အလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၉)

ဆူးငှက်
၂၈ရက်နေ့ညကတော့ မအိပ်လိုက်ရ၊ စိုးတထိပ်ထိပ်နဲ့ ညလုံးပေါက် ငုတ်တုတ်လင်းရတယ်။ တော်သေးတယ် ဆိုလာမီးလုံးလေးတွေက အားရှိနေတော့ လကွယ်ညသန်းခေါင်ယံက မှိတ်တုတ်မှိတ်တုတ် မီးရောင်လက်လက်လေးတွေနဲ့ လမ်းပေါ် ခြင်တဖျန်းဖျန်းရိုက်ရင်း သတင်းပေါင်းစုံ ဖလှယ်ကြတာပေါ့။ ငလျင်မလှုပ်ခင် ဆေးတက္ကသိုလ် ကျောင်းသူဆောင် မီးလောင်တယ်။ ငလျင်လှုပ်နေတုန်း ဟို အနောက် စိန်ပန်းသံလျက်မှော်ဘက်က ရပ်ကွက် မီးလောင်တာလည်း အိမ်ခြေ၇၀၀လောက် ပါသွားသတဲ့။ ဒီရပ်ကွက်က အရင် အမှိုက်ကုန်းပေါ် မြေဖို့ ဆောက်ထားတာတဲ့။ အရင်ရက် နေပူတာရော ငလျင်လှုပ်တာရောမို့ အောက်က အမှိုက်ဟောင်းက ထွက်တဲ့ ဓာတ်ငွေ့က မီးတောက်တွေ ထွက်လာပြီး မီးလောင်တာတဲ့။ ပြီးတော့ တက္ကသိုလ်ထဲက ပင်မဆောင်ကြီးက ပထမဆုံးငလျင်လှုပ်ကတည်းက မီးလောင်တာတဲ့။ မန္တလေးဆိုတာ တနေ့တည်းနဲ့ ပြားပြားဝပ် ပျက်စီးသွားပြီလေ။
အလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၉)
ဒီလိုနဲ့ မိုးလင်းခဲ့ရတယ်။ မနက်လင်းတော့ တညလုံး ဘာအစာမှ ဟုတ်တိပတ်တိ မစားလိုက်ရတော့ ဆာပြီလေ။ ဒါကြောင့် ၂၆လမ်းဘက်က ထိုင်နေကျ လက်ဖက်ရည်ဆိုင်တွေဖက် ထွက်လိုက်တယ်။ လမ်းပေါ်မျာ အင်ဗြူးလင့်ကားတွေက ညလုံးပေါက် အလုပ်လုပ်ပြီး မနားကြရသေးပုံ မပေါ်ဘူး။ မီးတန်းတွေဖွင့်ပြီး ဥသြဆွဲကာ ဥဒဟိုသွားလာနေကြဆဲပါ။ လက်ဖက်ရည်ဆိုင်တွေထဲလည်း မနက်လင်းစရှိသေး စာပွဲစေ့ လူစေ့ ပြည့်နေကြပြီ။ ကျွန်တော်က စာပွဲတလုံးက ရှားရှားပါးပါးလွတ်နေတဲ့ ခုံတလုံးမှာထိုင်ပြီး စားနေကျအတိုင်း ပဲနံပြားနဲ့ လက်ဖက်ရည်မှာလိုက်တော့ မုန့်တွေက အားလုံးကုန်ပြီတဲ့။ လက်ဖက်ရည်ပဲ ရတော့မှာတဲ့။ ကျွန်တော်က ထိုင်နေကျမို့ ရင်းနှီးတဲ့ စာပွဲထိုးကလေးမလေးကို စားစရာတခုခု ရှာပေးပါဦးလို့ မှာလိုက်လို့ အီကြာကွေးလေး တချောင်းပဲ ရလို့ လက်ဖက်ရည်နဲ့ တို့စားလိုက်ရတယ်။ စားစရာဘာမှ မရတော့တဲ့ လက်ဖက်ရည်ဆိုင်ထဲက စားသုံးသူတွေနဲ့ ပြည့်ကျပ်နေတဲ့ စာပွဲတွေကို ကြည့်ပြီးကျွန်တော် ပြုံးလိုက်မိတယ်။
တမြန်နေ့က မတ်လ ၂၇ပေါ့။ ကျွန်တော်နဲ့ စာရေးဆရာ နောင်(ရူပ)တို့ နေ့ခင်း ၁၁နာရီလောက်က ဒီဆိုင်မှာ လက်ဖက်ရည်လာသောက်ကြရင်း စကားပြောဖြစ်ကြတယ်။ ကျွန်တော်တို့ စထိုင်ကာစက ဆိုင်ထဲမှာ ဝိုင်း၃ဝိုင်းလောက် ရှိတယ်။ ကျွန်တော်တို့ကလည်း ထုံးစံအတိုင်း စကားကောင်းလိုက်ကြတာ မွန်းတည့် ၁၂နာရီလောက်ကျ ဆိုင်ထဲမှာ ကျွန်တော်တို့ တဝိုင်းပဲ ရှိတော့တယ်။ ဧည့်ကပါးလိုက်တာ။ စာပွဲထိုးမလေးတွေ ၇ယောက်လောက်က လင်ပန်းလေးတွေ ပိုက်ပြီး ဆိုင်ထဲမှာ မတ်တပ်လေးတွေနဲ့ ဧည့်မျှော်နေကြပုံကို ကျွန်တော်က အကဲခတ်မိနေတယ်။ နောက် နာရီဝက်လောက်ထိ ဧည့်က မရောက်သေးဘူး။ ဒိတင် ကျွန်တော်မျက်မှန်းတန်းမိတဲ့ စာပွဲထိုးအကြီးမလေးက လွတ်နေတဲ့ စာပွဲတွေအားလုံးကို တစာပွဲချင်း လက်နဲ့ တဘုန်းဘုန်း ပုတ်ပါတော့တယ်။ ခဏနေတော့ ဧည့်သည် မိသားစု၃ယောက် ဝင်လာတာ တွေ့ရတယ်။ ဪ.. သူတို့ လုပ်လေ့လုပ်ထရှိတဲ့ ယုံကြည်မှုနေမှာပေါ့၊ အဲ့ဒီနေ့ကလည်း ကျွန်တော် သဘောကျလို့ ပြုံးမိတယ်။ ဟောဗျာ အခု တရက်ခြားမှာ မနက်၇နာရီမထိုးသေးဘူး ဧည့်တွေ ကျလိုက်ပုံက။ အခု မနိုင်တော့လို့ ၉နာရီထိုးရင် ဆိုင်ပိတ်တော့မှာတဲ့။ အကယ်၍ ဧည့်ရှင်းရင် ကျွန်တော်က စာပွဲပုတ်တဲ့ စာပွဲထိုးမလေးကို ခေါ်ပြီး စဦးမလို့၊ ညီးက စွမ်းလိုက်တာအေ၊ ၂၇ရက်နေ့က စာပွဲ ပုတ်ပြီး ဧည့်ခေါ်လိုက်တာ ၂၈ရက်နေ့ကျ ငလျင်ကြီး လှုပ်ပြီး ဟော အခု ၂၉ရက်နေ့ကျ ဧည့်ကျလိုက်ပုံက ဆိုင်ကို အစောကြီး ပိတ်ယူရတယ်လို့ စ မလို့ပါ။ ဒါပေမယ့် ဧည့်ကျနေလို့ မ စ ခဲ့ရပါဘူး။ ဘာရယ်မဟုတ်ပါဘူး၊ စိတ်ညစ်စရာတွေထဲက ပျော်စရာလေး ကြံဖန်တွေးမိတာပါ။
အိမ်ရောက်တော့ အိမ်ထဲဝင်ပြီး မနေ့က ပြိုလဲကုန်တာတွေ ရှင်းရတယ်။ အထူးသဖြင့် ချက်ပြုတ်စားဖို့ မီးဖိုခန်းကို စရှင်းတာပါ။ ကျွန်တော့စာအုပ်ခန်းက မရှင်းနိုင်သေးဘူး၊ ဝင်လို့မရသေးဘူး၊ စာအုပ်ခန်း အဝင်မှာရော စာအုပ်ခန်းထဲရော ကျွန်တော်ဝါသနာပါလို့ စုဆောင်းထားတဲ့ ရှေးဟောင်း သံပတ်ပေး တိုင်ကပ်နာရီတွေက ငလျင်လှုပ်တာနဲ့ ဟန်ချက်ပျက်ကုန်ပြီး နာရီတွေက ရပ်ကုန်တယ်။ ရပ်နေတဲ့ နာရီတိုင်းက ၁၂နာရီ၅၀မိနစ် ၅၂မိနစ် ၅၃မိနစ် ဝန်းကျင်မှာပဲ နာရီလက်တံတွေက ပြနေကြတယ်။ ဗီရိုပေါ်က ပြုတ်ကျတဲ့ ဓာတ်ခဲနာရီတွေထဲက ဓာတ်ခဲ ပြုတ်ကုန်တဲ့ နာရီတွေကလည်း ၁၂နာရီ ၅၂မိနစ်ဝန်းကျင်မှာ အားလုံးက တုံးလုံးပက်လက်နဲ့ ပြနေကြတယ်။ ပထမထပ်က သားတွေအခန်းလည်း မရှင်းနိုင်ဘူး။ အပေါ်ဆုံးထပ် ကျွန်တော်တို့အခန်းထဲက ဗီရိုတွေလဲတာ တီဗီပြုတ်ကျတာ ထားလိုက်ဦး၊ ဘုရားခန်းက ပန်းအိုးတွေ ပြုတ်ကျတာတွေ ရှင်းရတယ်။ အထူးသဖြင့် မနေ့က အုတ်တံတိုင်းပြိုလို့ အုတ်ပိပြီး ပြတ်ကုန်တဲ့ ရေပိုက်တွေပြင်ဖို့ လာလုပ်ပေးနေကျ ပိုက်ဆရာခေါ်တော့ သူ့အိမ်က တခြမ်းပြိုလို့ ရှင်းနေရတာ မလာနိုင်ဘူးတဲ့။ ဒါကြောင့် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပဲ ပိုက်တွေအစားထိုး ပြန်ဆက်ရတယ်။ ရပါတယ်။ အိမ်ထဲ ဝင်လမ်း ထွက်လမ်းလေး ရတော့မှ ဖုန်းဖွင့်ကြည့်တော့ ဖုန်းဒေတာနဲ့ အင်တာနက်လိုင်းရတယ်။
လိုင်းရလို့ ဝင်ကြည့်တော့ စိတ်မချမ်းသာစရာတွေချည်း မြင်ရတော့တယ်။ မြို့ရိုးပြာသာဒ်တွေ မြို့ရိုးတွေ တိုက်တာ အိမ်ခြေတွေ အပျက်အစီးတွေ ထင်တာထက် ပိုများလှပါလား။ စစ်ကိုင်း အင်းဝ အမရပူရက ပုံတွေ၊ ဘုရားစေတီ ဘုန်းကြီးကျောင်း အပျက်အစီးတွေ၊ ဗလီတွေ အများကြီးပါလား။ ဒီပုံတွေထဲမှာ တက္ကသိုလ်ပင်မဆောင်ကြီး မီးလောင်နေတဲ့ ဗီဒီယိုလည်း တွေ့ရတော့ ရင်နာလိုက်တာ။ တဆောင်လုံးလောင်တာကိုး။ မကြာပါဘူး ပင်မဆောင်မီးလောင်တာနဲ့ ပတ်သက်တဲ့ သတင်းတွေလည်း ပုံစံမျိုးစုံနဲ့ တက်လာပါတယ်။ ပုံစံမျိုးစုံ ရှုထောင့်မျိုးစုံပေမယ့် သတင်းရဲ့ အဖွင့် စကား၊ အဖွင့်စာသားတိုင်းက”မကြာခင် နှစ်၁၀ဝပြည့်တော့မယ့် မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီး” လို့ပဲ ပြောကြ ရေးကြ သတင်းပေးကြတယ်။
မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးက ဘယ့်နှယ် မကြာခင် နှစ်၁၀ဝပြည့်တော့မယ်မှ မဟုတ်ပဲ။ လွဲနေပြီ။ အဲဒီ ပင်မဆောင်ကြီးက အခု မီးဘေးသင့်တဲ့ ၂၀၂၅ခု မတ်လ ၂၈ရက်နေ့ဆိုရင် နှစ် ၁၀ဝပြည့်ပြီး ၃လနဲ့ ၆ရက်စွန်းပါပြီ။ တကယ်တော့ မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးရဲ့ သမိုင်းက ဒီလိုပါ။
(ဆက်ရန်)

Related posts

Leave a Comment

VOM News

FREE
VIEW