နေ့ရောညပါ အေးစေ၊ ကလေးတွေ သီချင်းသီဆိုကြစေ

ဆူးငှက်

မန္တလေးမှာက မြန်မာပြည်အလယ်ပိုင်း ကုန်းခေါင်ခေါင်မှာပဲရှိလို့ သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားသိပ်ပြီး ကြုံခဲ့ဆုံခဲ့ပုံမရ ။ ကျွန်တော်တို့ငယ်ငယ်က အမေကြီးတို့ပြောသော ကိုးတာမီး ဆိုတာကြားဖူးသည်။ “အမလေးတော် ကိုးတာရပ်က လောင်လိုက်တဲ့မီးက ကိုးတာ၊ ဒီဘိုးဝင်း၊ ဓာတ်နန်း၊ဘီလူးမ၊ညာင်ပင်၊ ဥယျာဉ်တန်းကနေ ထီးလင်းတိုက်၊ မိုးကောင်းတိုက်၊ဂွေးချိုတိုက်၊ အိမ်တော်ရာဘုရားထဲက စောင်းတန်းတွေ၊ ဇရပ်တွေအကုန်ပါသွားတာ ဟိုမြောက် အင်းဘဲရောက်မှ လောင်တာရပ်သတဲ့” ဟု ပြောလေ့ရှိသည်။ နောက်မှ ရှာဖွေ ဖတ်ရှုရာတွင် ကိုးတာမီးက မြန်မာသက္ကရာဇ် ၁၂၇၁ခုနှစ်မှာ လောင်သည်။

နောက် အမေတို့ပြောဖူးတာ စစ်ကိုင်းငလျင်ဖြစ်သည်။ စစ်ကိုင်းမှာ ငလျင်ကြီး လှုပ်လိုက်တာ မြို့ထဲက ဘုရားတွေရော၊ စစ်ကိုင်းတောင်ပေါ်က ဘုရားတွေရော ပြိုကျ ကုန်သတဲ့ ။ ဧရာဝတီမြစ်ကြီးက ဘောင်ဘင်ခတ်သွားသတဲ့။ နာမည်ကျော် အင်း၀ တံတားကြီးလည်း နည်းနည်းနေရာရွေ့သွားသတဲ့။မန္တလေးမှာလည်း တိုက်တာအိမ်ခြေတွေ ပျက်စီးကုန်သည်ပြောသည်။ အဖေက “ငလျင်လှုပ်တယ်ဆိုတာ သိလိုက်ချိန် မြေကြီးတွေ တုန်ခါနေတာ လှိုင်းထနေသလိုပဲ။ လူတွေအားလုံး အိမ်တွေပေါ်ကပြေးဆင်းပြီး ဝပ်နေကြတာကွဲ့။ စစ်ကိုင်းမှာတော့ အကြီးအကျယ် ထိခိုက် ပျက်စီးကုန်တာပါပဲ။ နောက်ဆက်တွဲ ငလျင်တွေ လှုပ်တယ်။ နောက်ထပ်လည်း လှုပ်နိုင်သေးတယ်ဆိုပြီး အိမ်ပေါ်ကို ဘယ်သူမှ မတက်ရဲတော့ဘူး။ လမ်းတွေပေါ်မှာပဲ လေးငါးခြောက်ည အိပ်ကြရတာ”တဲ့။ ဒါက ငလျင် အတွေ့အကြုံ ဖြစ်သည်။

အဖေတို့ အမေတို့အရွယ် အကြီးအကျယ်ကြုံရတာက သဘာဝဘေးအန္တရာယ်တော့ မဟုတ်။ ဒုတိယကမ္ဘာစစ်ကြီး အတွေ့အကြုံဖြစ်သည်။ ဂျပန်ခေတ်တုန်းကပေါ့ဟု အစချီပြီးပြောတတ်ကြသည်။ကမ္ဘာမှာနိုင်ငံရေးပြဿနာတွေ ရှုပ်ထွေးကာ အခြေအနေတွေ တင်းမာနေသော်ငြား၊ မန္တလေးသည် ဘာသိဘာသာ နေတတ်သည့် ထုံးစံအတိုင်း အရောင်းအဝယ်မပျက် စည်ကားဆဲဖြစ်သည်။ စူးစမ်းသိမြင်လိုသော လူငယ်အနည်းစုလောက်သာ သတင်းစာတွေဖတ်၊နိုင်ငံတကာ သတင်းတွေ နားစွင့်နေကြပြီး ဖြစ်လာနိုင်သော နိုင်ငံရေးအခြေအနေကို သုံးသပ်ကြသည်။ အချင်းချင်း လက်တို့ သတိပေးကြသည်။ သို့သော် အများစုမှာ နိုင်ငံရေးရာ စိတ်ဝင်စား မအားကြ။ သက္ကရာဇ် ၁၃၀၂ ခု၊ပြာသိုလပြည့်ကျော် ၂ရက် ည ၉နာရီအချိန် (၁၃. ၁. ၁၉၄၁)က မန္တလေး၏ စနေထောင့်နှင့် တနင်္ဂနွေထောင့် ထောင့်ဖြတ် အဖြူတန်းကြီး တစ်နာရီကြာ ထင်ထင်ရှားရှားပါ်ထွက်ခဲ့ခြင်းအတွက် နိမိတ်ကောက်ပြောဆိုကြမှုများလောက်သာ နိုင်ငံရေးဟု အထင်ရောက်နေသည့် ကာလဖြစ်သည်။

ထို့ကြောင့် ၁၉၄၂ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အင်္ဂလိပ်တို့ အားအထားဆုံး စင်္ကာပူခံတပ်ကြီး ဂျပန်လက်အောက် ကျသွားကတည်းက နိုင်ငံရေးအခြေအနေ မသာမယာဖြစ်နေပြီဆိုတာ စူးစမ်းသိမြင် လူငယ်အနည်းငယ် နိုင်ငံရေးသမားမှအပ အများစု မန္တလေးသားတွေ ဂရုမပြုအားဘဲ အခြေမပျက်သွားလာရောင်းဝယ်နိုင်ကြသည်။

ပြောလို့သာပြောတာ မတ်လ ၈ရက်နေ့ရောက်တော့ ရန်ကုန်ရှိ အင်္ဂလိပ်အရာရှိတွေ မန္တလေးပြေးလာကြပြီ။ ရန်ကုန် မီးသတ်စက်ကြီးပါ မန္တလေးရောက်လာပြီ။ဈေးချို၊ တရုတ်တန်းတို့တွင် ရန်ကုန်က စစ်ပြေးတွေပြည့်နေ၏။ ဒါကိုပဲ မန္တလေးသားတွေကပျော်နေကြသည်။ သူတို့မြို့ကြီး ပိုပြီး စည်ကားလာသဖြင့် အငြိမ့်ငှား ဇာတ်ငှားပြီး ပွဲခင်းချင်နေကြသည်။ မန္တလေးကို ဂျပန်က ပထမဆုံးအကြိမ် ဗုံးကြဲသံကလည်း ဗုံးကြဲလေယာဉ်ပျံအုပ်ကြီးကို ထွက်ကြည့်ကြ၏။ ထိုစဉ်က နန်းတွင်းကိုပဲ ဗုံးကြဲသွား၍ ကြောက်ရကောင်းမှန်းမသိ။

၁၉၄၂ ခု ဧပြီ ၃ ရက် (၁၃၀၃ ခုနှစ် နှောင်းတန်းခူး လဆုတ် ၄ ရက်သာကြာနေ့)နံနက်၁၁ နာရီ အချိန်လောက်တွင် ဂျပန်လေယာဉ် အစင်း ၈၀လာက်က တကယ့် လူစည်ကားသော ဘူတာကြီးတစ်ဝိုက် တရုတ်တန်းတစ်ဝိုက်ရှိ လူနေစီးပွားရေး ရပ်ကွက်ကြီးကို ဗုံးများ ဒလကြမ်းကြဲချပြီး စက်သေနတ်များနှင့် တရစပ်ပစ်ခတ်၍ လူတွေအတုံးအရုန်း သေမှသာ ကြောက်ရကောင်းမှန်း သိသည်။ ဗုံးခိုကျင်းထဲ ပြေးဆင်းကြသည်။ ကျုံးမြို့ရိုးပြာဿဒ်များမှအစ ဘုန်းကြီးကျောင်းများအလယ် လူနေရပ်ကွက်များအထိ မီးဟုန်းဟုန်း တောက်လောင်ပြီး သေကြကြေကြ၊ ဒဏ်ရာရကြမှ စစ်ကို နဖူးတွေ့ ဒူးတွေ့ တွေ့ကြရပြီး ခါးသီးသော အတွေ့အကြုံ ခံစားကြရ၏။
ဤအဖြစ်အပျက်များက ကျွန်တော်တို့ မိဘအရွယ်
မန္တလေးသားတွေ မှတ်မှတ်ရရကြုံရသည့် အဖြစ်အပျက် များဖြစ်သည်။

သူတို့ သူတို့ အချင်းချင်းတွေ့ဆုံတိုင်း(သို့မဟုတ်) သူတို့အတွေ့အကြုံကို ပြန်ပြောလေတိုင်း ထိုစစ်ကာလကို ကျွန်တော် ယခုကဲ့သို့ သိကြားရခြင်းဖြစ်သည်။ ထို့နောက် စစ်ကိုင်းတောင် စစ်ခိုလှုံကာလများ။ ထို့နောက် ၁၉၄၉ခုနှစ် ပြည်တွင်းစစ် ကာလများ။

x x x

ကျွန်တော်တို့ မွေးဖွားကြီးပြင်းရာ အရပ်သည် မန္တလေးဈေးချိုတော် အနောက်ဘက်ရှိ ဒေါင်းရိုးရပ်ကွက်ဟု ဆိုပါက မပြည့်စုံသေး ။ဒေါင်းရိုးသင်္ဘောတန်းဟု ဆိုမှ ပြည့်စုံသည်။ ဘာလို့ ဒေါင်းရိုးသင်္ဘောတန်းဟုခေါ်တာလဲဟု လူကြီးများကိုမေးတော့ အရင်က ဒီနေရာမှာ သင်္ဘောတွေ ဆိုက်တာကွဲ့။ ဟိုမြောက်ဘက်အထိပေါ့။ ဒါကြောင့် ဒေါင်းရိုးသင်္ဘောတန်းဟုခေါ်ကြတာဟု ပြောပြသည်။ အမေကြီးက အရင်က မြစ်ရေကြီးရင် ဈေးချိုနာရီစင်အထိရောက်တာဟု ပြောတော့ နဖူးကြုံ့ပြီး စဉ်းစားရပြန်သည်။ အဘိုးက “နင်ကလည်း ပေါက်တတ်ကရ ။ အဲဒီတုန်းက ရေကြီးတာ မဟုတ်ပါဘူး။ တာရိုးကျိုးတာဟ ။မြစ်ရေကြီးပြီး တာရိုးကျိုးတော့ ရေတွေက အနောက်ဘက်တစ်ခြမ်းလုံး လွှမ်းသွားတာ။ အနောက်အင်းကမ်းတိုက် (ယခု မဟာဝိသုဒ္ဓါရုံတိုက်)က ဦးပဉ္စင်းတွေလည်း ဝါးဖောင်နဲ့ဆွမ်းခံထွက်ကြရတဲ့ ဥစ္စာ” ဟု ရှင်းပြတတ်သည်။

ဟုတ်သည်။ မန္တလေးက ဧရာဝတီရှေ့ဘက်ကမ်း မြေပြန့်လွင်ပြင်မှာ တည်ထားတော့ မြစ်ရေအန္တရာယ်အတွက် မြို့တည်ပြီး ၁၅နှစ်အကြာတွင် ဧရာဝတီမြစ်ကမ်းတစ်လျှောက်နှင့် မြို့ပတ်လည်ကို မြေမြို့ရိုးကြီးပျိုးခဲ့သည်။အေဒီ ၁၈၇၆ ခု ဧပြီလတွင် ဖြစ်မှာပေါ့။ မှူးတော်၊ မတ်တော်၊ မြို့စား၊ ရွာစားတွေကို ထိုက်သင့်စရိတ်ပေးပြီး မြေမြို့ရိုး တည်ဆောက်လုပ်၏။ ထု ၁၀ တာ၊ ထိပ်ပြင် ၇ တာ၊ အမြင့်သံတောင် ၁၀ ရှိသတဲ့။ တံခါး ၅၇ ရပ် ရှိသည်ဟု ဆိုသည်။ ယခုတိုင် နာမည်တွင်ကျန်နေသေးသော ပန်းဆက်၊ တာရိန်၊ဂေါဝိန်၊ စည်ရှည်၊ ပိုက်ကျုံး၊ရေကြည်၊ စက်ရိပ် စသော ရပ်ကွက်နာမည်များက မြေမြို့ရိုးကြီး၏ တံခါး ၅၇ အမည်နေရာများ ဖြစ်သည်။

ဧရာဝတီမြစ်သည် မြေပြန့်တွင် စီးဆင်းသော မြစ်ယဉ်ဖြစ်သော်လည်း တစ်ခါတစ်ရံ ဒေါသမာန်ကြီးတတ် မြစ်ရေကြီးသဖြင့် အန္တရာယ်ကျရောက်မှုမျိုးတွေ ကြုံရတတ်သည်။ ခရစ်နှစ် ၁၈၇၂ ခု အောက်တိုဘာလ ၅ရက်ထုတ် မြန်မာဂေဇက် သတင်းစာတွင် ဧရာဝတီမြစ်ရေကြီးသဖြင့် မြစ်ရိုးတစ်လျှောက် သရက်၊ပြည်မြို့များမှာ ရေလွှမ်းကုန်သည်။ ရေမရောက်ဖူးသော ကုန်းများပေါ်ဆောက်လုပ်ထားသော ဂွမ်းရုံများပင် ရွှေ့ရသည်ဆို၏။ မန္တလေးမှာ ဧရာဝတီမြစ်ရေကျိုးခဲ့ပုံကို သက်တော်ရှည် ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီး ပဉ္စင်းငယ်ဘဝက ကြုံခဲ့ဖူးကြောင်း ကိုယ်တွေ့မှတ်တမ်း ရေးသားခဲ့သည်။ ဆရာတော်က အနောက်အင်းကမ်းတိုက်(ယခုမဟာဝိသုဒ္ဓါရုံ တိုက်သစ်)တွင် စာသင်သား ဘဝဖြင့် ရှိစဉ်ကြုံရသည်ဟု ဆိုသည်။ မြစ်ရေတွေကြီးတော့ ဦးပဉ္စင်းတွေ စုပြီး ဖောင်ဖြင့် ဆွမ်းခံထွက်ရသတဲ့။ ဤသို့ ဖတ်မှတ်ရဖူးပါသည်။ ၁၉၁၃ ခုနှစ်လောက်က ဖြစ်မည်။ ဧရာဝတီမြစ်ရေ ကျိုးလျှင် နာရီစင်အထိ ရေရောက်သတဲ့ဆိုတာ ထိုနှစ် အတွေ့အကြုံအရ ဖြစ်မည်။

မန္တလေးမှာ ကြီးကြီးမားမား သဘာဝဘေးအန္တရယ်က မီးဘေးပဲဖြစ်မည်။နွေရာသီရောက်လျှင် မီးဘေး အန္တရာယ်က ဖောက်သည်လိုဖြစ်နေသည်။ ဒါက မန္တလေးရတနာပုံ မြို့တည်နန်းတည် ကတည်းက
ဖြစ်သည်။လောင်လိုက်ပြီဆိုမဖြင့် တစ်နံတစ်လျားကြီး။ ကျွန်တော်တို့ ကြုံရတာက ၁၉၇၀ကျာ်က လောင်သော ပုလိုင်းမီး၊ ၁၉၈၁ ဆိုင်တန်းမီး၊ ၁၉၈၄ ဦးကျားကြီးဝင်းမီး၊ ၁၉၉၄ ဟေမာဇလမီးနှင့် ၂၀၀၈ခုနှစ် မတ်လ၂၅ရက် ကလောင်သော ရတနာပုံဈေး မီးတို့သည် မီးကြီးမီးများဖြစ်သည်။ ဦးကျားကြီးဝင်းမီးကတော့ မြို့လယ် ၃၅ လမ်းနှင့် ၃၆ လမ်းကြားမှ လောင်လိုက်တာ မြောက်ဘက်၂၃လမ်းအထိဖြစ်သည်။ ဒါက တောင်မြောက်အရှည်။ အရှေ့အနောက်ကတော့ လေးပြ ငါးပြလောက်အထိကျယ်၏။ မြို့၏ အထင်ကရ တိုက်တာအဆောက်အအုံကြီးတွေ မီးသင့်ကုန်သည်။ ကိုလိုနီခေတ်က အင်္ဂလန်နိုင်ငံမှတင်သွင်းကာ ဆောက်လုပ် ထားသော သံမဏိ ထုတ်တန်းကြီးတွေပင် ကွေးညွှတ်ကောက်လိန်လောက်အောင် ပြင်းထန်စွာလောင်ခဲ့သည့်မီးဖြစ်သည်။ ယခုနှစ်တန်ကြေးနှင့်ဆိုလျှင် ဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့သည့် မီးကြီးဖြစ်၏။

၁၉၈၄ ခုနှစ် ဦးကျားကြီးဝင်းမီးက ရုပ်ဝတ္တုပိုင်း ဆုံးရှုံးရုံသာမက မန္တလေး၏ မြန်မာ့လူနေမှုစနစ်၊ သန္ဓေ၊စရိုက်၊ စိတ်ဓာတ်တို့ကိုပါ သိမ်းကျုံးလောင်ကျွမ်းဆုံးရှုံးစေခဲ့သည့် မီးဘေးဖြစ်သည်။ဘာပဲပြောပြော ကျွန်တော်တို့မြေးများ အရွယ်ရောက် ကြီးပြင်းလာချိန်တွင် ကျွန်တော်တို့ အဘိုးအဘွားများခေတ်ကလို ကြုံတွေ့ကြရသော ခါးသီးသည့် ဘေးအန္တရာယ်အတွေ့အကြုံမျိုးကို ပြန်လည်ပြောမပြကြရပါစေနှင့်ညဟု ဆုတောင်းရပါသည်။

ဆရာမြို့မငြိမ်းကတော့ စစ်ကြီးတွေပြီးတော့ “ဘေးတွေကင်းပြီလေ၊ နေ့ရောညပါ အေးစေ၊ ကလေးတွေ သီချင်းသီဆိုကြပေ” ဟု အစချီသော “ထိုသုံးပါး” သီချင်းကို အမှတ်တရ ရေးစပ်ခဲ့ပါသည်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW