မုံရွာမှာ အသတ်ခံရသူများလာလို့ ဈေးမထွက်ရဲသူတွေများလာ

မေ ၊ ၂၅-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်မှာ ၊ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အရေအတွက်များလာလို့ စျေးမထွက်ရဲတဲ့ ဈေးသည်အရေအတွက် များပြားလာတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ် ။

မုံရွာမြို့ရဲ့ တခုတည်းသော မီးခွက်စျေးလို့ ပြောလို့ရတဲ့ ကန်သာယာ ပျံကျစျေးဟာ အရင်က မနက်စောစောဆိုရင် စျေးသည်၊စျေးဝယ်တွေနဲ့ အထူးစည်ကားနေပေမယ့် စျေးသည်အမျိုးသမီးတချို့ သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက်ပိုင်း ဈေးမထွက်ရဲတဲ့သူများလာတာဖြစ်တယ်လို့ သိရပါတယ်။

” အမျိုးသမီးတွေ သေနတ်နဲ့ ပစ်သတ်ခံရတာ ၂ ရက်ဆက်တိုက်ရှိပြီ ၊ သလ္လာအမှတ် ၁ ရပ်က ဒေါ်အေးအေးမာ ပစ်သတ်ခံရတယ် ၊ မနေ့က မနက်အစောပိုင်းက ကန်သာယာစျေးမှာ ဘီးစတင်းစောင့်တဲ့ ထန်းတောရပ်ထဲက အစ်မကြီး ဒေါ်ခင်လှဦး ပစ်သတ်ခံရပြန်တယ် ၊ အဲ့ဒီ ဖြစ်စဥ်တွေ မဖြစ်ခင် ၊ အရင်ကလည်း အမျိုးသမီးတွေ ပစ်သတ်ခံရတာ ရှိတယ် ၊ အဲ့ဒါကြောင့် စျေးသည်တွေက စျေးမထွက်ရဲတော့တာ”လို့ ကန်သာယာ ပျံကျစျေးသည်တယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှုတွေနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် ရဲတပ်ဖွဲ့က အကြမ်းဖက်မှုဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

” စျေးထဲမှာတင် သေနတ်နဲ့ ပစ်ခံရတာ ၄ ကြိမ်ရှိတယ် ၊ စျေးသွားစျေးပြန် လမ်းမှာ ပစ်သတ်ခံရတာက ၈ ကြိမ်လောက် ရှိတော့ တချို့က စျေးရောင်း မလာကြတော့ဘူး ” လို့ ကန်သာယာ ပျံကျစျေးသည်တယောက်က ပြောပါတယ်။

မုံရွာနယ်မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်ကစလို့ အခုနှစ် မေလအထိ လူသတ်မှုပေါင်း ၁ ရာနီးပါးရှိတဲ့အနက် အမျိုးသမီး အသတ်ခံရတဲ့ ဖြစ်စဥ်ဟာ ၃၀ ဝန်းကျင်ရှိနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အဲ့ဒါကြောင့် အခုရက်ပိုင်းမှာ မြို့တွင်းကို လှည့်လည်ရောင်းချတဲ့ ဆိုင်ကယ်စျေးသည် ၊ စက်ဘီးစျေးသည်နဲ့ ပျံကျစျေးသည်တွေဟာ စျေးမထွက်ရဲ ဖြစ်နေရတာလို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #အသတ်ခံရသူများလာ #ဈေးမထွက်ရဲ

Related posts

Leave a Comment

VOM News

FREE
VIEW