အငြိမ့်ပြိုင်ပွဲ

 

ဆူးငှက်

 

မန္တလေးဘုရားပွဲတွေက သီတင်းကျွတ်လဆန်းတာနဲ့ စတင်ကြတော့ အငြိမ့်တွေ၊ ဇာတ်တွေက ပွဲဦးထွက် သေတ္တာဖွင့် ကပြကြတယ်။ အများအားဖြင့် ဘုရားပွဲတွေက ၂ ရက်၊ ၂ ည ကျင်းပကြတာပါ။ အငြိမ့်တွေက အဲဒီ ၂ ညမှာ တစ်ညစီကပြကြပေမယ့် ဇာတ်တွေကတော့ ဘုရားပွဲ ၂ ညစလုံး ကပြကြတယ်။ အငြိမ့်က ကမယ့်ညမရောက်ခင် နေ့လယ်လောက်မှ အငြိမ့်စင်လာချပြီ။ အသင့်ပါပစ္စည်းတွေနဲ့ ချက်ချင်း ဆောက်နိုင်တယ်။ ညနေစောင်းတော့မှ အငြိမ့်ကား ရောက်လာပြီး ပစ္စည်းဆင်၊ မီးဆင်တယ်။ ညခုနစ်နာရီလောက်ရောက်တော့ အငြိမ့်တီးဝိုင်းက ယိုးဒယားကရောင်း ရိုက်ပြီး ဧည့်ခံတီးလုံးတီးတယ်။ ညရှစ်နာရီလောက် အငြိမ့်စထွက်၊ ပထမဧည့်ခံသီချင်းပြီးရင် အော်ပရာအစီအစဉ်၊ နောက် ရှေ့ထွက်မင်းသမီး၊ ပြီးရင် ယိမ်းထွက်တန်ထွက်၊ ပြီးမှ အလယ်ထွက်၊ နောက်တခန်းရပ်၊ နောက် ခေါင်းဆောင်မင်းသမီး၊ အသိမ်းမှာ ပြဇာတ်။ ဒါဆိုရင် သန်းခေါင်ကျော် နာရီပြန် ၁ ချက် ၂ ချက်လောက်ရောက်ပါပြီ။ အငြိမ့်သိမ်းပါပြီ။ အငြိမ့်က လမ်းဘေးမှာမို့ အစအဆုံးကြည့်ကြမယ့် အရပ်ခံတွေက ဖျာတွေ၊ ခုံရှည်တွေခင်းပြီး ကြည့်ကြတယ်။ ကျန်ပရိသတ်က ကြိုက်တဲ့အချိန် မိုးတိုးမတ်တပ်ဝင်ကြည့်၊ ကြိုက်တဲ့အချိန်ပြန်ရုံပါပဲ။ နည်းနည်းကြာကြာ ကြည့်ချင်ရင်၊ စင်ရှေ့က ထိုင်ကြည့်ကြတဲ့ ဖျာပရိသတ်ကြား တိုးဝှေ့ကြည့်ကြတာပါ။

နောက်ပိုင်း ဘုရားပွဲတွေမှာ မန္တလေးမြို့ခံတီးဝိုင်းတွေလည်း ထည့်လာကြတယ်။ မန္တလေးမှာက မြို့မတူရိယာ အသင်းလိုပဲ။ မိုးကေသီတဲ့၊ သိင်္ဂီတဲ့၊ သင်္ဂဟတဲ့၊ နုယဉ်တဲ့၊ ဂီတလုလင်တဲ့၊ ဗဟိုတဲ့၊ ယဉ်မွန်တဲ့ ရှိတယ်။ ခေတ်ပေါ်အနေနဲ့ Shells တဲ့၊ Music Boy တဲ့ ရှိသေးတယ်။ ဒီတီးဝိုင်းတွေကလည်း ဘုရားပွဲခင်းထဲ စင်ထိုးပြီး ဖျော်ဖြေတာပါ။ တစ်ခါတရံ ရန်ကုန်က နာမည်ကြီး အဆိုတော်တွေလည်း ပါတတ်တယ်။ ဒါပေမယ့် မန္တလေးမှာ အစဉ်အဆက်အနေနဲ့ တီးဝိုင်း တွေမှာ အငြိမ့်ခန်း ပါတတ်ပါတယ်။ ရှေ့ပိုင်းမှာ တီးဝိုင်းက အဆိုတော်တွေနဲ့ ဖျော်ဖြေပြီးရင် နောက်ပိုင်းမှာ တီးဝိုင်းက တိမ်ထိုး တီးလုံးတီးပြီး အငြိမ့်ခန်း ပါတတ်တယ်။ အထူးသဖြင့် မြို့မနဲ့ဆိုရင် အငြိမ့်ခန်းပါခဲ့တာ ဟိုး ရှေး ရှေး လေဘာတီ မမြရင်တို့ ခေတ် ကတည်းကပါ။

တချို့ဘုရားပွဲက ဇာတ်တွေကလည်း ဘုရားနဲ့ မလှမ်းမကမ်း လမ်းဘေးလွတ်ရာနေရာမှာ ဝါးတွေနဲ့ ဇာတ်စင် အခိုင်အမာ ဆောက်ပြီး ဘုရားပွဲ ၂ ညလုံး ကပြဖျော်ဖြေတယ်။ တော်တော်များများ ဇာတ်အဖွဲ့တွေက မင်းစင်ထိုးပြီး ကကြတယ်။ မင်းစင်ဆိုတာ ဇာတ်ခုံရှေ့ပွဲခင်းမှာပဲ ဝါးတွေ၊ ဝါးကပ်တွေနဲ့ ပွဲကြည့်စင်တွေ ထိုးတယ်။ ပြီးရင် ၄ ပေ ပတ်လည်လောက် အမှတ်အသားပြုပြီး အဲဒီစင်ကို ပွဲကြည့်သူက ဝယ်ကြည့်ရတာပါ။ များသောအားဖြင့် အဲဒီရရှိတဲ့ မင်းစင်ဖိုးတွေက ဘုရားပွဲရဲ့ ဖျော်ဖြေရေးအစီအစဉ်အတွက် တီးဝိုင်း၊ အငြိမ့်၊ ဇာတ်ငှားခတွေ တစ်စုံတစ်ရာ အသုံးတည့် တာပေါ့။ ဘာပဲပြောပြော မန္တလေးဘုရားပွဲတွေဟာ အခကြေးငွေ တစ်ပြားမှပေးစရာမလိုဘဲ တီးဝိုင်းတွေ၊ အငြိမ့်တွေ ကြည့်နိုင်ကြတယ်။ ဒါဟာ လူထုသဘော ဆောင်တဲ့၊ လူထုဖျော်ဖြေမှု ပုံရိပ်တွေပါပဲ။

သီတင်းကျွတ် ကတည်းက စလိုက်တဲ့ ပွဲတွေလမ်းတွေဟာ အရှိန်ကောင်း၊ ခြိမ့်ခြိမ့်သဲ ပါပဲ။ မန္တလေးမှာက “ဘုရားပွဲအစ ဘုရားသုံးဆူက”၊ “ဘုရားပွဲအဆုံး၊ ဗောဓိကုန်း” လို့ ပြောဆိုကြပါတယ်။ သီတင်းကျွတ်လဆန်း (၁ဝ)ရက် နေ့မှာ ဘုရားသုံးဆူ ဘုရားပွဲ၊ (၁၁) (၁၂) ရက်မှာ အိမ်တော်ရာ၊ (၁၂)ရက် (၁၃)ရက်နေ့မှာ မဟာသကျသီဟ၊ (၁၃) (၁၄) မှာ ရတနာမဉ္စူ၊ သီတင်းကျွတ် လဆန်းကနေ လပြည့်ကျော်အထိက ကုသိုလ်တော်၊ ကျောက်တော်ကြီး၊ စန္ဒာမုနိဘုရားပွဲ။ ဒီကနေ ဆက်တိုက်ပါပဲ။ ဂေဇက်ရရော၊ ဂေဇက်မရရော နေ့စဉ်မပြတ် ဆိုင်းသံ၊ ဗုံသံကြားနေရတာပါ။ ကဆုန်လပြည့်နေ့ ကျင်းပမယ့် ဗောဓိကုန်း ညောင်ရေသွန်းပွဲပြီးမှ ဆိုင်းသံဗုံသံ စဲတော့မယ့် သဘောပါပဲ။

စေတီကြီး၊ ပုထိုးကြီးတွေက နှစ်စဉ်နှစ်တိုင်း သတ်မှတ်ထားတဲ့ ဂေဇက်ရက်များအလိုက် ဘုရားပွဲတွေ ကျင်းပကြပါ တယ်။ ရပ်ကွက်ထဲ၊ ဝင်းထဲက ဓမ္မာရုံဘုရားတွေက သင့်တော်ရာ အဆင်ပြေရာ ရက်တွေမှာ ဘုရားပွဲခင်းပြီး ဆွမ်းကြီး လောင်းလှူကြတယ်။ ဒါ့အပြင် မန္တလေးရဲ့ နာမည်ကျော် ကထိန်ပွဲတွေကလည်း တန်ဆောင်မုန်းလမှ မဟုတ်တော့ဘူး။ နတ်တော်၊ ပြာသိုအထိ ခင်းကျင်းကြတယ်။ ဒါကြောင့် မန္တလေးမှာ တစ်နှစ်ပတ်လုံး ပွဲလမ်းမပြတ်ဘူးလို့ ပြောကြတာပေါ့။

အခုလို ပွဲလမ်းပေါတော့ ကပြ ဖျော်ဖြေကြမယ့် ဆိုင်းတွေ၊ ဇာတ်တွေ၊ အငြိမ့်တွေလည်း မန္တလေးမှာ ပေါများခဲ့တာ မဆန်းပါဘူး။ ကိုယ့်မြို့၊ ကိုယ့်အရပ်၊ ကိုယ့်ပွဲနဲ့တင် တီးလို့၊ မှုတ်လို့၊ ကလို့၊ ခုန်လို့၊ သီလို့၊ ဆိုလို့ ရနေကြတာကိုး။ မန္တလေးမှာ ပွဲလမ်းသဘင် ဆူဖြိုးတော့ အနယ်နယ် အရပ်ရပ်က သူတို့ ပွဲလမ်းများအတွက် ဆိုရင်လည်း မန္တလေး တက်လာ၊ မန္တလေးဆင်းလာပြီး ငှားကြ ရမ်းကြရတာပါ။ ဒီတော့ သဘင်မှုအနုပညာနဲ့ ပတ်သက်ရင် မန္တလေးမှာက စုံလင်တယ်။ ဆူဖြိုးတယ်လို့ ဆိုရရုံမက သဘင် မှုအနုပညာရဲ့ အဆီအနှစ်၊ အမွေအနှစ်၊ ပကတိအရှိတွေလည်း အစဉ် အဆက် ပေါက်ဖွားနေတာပါ။ မင်းနေပြည် မြို့တော် ဖြစ်ခဲ့ တာက အဓိကပေါ့လေ။

ဒါကြောင့် ဝါဆိုဝါခေါင် အငြိမ့်တွေ ပြန်လည် ဖွဲ့စည်းကြ၊ ဝါခေါင် တော်သလင်း တီးလုံးတိုက်ကြပြီးရင် သီတင်းကျွတ်မှာ သေတ္တာဖွင့် ကပြကြပါပြီ။ သီတင်းကျွတ်လဆန်း ၇ရက်၊ ၈ရက် ဘုရားသုံးဆူပွဲက မြို့လယ်ကောင်ပွဲ၊ သူဌေးပွဲ၊ မြို့ပြဆန်တယ်။ အငြိမ့်ကောင်း ၁ငြိမ့်၊ ၂ငြိမ့်လောက် ပါတတ်ပါတယ်။ မြို့မလို ခေတ်ပေါ်တူရိယာဝိုင်း ပါတတ်တယ်။ သီတင်းကျွတ်လဆန်း ၁၁၊ ၁၂ရက်မှာ ကျင်းပတဲ့ အိမ်တော်ရာဘုရားပွဲမှာတော့ မန္တလေးရဲ့ တကယ့် အငြိမ့် ပြိုင်ပွဲကြီးပါ။

အိမ်တော်ရာဘုရားက ဈေးချိုတော်ကြီးရဲ့ အနောက်ဘက်မှာ ရှိပါတယ်။ တပြပတ်လည် ကျယ်ဝန်းတဲ့ ဘုရားကြီးပါ။ အလယ်မှာ ကျောက်ပြားခင်း ရင်ပြင်တော်ကြီးက တပြန့်တပြော အကျယ်ကြီးပါ။ ပတ်လည် ဂေါစဂံအရပ်တွေ ကလည်း ကုန်သည် ပွဲစား၊ အရောင်းအဝယ်သမား အရပ်၊ အနောက်ဘက် မျက်နှာမှာက မန္တလေးရဲ့ နာမည်ကျော် ဘုန်းကြီးကျောင်းတိုက်ကြီးတွေ တည်ရှိတယ်။ ဂွေးချိုတိုက်၊ မိုးကောင်းတိုက်၊ ထီးလင်းတိုက်၊ ရတနာပုဂံတိုက်၊ တောင်သမန်တိုက်၊ စကုတိုက်၊ ခင်မကန်တိုက်တဲ့၊ တကယ့် ဧရာမကျောင်းတိုက်ကြီးတွေ။ အနီးအနားမှာက ဆင်တဲ တိုက်သစ် တိုက်ဟောင်း ဒက္ခိဏဝန်တိုက်တွေလည်း ရှိတယ်။

အိမ်တော်ရာဘုရားပွဲမှာ ဘယ်သူ့အငြိမ့် ပါမလဲ ဆိုတာ ဒီနှစ်ရဲ့ အငြိမ့်အောင်စာရင်း (တစ်နည်းအားဖြင့်) တန်းမီလမ်းမီ အငြိမ့်စာရင်း ထုတ်ပြန် လိုက်တာပါပဲ။ လဆန်း ၁ဝရက်နေ့လို ညမျိုးမှာ မန္တလေးရဲ့ နာမည်ကျော် ဆိုင်းအဖွဲ့ ပါတယ်။ နန်းရှေ့ မင်္ဂလာစည်တော်ကြီး ပါမယ်။ လဆန်း ၁၁ရက်နေ့ ညမှာ အငြိမ့် ၂ဖွဲ့လောက ်ပါမယ်။ လဆန်း ၁၂ရက် ပွဲအစည် ညမှာတော့ အငြိမ့် ၄ဖွဲ့၊ တစ်နှစ်တလေ ၅ဖွဲ့အထိ ပါတတ်တယ်။ အဲဒီလဆန်း ၁၂ရက်ည ကကြမယ့် အငြိမ့်တွေဟာ ဒီနှစ်အတွက် အောင်စာရင်း ဂေဇက်ထွက်တာပဲ။ အဆင့်အနေနဲ့ ဘယ်သူ ၁၊ ဘယ်သူ ၂၊ ဘယ်သူ ၃ဆိုတာကတော့ အဲဒီညမှာ ပြိုင်ကြပေရော့။

အိမ်တော်ရာဘုရားပွဲ နီးလာပြီဆိုရင် ဘုရားအနောက်ဘက် ကျောင်းတိုက်ကြီးတွေမှာလည်း ဧည့်သည်တွေ ရောက်နေကြပြီ။ မြန်မာပြည် အထက်အောက် တစ်နံတစ်လျားကပါ။ ဒီနှစ်အတွက် သူတို့ရွာ၊ သူတို့မြို့၊ သူတို့အရပ်က မင်္ဂလာပွဲ၊ အလှူပွဲ၊ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲအတွက် ဘယ်အငြိမ့်ငှားရမလဲဆိုတာ အငြိမ့်အကဲခတ်ဖို့ ရောက်လာကြတဲ့ ဧည့်သည်တွေပါ။ ဒီဧည့်သည် တွေဟာ အိမ်တော်ရာဘုရားပွဲမှာ ဘယ်အငြိမ့်တွေ ပါမလဲဆိုတာ သူတို့ ငှားရမယ့် အငြိမ့်စာရင်း အတည်ပြုလိုက်ခြင်း ပါပဲ။ လဆန်း ၁၂ရက်နေ့ည အိမ်တော်ရာဘုရား ရင်ပြင်မှာ ကကြမယ့် အငြိမ့် ၄ ၊ ၅ငြိမ့်ကို အကဲခတ်ကြည့်ပြီး တောက်လျှောက် စရန်သတ်၊ စာချုပ်ချုပ်ကြတယ်။ အိမ်တော်ရာမှာ နာမည်ရတဲ့ အငြိမ့်က တစ်နှစ်လုံးက,ပေရော့ပဲ။ ဒါကြောင့် မန္တလေးအငြိမ့်တွေ အတော်များများက အိမ်တော်ရာမှာ က ချင်ကြတယ်။

အိမ်တော်ရာအရှေ့မုခ်လို၊ မြောက်မုခ်လိုက သူဌေးများတယ်။ အားလုံးနီးပါး အရောင်းအဝယ်သမား။ ဒါ့ကြောင့် နှစ်စဉ် ၂ငြိမ့်လောက် ငှားနိုင်တယ်။ အဲဒီအခါ လဆန်း ၁၁ရက်နေ့မှာ တငြိမ့်၊ ၁၂ရက် တငြိမ့် ခွဲထည့်တတ်တယ်။ တစ်ခါတလေ ၁၂ရက် တစ်နေ့တည်း နှစ်ငြိမ့် ပြိုင် ထည့်တယ်။ ဒီတော့ မုခ် ၄မုခ်၊ အငြိမ့် ၅ငြိမ့် ဖြစ်သွားရော။

ဒါဆို သေချာပြီ။ မန္တလေးမှာရှိတဲ့ အငြိမ့်ပေါင်း လေးငါးခြောက်ဆယ်ထဲက ဒီအငြိမ့် ၅ငြိမ့်က မန္တလေးရဲ့ ထိပ်တန်းအငြိမ့် စာရင်းဝင်တွေပဲပေါ့။ ဒီအငြိမ့် ၅ငြိမ့် အိမ်တော်ရာဘုရားဝင်းထဲမှာ ကပြတာကို မြို့ခံနဲ့ အနယ်နယ် အရပ်ရပ်က လာကြတဲ့ ပရိသတ်က အကဲခတ်ကြတော့မယ်။ ပရိသတ်က အငြိမ့်တွေကို အကဲဖြတ်ကြတော့မယ်။ ပရိသတ်က အနုပညာကို ဝေဖန် သုံးသပ် မြှင့်တင်ကြတော့မယ်။ ဒါကြောင့် အိမ်တော်ရာပွဲ ဆိုရင် မန္တလေးရဲ့ ထိပ်ပိုင်းအငြိမ့်တွေက က ချင်ကြတယ်။ နာမည်ယူချင် ကြတယ်။ အိမ်တော်ရာမှာ လမိုင်းကပ်ရင်၊ ပေါက်ရင် တစ်နှစ်လုံး က ပါလေရော။ တစ်ပြည်လုံးအနှံ့ က ပါလေရော ဆိုတာမျိုးကိုး။

#VoiceOfMyanmar
#VOM
#Mandalay
#PagodaFestival
#ဆူးငှက်
#မန္တလေး
#သီတင်းကျွတ်
#ဘုရားပွဲ
#အိမ်တော်ရာ

 

Related posts

Leave a Comment

VOM News

FREE
VIEW