စျေးအတက်အကျ မှန်းဆရခက်နေတဲ့ ပြည်တွင်း ကားဈေးကွက်

အောက်တိုဘာ ၂၄ – ၂၀၂၂
SN (VOM)

လက်ရှိ ပြည်တွင်းကားစျေးကွက်ဟာ ဒေါ်လာဈေးနှုန်း မငြိမ်တာကြောင့် ကားစျေး အတက်အကျ မှန်းဆရခက်နေပြီး အရောင်းအဝယ်လည်း အေးနေတဲ့ အနေအထားပါ။

အခုနှစ် ဩဂုတ်လကုန်နဲ့ စက်တင်ဘာလဆန်းပိုင်းအတွင်းက ပြင်ပဒေါ်လာဈေးကွက်မှာ တစ်ဒေါ်လာကို ၄၅၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်ခဲ့လို့ အရောင်းအဝယ်သွက်ခဲ့တဲ့ ကားဈေးကွက်ဟာ ရက်ပိုင်းအတွင်း ကားဈေးပြန်ကျလာသလို ဖြစ်​နေတယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ သီလဝါစက်မှုဇုန်အတွင်းက တိုယိုတာ မော်တော်ကားကုမ္ပဏီကလည်း လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ထုတ်လုပ်ထားပြီးသား တိုယိုတာ ဟိုင်းလက်စ်ကားတွေကို စထုတ်တော့မယ်လို့ ကြေညာလိုက်တာကြောင့် သိန်း ၁၀၀၀ အပေါ်ကားဈေး ပြန်ကျလာခဲ့တယ်လို့ သိရပါတယ်။

“အတက်ကြမ်းသွားတဲ့ အချိန်တုန်းကတော့ စီးပွားရေးသမားတွေကလည်း အိမ်မှာစီးတဲ့ကားကို ထုတ်ရောင်းကြတယ်။ တချို့ကျတော့လည်း ငွေမပိုက်ရဲကြဘူး။ ရွှေဝယ်တာတို့ ကားဝယ်တာတို့ ဖြစ်ကြတာ။ အဲဒီတော့ ကားအရောင်းအဝယ် လုပ်တဲ့သူကျတော့ ကားဈေးကွက်ထဲမှာ အကုန်လုံးအောပြီး ရင်းလိုက်တယ်။ ရင်းပြီးတော့ ဒီကားတွေအကုန်လုံး သူတို့လက်ထဲမှာ အရောင်းအဝယ် လုပ်ကြတယ်။ ဒါပေမယ့် လက်ရှိမှာ အကျဘက်ကိုရောက်ပြီး ဈေးတန်းတစ်ခုမှာ ငြိမ်နေတော့ ဝယ်ရောင်းတွေအားလုံးက ပိုက်ဘောတွေ အကုန်မိကုန်ကြတာပဲ။ အဲဒီတော့ မြတ်ထားတဲ့ ကားလေးတွေက ပြန်ပါသွားမှာပဲ”လို့ မော်တော်ကားရောင်းဝယ်ရေးအသင်းဗဟို (ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောပါတယ်။

ပြည်တွင်းစက်ရုံမှာ တိုယိုတာက တပ်ဆင်ထုတ်လုပ်နေတဲ့ ဟိုင်းလက်စ်ပစ်ကပ်အမျိုးအစား ကားသစ်တွေဟာ လက်ရှိ ဒေါ်လာပေါက်ဈေးအရ ကျပ် သိန်း ၁၅၀၀ ဝန်းကျင် ရှိပါတယ်။ ဒါ့ကြောင့် ပြည်တွင်းကားဈေးကွက်မှာ ကျပ်သိန်း ၂၀၀၀ နီးပါးအထိ ဈေးမြင့်ခဲ့တဲ့ ဟိုင်းလက်စ်အမျိုးအစားကားတွေရဲ့ ဈေးနှုန်းတွေဟာလည်း တဖြည်းဖြည်း ပြန်လည်ကျဆင်းနေခဲ့တာပါ။

“အရင် SKD ပေးတဲ့အချိန်က ဒေါ်လာနဲ့တွက်ပြီး ဝယ်ရတဲ့အတိုင်းအတာက အဲ့ဒီတုန်းက တစ်ဒေါ်လာ ၁၅၀၀ ပဲရှိတယ်။ အခုက ၃၀၀၀ ဖြစ်နေပြီ။ ၂ ဆပဲလေ။ ဈေးကကျမှာတော့မဟုတ်ဘူး။ ပိုက်ဆံရှိတဲ့သူက အသစ်ပဲစစီးမယ်ဆိုရင်တော့ ဒီလိုအသစ်မျိုး၊ ဒီကားမျိုးပဲ ဝယ်စီးကြမှာပေါ့”လို့ သူက ပြောပါတယ်။

ဒါ့အပြင် လျှပ်စစ်ကား တင်သွင်းရောင်းချခွင့်ပြုတော့မယ့် ဂယက်ကြောင့် ကားဈေးကွက်ဟာ အနည်းငယ် လှုပ်ခတ်မှု ဖြစ်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ ၁၀ ရက်က HOZON Auto ကုမ္ပဏီက လျှပ်စစ်ကားတွေ မြန်မာ့ကားစျေးကွက်အတွင်း ဝင်ရောက်နိုင်ရေး ပြည်တွင်းရှိ Grand Sirius Limited (GSE) ကုမ္ပဏီတဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ပြည်တွင်းကို ပထမဆုံး ဝင်ရောက်လာနိုင်တဲ့ လျှပ်စစ်ကားအဖြစ် ရေပန်းစားလာတာနဲ့အတူ နောက်ထပ် လျှပ်စစ်ကားတွေ ထပ်မံဝင်ရောက်လာနိုင်တဲ့ အလားအလာတွေကြောင့် လျှပ်စစ်ကားကို စိတ်ဝင်စားတဲ့ ပြည်တွင်းက သုံးစွဲသူတွေကလည်း ကားဈေးကွက်ကို စောင့်ကြည့်နေပါတယ်။

“အခုအချိန်မှာ ဒေါ်လာဈေးကလည်း အခြေအနေဘာမှန်းမသိသေးတဲ့အခါကျတော့ ဈေးကွက်က လက်ရှိမှာ ခဏ အရောင်းရပ်နေတဲ့ အနေအထားပါ။ တက်မလား၊ ကျမလား၊ ဘာဆက်ဖြစ်မလဲ ခဏစောင့်ကြည့်နေကြတဲ့ သဘောပါ။ ဒါပေမယ့် လျှပ်စစ်ကား ဆိုတာကလည်း သိပ်ပြီး မျှော်လင့်လို့ မရသေးပါဘူး။ မြန်မာပြည်ရဲ့ လျှပ်စစ်မီး အခြေအနေကလည်း သိတဲ့အတိုင်းပဲ။ ဒီရက်ပိုင်းမှာ ပိုပြီးတော့တောင် ဆိုးလာသေးတယ်။ ခဏခဏ လာလိုက်ပျက်လိုက်ဆိုတော့ ဒါကတော့ လျှပ်စစ်ကား ကိစ္စကတော့ အမှောင်ထဲမှာ စမ်းတဝါးဝါး သွားနေရတဲ့ အနေအထားပါ”လို့ ဝါရင့်ကားရောင်းဝယ်သူတဦးက သုံးသပ်ပါတယ်။

လက်ရှိ အခြေအနေအရ လျှပ်စစ်ကားတွေ ပြည်တွင်းမှာ အသုံးပြုနိုင်မယ့်အရေးဟာ အလှမ်းကွာဝေးလွန်း‌နေသေးတယ်လို့လည်း ပြောပါတယ်။ ပြည်တွင်း လျှပ်စစ်ရရှိမှု အခြေအနေကလည်း အနှုတ်လက္ခဏာဘက်မှာ ရှိနေတာပါ။ ဒါ့အပြင် လျှပ်စစ်ကားတွေကို အားပြန်သွင်းနိုင်မယ့် အားသွင်းနေရာတွေ အလုံအလောက်ထားရရှိနိုင်မှုနဲ့ လျှပ်စစ်ကားတွေအတွက် အပိုပစ္စည်းတွေ အရန်အသင့် ဝယ်ယူနိုင်မယ့် အခြေအနေ စတဲ့ လိုအပ်ချက်တွေလည်း များစွာ ရှိနေပါသေးတယ်။

ဒါ့ကြောင့် ပြည်တွင်း ဈေးကွက်အတွင်း လျှပ်စစ်ကားတွေ ဘယ်လိုပဲ ရောက်ရှိလာစေကာမှု ကားအသုံးပြုသူတွေ လျှပ်စစ်ကား တွင်ကျယ်စွာ အသုံးပြုနိုင်ရေးဟာ စိတ်ကူးယဉ်လမ်းမှာ စမ်းတဝါးဝါးနဲ့ လျှောက်လှမ်းရမယ့် အခြေအနေဖြစ်နေတယ်လို့လည်း ကားလောက အသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။

ပြီးခဲ့တဲ့ သုံးလအတွင်း တဟုန်ထိုးတက်သွားတဲ့ ကားဈေးဟာ အခုလမှာတော့ တအိအိနဲ့ ကျရိပ်ပြန်ပြလာနေတာပါ။ လက်ရှိမှာတော့ နယ်အရောင်းဈေးကွက်အေးနေပြီး ရန်ကုန်အရောင်းဈေးကွက် အနည်းငယ် ပြန်ကောင်းလာတယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်ထဲမှာတော့ သိန်း ၃၀၀ ကနေ ၇၀၀ ဝန်းကျင်အထိ ဈေးတန်းရှိနေတဲ့ SKD ကားတွေဟာ လက်ရှိမှာ ဈေးပြန်လည်ကျဆင်းလာခဲ့လို့ သိရပါတယ်။ ကားတစ်စီးကို သိန်း ငါးဆယ်ဝန်းကျင်အထိ ဈေးကျလာပြီး အရောင်းပြန်သွက်လာတယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိမှာ ဒေါ်လာဈေးနှုန်း ပြန်တက်လာတယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း အကျဈေးဖြစ်နေတဲ့ ကားဈေးကွက်ဟာ အတက်ဘက်ကို ပြန်ရောက်လာနိုင်ဖွယ် ရှိတယ်လို့လည်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေက သုံးသပ်ထားပါတယ်။

“အခုက နည်းနည်းတော့ ကျတယ်။ အနိမ့်ကားတွေဆိုရင် သိန်း ၂၀ ၊ ၃၀ လောက်အထိ ကျတယ်။ အပေါ်ကား (မော်ဒယ်မြင့်ကား)တွေဆိုရင်တော့ ၅၀ ၊ ၁၀၀ နီးပါး ကျတယ်ပေါ့။ ဟွန်ဒါလိုကားမျိုးဆိုရင် မော်ဒယ်နိမ့် နံပါတ်နိမ့်ဆိုရင် သိန်း ၂၀၀ နည်းနည်းကျော်ဖြစ်သွားတယ်။ မော်ဒယ်မြင့် နံပါတ်နည်းနည်းမြင့်ရင်တော့ ၂၈၀ ၊ ၃၀၀ နီးပါးပေါ့။ နည်းနည်းတော့ ကျလာပါတယ်။ လိုင်းပေါ်မှာတော့ ကြိုက်ရောင်းကြိုက်ဝယ်ပဲ။ အိမ်စီးကားတွေ အရောင်း များလာတယ်” လို့ နောက်ထပ် ကားဝယ်ရောင်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

ဒါ့အပြင် ရွှေလုပ်ကွက်တွေ ရပ်ဆိုင်းထားတာ၊ လုပ်ငန်းတွေ ပုံမှန်လည်ပတ်မှုမရှိတာကြောင့် လုပ်ငန်းသုံးကားနဲ့ ကုန်တင်ဝန်ပေါ့ ကားအရောင်းအဝယ်ဈေးကွက် ပျက်နေတာ အချိန် ၂နှစ်နီးပါးရှိနေပြီလို့လည်း သိရပါတယ်။

ဒါပေမယ့် လုပ်ငန်းသုံးနဲ့ ကုန်တင်ဝန်ပေါ့ကားတွေက ပြီးခဲ့တဲ့ ၂ နှစ်ကထက် ၄၀ ရာခိုင်နှုန်းအထိ အရောင်းကျလာပေမယ့် လက်ရှိမှာ ဈေးတက်လာနေပါတယ်။ ကုန်တင်ဝန်ပေါ့ အမျိုးအစားဖြစ်တဲ့ Hijet ၊ 2008-09 Model ၊ P/Q အက္ခရာတန်းကားတွေ သိန်း ၂၅၀ ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်းကားဈေးကွက် အခြေအနေဟာ ကားတင်သွင်း ရောင်းချခွင့်ပါမစ်တွေ ရပ်ထားတဲ့အတွက် ပြည်တွင်းကို နောက်ထပ်ကားတွေ ထပ်မဝင်နိုင်တာကြောင့် ကားဟောင်းဈေးကွက်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကလိုပဲ ပြန်အားကောင်းနေလို့ သိရပါတယ်။

TOYOTA Myanmar ကရောင်းမယ့် Double Cab ကားနှစ်စီးကြောင့် သိန်းတစ်ထောင်အထက် ကားလောကကို အနည်းငယ်လှုပ်ခတ်ခဲ့ပေမယ့် ပြည်တွင်း ဒေါ်လာငွေလဲနှုန်း မြင့်တက်ခြင်းနဲ့ ရွှေဈေးသိသာစွာ ကျဆင်းလာမှုမရှိခြင်း စတဲ့ ဖြစ်ရပ်တွေကြောင့် ကားဈေးကွက်ဟာ အရောင်းအဝယ် အေးနေသေးတယ်လို့ သိရပါတယ်။

ဒေါ်လာဈေး ပြန်ကျလာပြီး ကားတင်သွင်းခွင့်ပါမစ်တွေပြန်ရလာရင်တော့ ခေါင်ခိုက်နေတဲ့ ကားဈေးက ပြန်ကျလာမှာဖြစ်သလို SKD ကားတွေ ပြန်ထုတ်လာရင်လည်း ဈေးတန်းတစ်ခုအထိ ပြန်ရောက်လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းကားဈေးကွက်ဟာ တိုယိုတာကားတွေ မြန်မာပြည်တွင်း လာရောက်ထုတ်လုပ်လာတာနဲ့အတူ EV လျှပ်စစ်ကားသတင်းတွေကြောင့် ဈေးကွက်လှုပ်ခတ်လာတာလည်း ပါဝင်နေပြီး EV ကားတွေ အမှန်တကယ် ပြည်တွင်း ကားဈေးကွက်မှာ နေရာရလာနိုင်မှု ရှိ၊ မရှိ ဆိုတာကိုတော့ ငြင်းခုံမှုတွေ ရှိနေဆဲဖြစ်ပါတယ်။

Photo Crd- Original Uploader
#voiceofmyanmar #VOM #ပြည်တွင်းကားစျေးကွက်

Related posts

Leave a Comment

VOM News

FREE
VIEW