ရုရှားကို လူ့အခွင့်အရေးကောင်စီ၀င်အဖြစ်ကနေ ကုလသမဂ္ဂ ဆိုင်းငံ့၊ ရုရှားကလည်း နှုတ်ထွက်ကြောင်း ကြေညာ

နယူးယောက်၊ ဧပြီ-၈-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းမှာ ရုရှားရဲ့ လူ့အခွင့်အရေး ပြင်းပြင်းထန်ထန် ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ရုရှားကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့၀င်နိုင်ငံအဖြစ်မှ ဆိုင်းငံ့ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံက ဧပြီ ၇ ရက်မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

ဒီလိုဆုံးဖြတ်ပြီးနောက် ရုရှားကလည်း ကောင်စီ၀င်အဖြစ်မှ နှုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ အဲဒီမဲခွဲဆုံးဖြတ်မှုမှာ ထောက်ခံမဲ ၉၃ မဲ၊ ကြားနေမဲ ၅၈ မဲနဲ့ မဲမပေးတဲ့ နိုင်ငံ ၂၄ နိုင်ငံရှိခဲ့ပါတယ်။

အဲဒီလုပ်ရပ်ဟာ တရားမ၀င်ကြောင်းနဲ့ နိုင်ငံရေးအရ ခြေထိုးတဲ့လုပ်လုပ်ရပ်ဖြစ်ကြောင်း မဲခွဲဆုံးဖြတ်မှုပြီးနောက် ကုလသမဂ္ဂဆိုင်ရာ ရုရှားလက်ထောက်သံအမတ်ကြီး ဂျန်နာဒီကူဇ်မင်က ပြောဆိုခဲ့ပြီး လူ့အခွင့်အရေးကောင်စီကနေ ရုရှားနှုတ်ထွက်ဖို့ ဆုံးဖြတ်ကြောင်း သူကကြေညာခဲ့ပါတယ်။

ရုရှားကို လူ့အခွင့်အရေးကောင်စီမှ ဆိုင်းငံ့လိုက်တဲ့ ဧပြီ ၇ ရက်ဆုံးဖြတ်ချက်အရ ကုလသမဂ္ဂအထွေထွေညီလာခံဟာ နောက်ပိုင်းမှာ အဲဒီဆိုင်းငံ့မှုကို အဆုံးသတ်ဖို့ သဘောတူနိုင်ပါတယ်။

ဒီလိုမျိုး အဖွဲ့၀င်နိုင်ငံတစ်နိုင်ငံကို လူ့အခွင့်အရေးကောင်စီအဖွဲ့၀င်နိုင်ငံအဖြစ်မှ ဆိုင်းငံ့တာဟာ ကြုံတောင့်ကြုံခဲဖြစ်ပြီး လစ်ဗျားခေါင်းဆောင်ဟောင်း မာမွန်ကဒါဖီကို သစ္စာခံတဲ့တပ်ဖွဲ့၀င်တွေက ဆန္ဒပြသူတွေကို အကြမ်းဖက်မှုကြောင့် လစ်ဗျားနိုင်ငံကို ကောင်စီ၀င်အဖြစ်မှ ၂၀၁၁ ခုနှစ်မှာ ဆိုင်းငံ့ခဲ့ဖူးပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #နယူးယောက်

Related posts

Leave a Comment

VOM News

FREE
VIEW