆီမှာ ရန်ကင်းတောင်နှင့် ရှမ်းရိုးမက ကာဆီးထား၏။ အနောက်ဘက် လက်ကွင်းမြစ်ပြင်ကို ကျော်ကြည့်လိုက်တော့ ရွှေရောင်တဝင်းဝင်းနှင့် ဝါခင်းကုန်းစတီကို ဖူးမြင်ရ၏။ လမ်းအနောက်ဘက်မှာ တခါတရံ တဲအိမ်စုကလေးတွေ တွေ့နေတတ်သည်။ ကန်ကောက်တဲ့။ သရက်ကုန်းတဲ့။ သရက်ကုန်း မရောက်ခင်မှာ သရက်ပင်တွေနှင့် ညို့နေသော ဘုန်းကြီးကျောင်းဝင်း တစ်ဝင်းရှိသည်။ သစ်ပင်တွေ အုံ့ဆိုင်းကာ သာယာလှ၏။ ကန်ပေါင်က ကျောင်းဝင်း ဝင်ပေါက်မှာ သွပ်မိုးနှင့် ဇရပ်အဆောင်ကလေး တစ်ခုရှိသည်။ တစ်ဖက်တစ်ချက်မှာ သစ်သားခုံတန်းရှည်လေးနှင့် …..။ ထိုခုံတန်းလေးမှာ နားခိုရင်း အရှေ့ရန်ကင်းတောင်ဆီ လှမ်းမျှော်ကြည့်မိသည်။ ကျောင်းဝင်းအတွင်း စေတီဆီမှ ဆည်းလည်းသံလေးတွေ လွင်လာ၏။

ရန်ကင်းတောင်ခြေမှာ သစ်ပင်အုပ်အုပ်နှင့် ရွာစုလေးတွေ မြင်နေရသည်။ လယ်ကွင်းတွေကြားမှာ ဖြောင့်တန်းနေသော မြောင်းတချို့ကို တွေ့သည်။ မြောင်းပေါင်အတိုင်း လိုက်သွားလျှင် ထိုရွာကလေးတွေဆီ ရောက်မည်။ သွားချင်စမ်းပါဘိ ….။

အခုတော့ ထိုအရာအားလုံး အိပ်မက်ဖြစ်သွားချေပြီ။ မန္တလေးမှ မနက်စောစော ကျန်းမာရေးအတွက်မှ လွဲလို့ စက်ဘီးစီးကာ သွားလို့လာလို့ မကောင်းတော့။ မြစ်ဆိပ်၊ ဘူတာ၊ အောင်ပင်လယ် အရာအားလုံးသည် သဘာဝအတိုင်း မဟုတ်တော့။ သဘာဝတွေ ပျက်စီးကုန်တာ တိုးတက်ခေတ်မီကုန်လို့လား။ ဒီလိုလည်းမဟုတ်၊ အဟောင်းအကောင်း ပျက်သလို အသစ်လည်း တူတူတန်တန် မရတာလား။
လတ်တလော မန္တလေးကား အသက်ရှူပေါက်တွေ ကျဉ်းချေပြီ။
အသက်ရှူ မဝတဲ့ မန္တလေး….။

#VOM #voiceofmyanmar #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW