အင်းစိန်အကျဥ်းထောင်မှ နိူင်ငံရေးအကျဥ်းသားအချို့ ထောင်ပြောင်းရွှေ့ခံရ

ဧပြီ ၂၆-၂၀၂၂
KK(VOM)

အင်းစိန်အကျဥ်းထောင်မှ နိူင်ငံရေးအကျဥ်းသားအချို့ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အကျဥ်းထောင်အသီးသီးကို ပြောင်းရွှေ့ခဲ့တယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။

ဒီလိုပြောင်းရွှေ့ရာမှာ ကျောင်းသားသမဂ္ဂအချို့နဲ့ နိူင်ငံရေးအကျဥ်းသားအချို့လည်း ပါဝင်တယ်လို့ နိူင်ငံရေးအကျဥ်းသားဟောင်းတဦးက ပြောပါတယ်။

” ရတကသ ဗဟိုအလုပ်အမှုဆောင် ကိုအောင်ဖုန်းမော်နဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒု ဥက္ကဋ္ဌ ကိုဆစ်နိုင်လည်းပါတယ်၊ အခြားနိူင်ငံရေးသမားတွေ NLD ပါတီဝင်တွေလည်းပါတယ်”လို့ သူက ပြောပါတယ်။

နိူင်ငံရေးအကျဥ်းသားတဦးရဲ့မိခင်က”မနေ့က အန်တီသားလေးပြောင်းတယ် သာယာဝတီထောင်ကို၊ သူကထောင်ဆယ်နှစ်ကျတာ ပြောင်းပြီးမှသိရတာ”လို့ ပြောပါတယ်။

ထောင်ပြောင်းရွှေ့ရာမှာ မိသားစုဝင်တွေအနေနဲ့ကြိုတင်မသိရတဲ့အတွက် ထောင်ကျနေသူတွေအတွက် စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ သူကပြောပါတယ်။

မိသားစုဝင်တွေကို အသိမပေးတာဟာ လုံခြုံရေးအနေအထားရဖြစ်ပြီး ထောင်ပြောင်းပြီးမှသာ မိသားစုကိုအသိပေးခဲ့တာဖြစ်လို့ အကျဥ်းဦးစီးဌာန တာဝန်ရှိသူတဦးက ​ရှင်းပြပါတယ်။

“လုပ်ငန်းသဘာဝအရ ပြောင်းရွှေ့တဲ့ဦးရေနဲ့ နေရာကိုထုတ်ပြန်ခြင်းမရှိပါဘူး၊ပြောင်းတဲ့အခါမှာ ပုဒ်မခွဲခြားခြင်းမရှိပါဘူး၊လုပ်ထုံးလုပ်နည်းနဲ့အညီ ပြောင်းသင့်သူတွေကိုပြောင်းပါတယ်”လို့ သူကပြောပါတယ်။

အင်းစိန်ထောင်ပြောင်းရွှေ့ရတဲ့အကြောင်းအရင်းဟာ ထောင်အတွင်း ကျပ်တည်းမှုရှိနေတဲ့အတွက် နေရာမပေးနိူင်လို့ နေရာလွတ်နေတဲ့ထောင်တွေကို ပြောင်းရွှေ့ပေးနေတာ အကျဥ်းဦးစီးဌာနကနေ သိရပါတယ်။

နကစကောင်စီလက်ထက် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အရေအတွက် ၇ ကြိမ်ရှိခဲ့ပြီး၂၀၂၁ ခုနှစ်အတွင်းက ဖေဖော်ဝါရီ ၂၁ ရက်မှာ ၂၃,၃၁၄ ဦး၊ ဧပြီ ၁၇ ရက်မှာ ၂၃,၄၀၇ ဦး၊ ဇွန် ၃၀ ရက်မှာ ၂,၂၉၆ ဦး၊ အောက်တိုဘာ ၁၈ ရက်မှာ ၅,၆၃၆ ဦး ၂၀၂၂ ခုနှစ်အတွင်း ဖေဖော်ဝါရီ ၁၂ ရက်မှာ ၈၁၄ ဦး၊ မတ် ၂ ရက်မှာ ၅ ဦး၊ ဧပြီ ၁၇ ရက်မှာ ၁,၆၁၉ ဦးတို့ကို VOM ကပြုစုထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

အဲ့ဒီလွတ်ငြိမ်းချမ်းသာခွင့် ၇ ကြိမ်မှာ စုစုပေါင်း ၅၇,၀၉၁ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ပါတယ်။

ဒီလိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့၅၇,၀၉၁ ဦးထဲမှာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဖမ်းဆီး၊ ချုပ်နှောင်ခံရသူ ၄,၅၅၆ ဦးခန့်သာ ပါဝင်တာကြောင့် စုစုပေါင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူဦးရေရဲ့(၈)ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ ISP Myanmarရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #အင်းစိန်ထောင် #ပြောင်းရွှေ့မှု

Related posts

Leave a Comment

VOM News

FREE
VIEW