ဆူးငှက်
ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝ မန္တလေးမှာမေ့မရနိုင်သော လက်ဖက်ရည်ဆိုင်များ ရှိခဲ့သည်။ ထိုစဉ်ကာလ စတီရီယိုဟုခေါ်သော ခေတ်ပေါ်သီချင်းတွေ ခေတ်စားအရှိန်ရကာလ ဆိုတော့ အခုလို အိမ်တိုင်းစေ့၊ လူတိုင်းစေ့ အော်ဒီယိုပစ္စည်းတွေ မရှိသဖြင့် ‘အကိုင်း’စက်ကြီးတွေနှင့်သီချင်းဖွင့်သော အမှတ်တရ လက်ဖက်ရည်ဆိုင်တွေလည်း ရှိခဲ့ပါ၏။ အလားတူ အအေးဆိုင်များလည်း ရှိခဲ့ပါ၏။
သို့သော် ကျွန်တော့်အတွက် မေ့မရနိုင်သော လက်ဖက်ရည်ဆိုင်များ ဆိုသည်မှာ သီချင်းတွေ စက်သစ်ကြီးနှင့် ဖွင့်လို့လည်းမဟုတ်။ ဆိုင်အပြင်အဆင် ကောင်းလို့လည်း မဟုတ်။ လက်ဖက်ရည်တွေ မုန့်တွေ အဆင်ပြေလို့လည်း မဟုတ်။ ထိုစဉ်ကာလ ကျွန်တော်ကလည်း ‘စာရူးပေရူး’လို့ ပြောရမယ့်အချိန်မို့ စာပေနှင့်ပတ်သက်၍ အမှတ်တရဖြစ်ဖွယ် နေရာများကို ဆိုလိုခြင်း ဖြစ်ပါသည်။
၁၉၇၅ မှ ၇၉ ဝန်းကျင် မန္တလေးတက္ကသိုလ်တွင် အခြားအခြားသော လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ ကျောင်းလူတွေ တရုန်းရုန်းနှင့်မို့ ကျောင်းသားတွေ ကျောက်ချကြလေ့ရှိသော်လည်း ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်ကတော့ ပင်မဆောင်ကြီး အနောက်ဖက် ကုန်သွယ်ရေး ၉ စာအုပ်ဆိုင် နောက်ကျောဖက်က ‘ချိုကြီး’ကဖေးမှာပဲ လေးနှစ်လုံးလုံး စတည်းချခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုဆိုင်တွင် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းနှင့် ဌာနမှဆရာများ လက်ဖက်ရည်သောက်ရင်း ခပ်ကြာကြာထိုင်လေ့ရှိသောကြောင့်ဖြစ်သည်။ ထိုဆိုင်က လူသူကင်းရှင်းလေ့ရှိသောကြောင့် ဆရာကြီးတို့ ဝိုင်းက စကားပြောသံတွေကို အတိုင်းသားကြားရသောအခါ တောင်သမန်ကျောက်ခေတ်သစ် လူသားကျောက်ဖြစ်ရုပ်ကြွင်းများအကြောင်း၊ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်းကို ဆရာဗန်းမော်တင်အောင် ရေးသားပြုစုသောအခါ ကွန်မြူနစ်အမြင်နှင့် ရေးသားလေမလားလို့ မျှော်လင့်မိကြောင်း၊ ဒဂုန်တာရာဟု ဆိုလိုက်သည်နှင့်’လေနုအေးက တနွဲ့နွဲ့နော့နေဆဲကို’စာသားကို ဦးဆုံးသတိရမိကြောင်း စသည်ဖြင့်အကြောင်းအရာတွေက ကျွန်တော့်ကို သင်္ချာ ၂ဝ၂၊ ၂ဝ၃၊ ၂ဝ၄ တို့ထက် ပိုမိုဆွဲဆောင်နိုင်စေခဲ့ပါ၏။
ထို့ကြောင့် မနက်လင်း ကျောင်းရောက်သည်နှင့် အတန်းတစ်ချိန်လောက် တက်ကာ ချိုကြီးကဖေးဆီ ပြေးရတော့သည်။ ဆရာကြီးဒေါက်တာသန်းထွန်းတို့ ဝိုင်းပြန်သွားလျှင်တော့ ထိုအချိန်က ရေပန်းစားနေသည့် စိုင်းထီးဆိုင်၏ ‘စိတ္တဇအလွမ်း’တိတ်ခွေလေးကိုပဲ ချိုကြီးကဖေးက ကက်ဆက်လေးနှင့်ဖွင့်ကာ နားထောင်ဖြစ်ခဲ့ကြသည်။
ထို့နောက် သတိတရဖြစ်သော လက်ဖက်ရည်ဆိုင်တစ်ဆိုင်က ၂၆ ဘီလမ်း၊ သင်္ဘောတန်းထိပ်၊ ကုက္ကိုလ်ပင်ကြီးအောက်က ‘အကောင်းကြိုက်ကဖေး’ဖြစ်ပါ၏။ ဒီဆိုင်မှာတော့ စာရေးဆရာတွေ၊ စာပေပညာရှင်တွေ တွေ့ဆုံကြလို့ မဟုတ်။ ညဦးပိုင်းရောက်တိုင်း ကျွန်တော့်ကို စာပေနှင့်ပတ်သက်ပြီး ညွှန်ပြ၊ အားပေး၊ဆွေးနွေးတိုင်ပင်ကြသော အစ်ကိုဝမ်းကွဲများနှင့် ဆိုင်ပိတ်ချိန်အထိ စာအကြောင်း၊ ပေအကြောင်းတွေ ပြောဖြစ် ဆိုဖြစ်ကြလို့ဖြစ်သည်။
အကောင်းကြိုက်မှာ ကျွန်တော် မမီလိုက်သော လူထုသတင်းစာက နိုင်ငံတကာ သတင်းသုံးသပ်ချက်တွေ အကြောင်းပါသည်။ ကျွန်တော်မီဆဲဖြစ်သော ဟံသာဝတီသတင်းစာက တနင်္ဂနွေ အချပ်ပိုများနှင့်၊ စနေစာပေဝိုင်းတွေ အကြောင်း ပါသည်။ ထို့နောက်င်ဝင်းဆွေ၏ ‘ရေဆန်လမ်း’အကြောင်းပါသည်။ ကျော်အောင်၏ ‘သမဂ္ဂအလံတော်အာက်ဝယ်’ပါသည်။ မိုးဝေစာပေမဂ္ဂဇင်းက ဗညားသီဟ၏ ‘စာပေစစ်တမ်း’တွေ ပါသည်။ ထို့နောက် ‘ဒီရေမြင့်သစ်၊ ‘မီးလောင်မြေ ‘ ‘ငုယင် ဗန်ထရွိုင်း’စသည်။ ထို့ကြောင့် ‘အကောင်းကြိုက်ကဖေး’ကိုလည်း အမှတ်တရရှိခဲ့ပါ၏။
ကျွန်တော်ငယ်စဉ်ကာလ မနက်လင်းလျှင် ဦးလေးများ၏ စက်ဘီးဘားတန်းပေါ် ခုန်တက်၍လည်းကောင်း၊ ကယ်ရီယာပေါ် ခုန်ခွ၍ လည်းကောင်း အမြဲလိုက်ပါလေ့ရှိသည့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်လည်း ရှိပါ၏။ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရုံတော်ကြီး (၈၄ လမ်းနှင့် ၂၉ လမ်းထောင့်က) ထိုင်စိန်ကဖေးဖြစ်ပါသည်။ ထိုင်စိန်က ထိုစဉ်က ထုတ်ဝေသည့် ဟံသာဝတီသတင်းစာတိုက်နှင့် မျက်စောင်းထိုး ဓားလွယ်ခုတ်မို့၊ သတင်းစာတိုက်သို့ လာကြသည့် ဆောင်းပါးရှင်တွေ မနက်လင်းလျှင် ကာတွန်းဆရာတွေ ဆုံကြသည့်ဆိုင် ဖြစ်သည်။ ထိုင်စိန်မှာတော့ အမြဲလူစည်နေလို့ သူတို့စကားသံတွေ မကြားရ။ သို့သော် ထိုစဉ်က ပေါ်ပြူလာဖြစ်သည့် ကာတွန်းဆရာတွေကိုတော့ လက်ထဲမှာ ကာတွန်းရးဆွဲထားသည့် ပုံဆွဲစက္ကူလိပ်များနှင့်ဖြစ်သည်။ မှတ်မှတ်ရရ ကာတွန်း ‘ကမ္ဘာသိအေးဆွေ’က သူ့ကာတွန်းတွေကို ပုံဆွဲစက္ကူ ၁၅”×၂ဝ”ဆိုဒ်ကြီးများပေါ်မှာ ဆွဲလေ့ရှိ၏။ ထိုအချိန်က ‘ထိုင်စိန်’ကဖေးသည် ဟံသာဝတီ သတင်းစာတိုက်က စာပေအဝန်းအဝိုင်းတွင်လည်း
အချက်အခြာကျခဲ့လို့ အဓိကမှတ်မိသော ဆိုင်တစ်ဆိုင် ဖြစ်ခဲ့ပါသည်။
နောက်ထပ်မေ့မရသော လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကတော့ နာမည်ကျော် နန်းရှေ့ ဦးဘကျော့ဆိုင် ဖြစ်ပါသည်။ ဘာလို့ နာမည်ကျော်တာလဲ ဟူမူ ထိုစဉ်ကာလ စာမျက်နှာထက်ရောက်ရှိနေသော ကဗျာဆရာ၊ စာရေးဆရာတွေက ထိုဆိုင်မှာ စုသတဲ့။ ထို့ပြင် နန်းရှေ့ပန်တျာကျောင်းနှင့်လည်း မနီးမဝေးမို့ ပန်းချီဆရာ၊ ပန်းပုဆရာတွေလည်း လာတတ်ကြသတဲ့။ ဆရာနေမင်းပိုင်စိုး (ယခုပိုင်စိုးဝေ) ဆရာဝေချစ်ကို၊ ဆရာပိုင်ကျွမ်းတို့လည်း ထိုဆိုင်မှာ ရှိတတ်သတဲ့။ ဒါရိုက်တာပိုင်သတို့၊ တေးရေးဆူးတို့လည်း ရှိတတ်သည်။ ‘ဟင်္သာတို့ရဲ့ နန်းတော်ရှေ့’မွေးဖွားရာ ဘူမိနက်သန်လည်းဖြစ်မည်။
နန်းရှေ့ ဦးဘကျော့ဆိုင်က ယခုနန်းရှေ့ဈေးကြီး၏ မီးသတ်စခန်းဖက်က ဝင်ရသော လမ်းကြားအခြမ်းမှာရှိသည်။ လမ်းကြားနှင့် သစ်သားဝင်းထရံလေးပဲ ခြားတာပေါ့။ လက်ဖက်ရည်ဆိုင်မှာ သာမန် သစ်သား စားပွဲလေးတွေနှင့်ကျောမှီပါ သစ်သားထိုင်ခုံများအပြင် ရသေ့ကျောင်းဟုခေါ်သော ခုံရှည်ကြီးတွေလည်း ရှိသည်။ ထို့ပြင် လက်ဖက်ရည်ဆိုင်နှင့် တစ်ဆက်တည်းရှိသော ဈေးဆိုင်ခန်းအလွတ်တွေပေါ်မှာလည်း အေးအေးလူလူ ဝိုင်းဖွဲ့ လက်ဖက်ရည်သောက်ရင်း စကားဝိုင်းဖွဲ့နိုင်သည်။ အနောက်ပြင် ဒေါင်းရိုးရပ်မှာနေသော ကျွန်တော့်အဖို့ နန်းရှေ့ဈေးက ဦးဘကျော့ လက်ဖက်ရည်ဆိုင် သွားဖို့က ဥပုသ်တစ်ပတ်တစ်ကြိမ်ရောက်အောင်ပင် မနည်းကြိုးပမ်းရသည်။ ထို့ကြောင့် ဦးဘကျော့ဆိုင်ကိုဖြင့် အရောက်ကျဲခဲ့ပါ၏။ သို့သော် မန္တလေးစာပေအကြောင်း ပြောလျှင် ဦးဘကျော့ဆိုင်က မပါမဖြစ်ခဲ့။
ဦးဘကျော့ဆိုင်ကဝေးလို့ အရောက်အပေါက် နည်းခဲ့သော်လည်း မြို့လယ်ခေါင်ဖြစ်ပြီး အရှိန်အဝါကြောင့် အရောက်အပေါက်နည်းခဲ့သည့် လက်ဖက်ရည်ဆိုင် တစ်ဆိုင်လည်း ရှိခဲ့ပါ၏။ ထိုဆိုင်မှာ လမ်း ၃ဝ
နှင့် ၇၄ လမ်းထာင့်က ‘ဝင်းသီတာ’လက်ဖက်ရည်ဆိုင်ဖြစ်ပါသည်။ ထိုဆိုင်က မန္တလေးအခေါ်’ဆေးကျောင်း’ဟုခေါ်သော ‘မန္တလေး ေဆးတက္ကသိုလ်’၏ ရှေ့တည့်တည့်မှာ ရှိသည်။
ဝင်းသီတာမှာက ထိုစဉ်က ဆေးကျောင်းမှ ကလောင်တွေ စုကြသည်။ ဂျူး၊ စုထား၊ကျာ်စွာထက်၊ ပိုင်ကျွမ်း၊ လူမျိုးနော်၊ ကြည်ဇော်ဝင်း၊ ဂျိုဇော်၊နင်ဇော်၊ တင်မောင်သန်းစတဲ့ ဆရာဝန်လောင်း စာရေးဆရာတွေပေါ့။ ပြီးတော့ ဆေးကျောင်းမှာက ဆရာစိုင်းခမ်းလိတ် ရှိမည်။ ဆရာဒေါက်တာတင်သန်းမြင့် (ဆေး/မန်း) ရှိမည်။ ဆရာဒေါက်တာမောင်မောင် (မောင်ဆင်ခြင်)ရှိမည်။ ထိုစဉ်ကာလ ကျွန်တော်တို့က တောင်ကျောင်း (မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်)ကျောင်းသားတွေမို့ ကိုယ့်ထက် အရည်အချင်းသာသည်ဟု ခေါက်ရိုးကျိုး စွဲထင်နေသော အသိဖြင့် (အားငယ်တာရော၊မနာလိုတာရော) ‘ဝင်းသီတာ’လက်ဖက်ရည်ဆိုင်ဖက် ခြေဦးမလှည့်ဖြစ်ခြင်း ဖြစ်သည်။
ဘာပဲပြောပြော ထိုစဉ်က လက်ဖက်ရည်ဆိုင်များကိုတော့ သတိတရ လွမ်းဆွတ်မိပါ၏။ အနှစ်၄၀ကျော်ပေါ့။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး