ဆူးငှက်
သီတင်းကျွတ်လဆန်းလျှင်ပင် မန္တလေးမြို့သူမြို့သားများကား “ဘုရားပွဲ၊ ဘုရားပွဲ” ဟူသော သတိတရစိတ်က နေ့ညမပြတ် နှိုးဆွနေတော့၏။ လူကြီးသူမများကလည်းဥပုသ်နေ့ သီလမယူမီပင် ဘုရားပွဲအတွက် ခေါင်းချင်းဆိုင် ကြရတော့သည်။ ဒီနှစ် ဘယ်သူ့ဇာတ်ငှားမလဲ၊ ဘယ်သူ့ အငြိမ့်ငှားမလဲ တိုင်ပင်ကြ၏။ ဆိုင်ရာဆိုင်ရာ အငြိမ့်များက မန်နေဂျာ၊ မင်းသမီး၊ လူရွှင်တော်၊ ဒိုးတီးစသူတို့ကလည်း မိမိနှင့် ပတ်သက်ရာ ဘုရားလူကြီးတွေဆီ ချဉ်းကပ်လျက် သူ့အငြိမ့်၊ ကိုယ့်အငြိမ့်ကိုငှားဖို့ ဆွယ်ကြသည်။ အိမ်တော်ရာ ဆင်တံတားကတော့ လမင်းတစ်ရာအငြိမ့်တဲ့။ မြောက်မုခ်ကလည်း နာမည်ကြီးအငြိမ့်ဖြစ်ဖို့ များသည်။ မန္တလေးမှာက ဘုရားပွဲများကို ဘုရားသုံးဆူပွဲမှ စသည်ဟု လူကြီးသူများပြောဖူး၏။ “ဘုရားပွဲအစ ဘုရားသုံးဆူက၊ ဘုရားပွဲအဆုံး ဝါခင်းကုန်း”တဲ့။
သဘောက သီတင်းကျွတ်လဆန်းက စသော ဘုရားသုံးဆူဘုရားပွဲကနေ တပေါင်းလပြည့်နေ့ မှာကျင်းပသော ဝါခင်းကုန်း ဘုရားပွဲအထိ ဘုရားပွဲတွေ ဆက်တိုက် ဆက်တိုက် ရှိနေသည့်သဘော။ တကယ်တော့ ဘုရားသုံးဆူပွဲထက် စောပြီး ရှေ့တော်ပြေးဝင်း ဓမ္မာရုံပွဲကစောသည်။ ထိုပွဲ ကျင်းပခဲ့ကြသည်မှာလည်း မန္တလေးမတည်မီ အမရပူရခေတ် ကတည်းက ဖြစ်သည်။ အမရပူရ တောင်မင်းကြီးဘုရား ဆွမ်းလောင်းပွဲအဖြစ် ရှေ့တော်ပြေးအဖွဲ့သားများက နှစ်စဉ် သီတင်းကျွတ်လဆန်း ၈ရက်နေ့တွင် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။ မန္တလေးနေပြည်တော် တည်၍ ရှေ့တော်ပြေး အဖွဲ့သားများ အမရပူရမှ မန္တလေးသို့ ပြောင်းရွေ့ နေထိုင်ကြသော်လည်း ဘုရားပွဲကို အစဉ်အလာမပျက် ကျင်းပခဲ့ကြ သည်။
ဘုရားသုံးဆူပွဲမှာ မြို့လယ်ခေါင် ကြေးရတတ်များအရပ်မို့ အငြိမ့်ကောင်းတွေ ပါသော ဘုရားပွဲဖြစ်သည်။ ကလေးကစားစရာ အိုးပုတ်သည်များနှင့် ချားရဟတ်၊ မျက်လှည့်များကလည်း တော်သလင်းလကုန် ကတည်းက ဘုရားရှေ့ ရောက်နေကြပြီ။ ထို့အတူ တော်သလင်းလပြည့်နေ့ မလွန်ဆန်လှူအသင်းပွဲကတည်းက အရှိန်ရခဲ့သော “သီးသီးရိုက်ပွဲ” ကလည်း ဘုရားသုံးဆူပွဲမစခင် ကတည်းကဘုရားရှေ့ ၈၂ လမ်းပေါ်မှာ တရုန်းရုန်း။ အိမ်တော်ရာ ဘုရားပွဲက သီတင်းကျွတ်လဆန်း ၁၁ရက်မှာ ကျင်းပကျင်းပမည်။
ထို့ကြောင့် ဘုရားသုံးဆူပွဲအပြီး သီတင်းကျွတ်လဆန်း (၈)ရက်နေ့ကတည်းက အိမ်တော်ရာဘုရားဂွေစရဂဏ် ရပ်ကွက်က လူငယ်တွေ အလုပ်ရှုပ်ကြပြီ။ အိမ်တော်ရာတောင်မုခ် “ဗုဒ္ဓဝေယျာဝစ္စ ကုသလနိစ္စ” အသင်းပိုင် တိုက်ပန်းကန်ပြား တွေကို စိုင်ပြွန်ရိပ်သာဝင်းရှေ့က ကျုံးရေကန်မှာ ဆေးကြောသုတ်သင်၊ နံပါတ်တွေကပ် ပြီးအရပ်ထဲ ဝေရတော့မည်။ ဆွမ်းတော်ကြီးပွဲ အတွက် ယွန်းဗျပ်များလည်း ဝေရမည်။ အိမ်တော်ရာဘုရား အနောက်ဘက် ကွင်းထဲမှာ ဇာတ်စင်ကအဆင်သင့်။ သေတ္တာဖွင့်ဖို့ ကမည့်ဇာတ်အဖွဲ့ကလည်း ကြိုရောက်နေနှင့်၏။ အကြော်ဆိုင်များ ကတော့ ညတိုင်း ဓာတ်မီးတထိန်ထိန်နှင့် တရုန်းရုန်း။
သီတင်းကျွတ်လဆန်း (၁၀)ရက်နေ့ရောက်တော့ အိမ်တိုင်းစေ့ မီးပုံးတွေ ဆင်ပြီးကြပြီ။ စားပွဲ၊ ကုလားထိုင်တွေ ရွှေ့ ပြောင်းဆင်ထားကြပြီ။ ဘုရားထဲမှာလည်း သံဇရပ်မှာ မဏ္ဍပ်ဦးနွဲ့က ဆွမ်းတော်ကြီးခံမဏ္ဍပ် ဆောက်နေပြီ။ လဆန်း(၁၁)ရက်နေ့မှာ အရှေ့မုခ်က စိန်ဘညိုဆိုင်းပါ၏။ အနောက်ဘက်မှာ ဇာတ်လည်း ပွဲဦး စတင်ကပြရာ အပျိုတော်၏ စင်တိုင်သံက တစာစာ ကြားနေရ၏။ စနေထောင့်မှာ အငြိမ့်ပွဲလည်းပါသည်။ မိုးသာလင်းသွားရော မအိပ်လိုက်ရ။
ဘုရားပွဲနေ့၊ လဆန်း(၁၂)ရက်နေ့မှာတော့ မနက်လင်းကတည်းကမအားတော့။
အထူးသဖြင့် နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၁ရက် ၁၂ရက်နေ့တွင် ကျင်းပသော အိမ်တော်ရာ ဘုရားပွဲတွင် မန္တလေးထုံးစံအတိုင်း ၁၂ရက်နေ့ည၌ အိမ်တိုင်းစေ့ ဧည့်ခံကျွေးမွေးကြသည်။ ကျွန်တော်နေထိုင်ရာ စိုင်ပြွန်ရိပ်သာဝင်းတွင် အနောက်ဘက်အပေါက်မှ ဝင်လိုက်လျှင်ပဲ ကျွန်တော့်အိမ်ကစကာ မြောက်ဘက်အထိ ခေါင်မိုးချင်းဆက်မျှ အမျိုးများ အိမ်က တန်းစီနေသည်။ အိမ်တော်ရာဘုရားပွဲရောက်တိုင်း အိမ်ပေါက်စေ့ မီးတထိန်ထိန်ထွန်းညှိကာ ကျွေးမွေး ဧည့်ခံကြ၏။ ထိုအခါ အခြားရပ်ကွက်မှ ဆွေမျိုးများနှင့် မိတ်ဆွေများကို ဖိတ်ကြားဧည့်ခံကြတော့ ဆွေမျိုးများအပါအဝင် မိတ်ဆွေ အချို့က အိမ်ပေါက်စေ့နှင့် ရင်းနှီးသောကြောင့် တန်းစီ စားသောက်ကြရုံပဲ ဖြစ်သည်။
တက္ကသိုလ်ရောက်သည့် နှစ်များမှာတော့ ကျွန်တော့်သူငယ်ချင်း များ၊ သူငယ်ချင်း၏ သူငယ်ချင်းများပါ စုံလင်လာတော့ အိမ်က ဖွယ်ဖွယ်ရာရာ ဧည့်ခံဖြစ်တာမှတ်မိနေသည်။
တစ်နှစ်တင် ဧည့်ခံကြတော့ အိမ်က သူများနှင့် မတူသည့် အစားအသောက်ကို စီစဉ်သည်။ ထုံးစံအတိုင်း ဘုရားပွဲ မတိုင်မီ ဆီးဖြူသီးကိူ ဆားရည် စိမ်ထားသည်။ ပြီးတော့ ပုစွန်ခြေက်နှင့် ငါးပိကြော်ထားသည်။ လက်ဖက်လည်း နှပ်ထားပြီးပြီ။ ဒီအစားအသောက်တွေကတော့ မန္တလေး ဘုရားပွဲ ကထိန်ပွဲ ဧည့်ခံမှာ ယခုအထိ မပါမဖြစ်ပေါ့။ ဘုရားပွဲနေ့ မနက်ရောက်တော့ အဖေက ချမ်းသာရထုံးကုန်းရှိ မုန့်တိုက်က ပေါင်မုန့်တွေ အလုံ၂၀လောက် ဝယ်လာပြီး လက်တစ်လုံး အထူလောက် လှီးထားသည်။ ထို့နောက် ဦးလေးပု အအေးဆိုင်က တောင်ပန်ကားဘိလပ်ရည် အစိမ်းရောင် ကရင်ဆော်ဒါ ၃လုံး၊ လိမ္မော် ၃လုံး၊ အညိုရောင် ဗင်တို ၃လုံး နှင့် အဝါရောင် နာနတ် ၃လုံးစီဝယ်သည်။
ညနေစောင်းသည်နှင့် အိမ်က မီးသွေးမီးဖိုတွင် ဒယ်အိုးထဲ ပဲဆီထည့်၍ လှီးထားသော ပေါင်မုန့်များကို အလောတော်ကြော်သသည်။ ထို့နောက် ဝယ်ထားသော ဘိလပ်ရည်များကို တစ်မျိုးချင်းအလိုက် ဇလုံတစ်လုံးစီထဲ ဖောက်ထည့်ကာ ကြော်ပြီး ပေါင်မုန့်များကို ဘိလပ်ရည်တစ်မျိုးချင်းထည့်ထားသော ဇလုံများတွင် နစ်ရ့ုံနှစ်ပြီး ပြန်ဆယ်ကာ ပန်းကန်တွေထဲ ထည့်ကာ အပေါ်က သကြားပါးပါး ဖြူးသည်။ ထိုနှစ်က ကျွန်တော်တို့ အိမ်ကဧည့်ခံသည့် ရသာစုံ ပေါင်မုန့်ကြော်က နာမည်ရသွား၏။ အရောင်ကလည်း တစ်မျိုးစီ၊ အရသာကလည်း တစ်မျိုးစီလေ။ ထို့ပြင် ဆီးဖြူသီး ဆားရည်စိမ်သာမက မိုးကောင်းတိုက်အတွင်း ဒိုက်ဦးကျောင်းရှေ့ လမ်းဘေးမှာ ညွတ်နေအောင်သီးကာ လမ်းပေါ်အထိ ကြွေကျနေသည့် စောင်းလျားသီးများကို သွားကောက်ပြီး ရေဆေးသန့်စင်သည်။ ထို့နောက် ပါးပါးလှီး နေပြသည်။
စောင်းလျားသီး ဖန့်ရုံလောက်တွင် ငရုပ်သီးမှုန့်အညက်၊ နွယ်ချိုမှုန့် ဆားအနည်ငယ်နှင့် နှပ်ထားသည့် စောင်းလျားနှပ်ကလည်း ရသာစုံပေါင်မုန့်ကြော်စာအပြီး ငါးပိကြော်လေးနှင့် တွဲဖက်မြီးရင်း ရေဗနွးကြမ်းနှင့် ခံတွင်းရှင်း အအီပြေသွား၏။ ထိုညက ကျွန်တော့် သူငယ်ချင်းများ အားပေးလိုက်ကြသည်မှာ အိမ်ရှေ့က ခုတင်ကျိုးကျသည်က အမှတ်တရဖြစ်သည်။ ဤသို့ဖြင့် အခုလို သီတင်းကျွတ်ရာသီရောက်တိုင်း နှစ်စဉ်မပျက် အိမ်တော်ရာဘုရားပွဲ မပျက်မကွက် ဆင်နွှဲခဲ့ကြတာ သတိရလှသည်။ လွမ်းစရာပါ့။
ဆူးငှက်
#voiceofmyanmar #VOM #စောင်းလျားသီးနဲ့ ငါးပိကြော်ခုတင်ကျိုးအောင် တွယ်ကြသနော် #ဆူးငှက်