ဂွမြို့နယ်က ပင်လယ်ကမ်းခြေမှာ နိုင်ငံသားအထောက်အထားမဲ့သူတွေရဲ့ အလောင်းတွေတွေ့ ​

မေ ၂၅-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ မနေ့ မေလ ၂၄ ရက်နေ့က နိုင်ငံသားအထောက်အထားမဲ့ အလောင်း ၄ လောင်းတွေ့ရှိပြီး ဒီကနေ့မှာလည်း နောက်ထပ်အတည်မပြုနိုင်သေးတဲ့ အလောင်း ၃ လောင်းလောက် ထပ်တွေ့ထားတယ်လို့ ဒေသခံတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့က VOM ကို အတည်ပြုပြောပါတယ်။

မနေ့ မေလ ၂၄ ရက်နေ့က ဂွမြို့နယ်၊ မကျည်းငူအုပ်စုနဲ့ တောင်ပေါက်ကျေးရွာအုပ်စုဖက်က ပင်လယ်ကမ်းခြေတွေမှာ အဲ့ဒီအလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဂွမြို့ဒေသခံ ကိုကျော်မြင့်မောင်က “ ဒီမှာ အခုလောလောဆယ် ဒီဖက်မှာ လာမြုပ်ထားတာကတော့ မနေ့က ၄ လောင်း တွေ့ထားတယ်။ ဒီနေ့မနက်လည်း တွေ့တယ်လို့အသံကြားတယ်။ ဧရာဝတီတိုင်းဖက်မှာလည်း လှေမှောက်တာ အလောင်းတွေ ၁၇၊ ၁၈ လောင်းလောက်တွေ့တယ်လို့ကြားတယ်။ ဒီဖက်မှာတော့ အတိအကျမသိသေးဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဆက်လက်ရှာဖွေမှုတွေပြုလုပ်နေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

“အဲဒါက ကျနော်တို့လည်း အခုရှာဖို့သွားနေတုန်းပါပဲ။ အတည်ပြုလို့မရသေးဘူး။ လောလောဆယ်အထိ ၄၊၅၊ ၆ လောင်းလောက်တွေ့ထားပြီ။ ဆက်ရှာနေတုန်း မပြီးသေးဘူးဗျ” လို့ ပြောပါတယ်။

အခုတွေ့ရှိထားတဲ့ အလောင်းတွေဟာ ပြီးခဲ့ မေလ ၂၁ ရက်နေ့က ရုတ်တရက် လေပြင်မုန်တိုင်းတွေတိုက်ခတ်ရာကနေ ပင်လယ်ပြင်အတွင်း လှေတိမ်းမှောက်ရာက သေဆုံးသွားသူတွေ သောင်တင်လာတာဖြစ်ပါတယ်။

မေလ ၂၂ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ ရွှေသောင်ယံကမ်းခြေဖက်မှာ ရုပ်အလောင်း ၁၇ လောင်းတွေ့ရှိတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ဂွ #နိုင်ငံသားအထောက်အထားမဲ့ #အလောင်းတွေတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW