ပယ်ဖျက်ခံနိုင်ငံရေးပါတီတွေအယူခံဝင်ခွင့် မရှိ၊ ဥပဒေအတိုင်းသာဖြစ်ပြီး ရွေးကောက်ပွဲမှာနိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေကိုခွင့်ပြုမယ်

​နေပြည်​တော်၊ စက်တင်ဘာ ၁၁ – ၂ဝ၂၅
VOM(KKO)
ပယ်ဖျက်ခံနိုင်ငံရေးပါတီတွေအနေနဲ့အယူခံဝင်ခွင့်မရှိဘဲ ဒါဟာဥပဒေအတိုင်းသာဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)အဖွဲ့ဝင် ဦးခင်​မောင်ဦးက ဒီကနေ့ နေပြည်တော် ရွေး/ကော်ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ VOM ရဲ့ အ​မေးကို ​ဖြေကြားပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုး သမီးပါတီ(မွန်)နဲ့ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ကိုပယ်ဖျက်လိုက်တယ်လို့ရွေး/ကော်ကထုတ်ပြန်ခဲ့တဲ့ ကိစ္စအတွက် ​မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဒီလိုဆုံးဖြတ်ချက်ဟာ နိုင်ငံရေးပါတီတွေအပေါ်ပြင်းထန်လွန်းမနေဘူးလား၊ ဒါဟာရွေး/ကော်ရဲ့အပြီးသတ်ဆုံးဖြတ်ချက်လား အယူခံဝင်ခွင့်မရှိတော့ဘူးလားလို့ VOM က
ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာမေးမြန်းခဲ့မှုအပေါ် ရွေး/ကော် UEC တာဝန်ရှိသူဦးခင်​မောင်ဦးက အခုလို ပြန်လည်ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။
“ဒါကဥပဒေပြဌာန်းချက်အတိုင်းဖြစ်ပါတယ်။ဒီဥပဒေပြဌာန်းချက်ကလည်းလျော့ပေါ့ထားတဲ့ ဥပဒေပြဌာန်းချက်ဖြစ်ပါတယ်။၂၆ .၁. ၂ဝ၂၃ မှာ ပြဌာန်းထားခဲ့တဲ့ဟာကို ၃ဝ.၁. ၂ဝ၂၄ မှာတဝက်တိတိလျော့ပေးထားခဲ့တဲ့ပြဌာန်းချက်ဖြစ်ပါတယ်။ ဒါကိုလျော့ပေး လိုက်တဲ့အတွက် ကျန်တဲ့ပါတီတွေရောမျှတရဲ့လား၊ ကျန်တဲ့ပါတီတွေက သူတို့အတွက်မျှတရဲ့လားသူတို့ကအင်အားတွေ ပြည့်ဝပြီးကြိုးစားဆောင်ရွက်ထားတဲ့ပါတီတွေရှိပါတယ်။ ဒါကိုကျွန်တော်တို့အားလုံး ဆုံးဖြတ်ပြီးမှ ဆုံးဖြတ်ချက်ချခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်” လို့ ရွေး/ကော်အဖွဲ့ဝင် ဦးခင်​မောင်ဦးက ပြောပါတယ်။
ဒါအပြင် အခုလိုနိုင်ငံရေးပါတီ ၄ ခုကို နိုင်ငံရေးပါတီအဖြစ်ကနေပယ်ဖျက်လိုက်ရခြင်းနဲ့ ပတ်သက်လို့မှတ်တမ်းမှတ်ရာအချက် အလက်တွေအားလုံးရွေး/ကော်UECမှာရှိနေပြီး ဒီမှတ်တမ်းတွေအားလုံးကိုနိုင်ငံရေးပါတီတွေအနေနဲ့ တောင်းယူကြည့်ရှုနိုင်တယ်လို့ UEC တာဝန်ရှိသူတွေက ဆက်ပြီးပြောပါတယ်။
“ဒီကိစ္စတွေနဲ့ပတ်သက်လို့ ၂၆ ရက်နေ့ကနိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေကို ခေါ်ယူရှင်းပြပြီးဖြစ်ပါတယ်။ ဒါကိုစစ်ဆေးနိုင်တဲ့ ဆော့ဝဲလ်တွေလည်းကျွန်တော်တို့မှာအဆင်သင့်ရှိပါတယ်။ တချို့နေရာတွေမှာ ပါတီဝင်အင်အားတွေထပ်နေတာ ရုံးခန်းတွေထပ်နေတာရှိပါတယ်။ ဒါနဲ့ပတ်သက်လို့စာရွက်စာ တမ်းတွေအားလုံးUECမှာရှိပါတယ်”လို့ ထပ်လောင်းပြောပြပါတယ်။
ဒါအပြင် လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာကလေ့လာစောင့်ကြည့်သူတွေကို ခွင့်ပြုသွားမယ်လို့ ရွေး/ကော်တာဝန်ရှိသူတွေက ပြောပါတယ်။
“နိုင်ငံရေးပါတီ တွေကိုပယ်ဖျက်တာကအယူခံခွင့်မရှိပါဘူး။ ဥပဒေအတိုင်းသာဖြစ် ပါတယ်။လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာကလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို နိုင်ငံတကာ ကောင်စစ်ဝန်ရုံး‌တွေကနေ ဖိတ်ကြားပြီးလေ့လာခွင့်ပြုသွားမယ်”လို့ ရွေး/ကော် UEC တာဝန်ရှိသူတယောက်ကပြောပါတယ်။
ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ရဲ့ပထမဦးဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲဖြစ်ပါတယ်။
ဒါကြောင့်ယခုနှစ်၊ဒီဇင်ဘာ ၂၈ ရက်မှာကျင်းပမယ့်ရွေးကောက်ပွဲမှာပြည်ထောင်စုတဝန်းဝင်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၉ ပါတီအနက် ၆ ပါတီသာကျန်ရှိတော့ပြီး တိုင်းနဲ့ ဒေသကြီးအလိုက်ယှဉ်ပြိုင်မယ့်ပါတီတွေက ၅၁ ပါတီဖြစ်တယ်လို့ UEC ကပြောပါတယ်။
နလအအနေနဲ့ရွေးကောက်ပွဲအပိုင်း – ၁ ကို ဒီဇင်ဘာ၂၈ ရက်မှာကျင်းပမှာဖြစ်ပြီးနိုင်ငံတဝန်းကမြို့နယ် ၁၀၂ မြို့နယ်မှာကျင်းပဖို့ရှိနေတာဖြစ်ပါတယ်။
ဒါအပြင်အပိုင်းလိုက်ဆက်လက်ကျင်းပမယ့်ရွေးကောက်ပွဲနေ့ရက်တွေကိုလည်း ထုတ်ပြန်ပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောကြားထားပြီးရွေးကောက်ပွဲအပိုင်းတခုနဲ့တခုဟာ ရက်သတ္တပတ်နဲ့ရက်သတ္တပတ်နှစ်ပတ်လောက်သာကြာမြင့်နိုင်ဖို့ရှိတယ်လို့ သိရပါတယ်။
ယနေ့ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ UEC ကတာဝန်ရှိသူတွေဖြစ်တဲ့ဦးမြင့်သိန်း၊ဦးအောင်လွင်ဦးနဲ့ ခင်​မောင်ဦးတို့က ဦးဆောင်ရှင်းလင်းပြောကြားခဲ့တာဖြစ်ပြီး
မဲ​ပေးစနစ်​ပြောင်းလဲမှုတွေ MMP စနစ်အပြင်ကြိုတင်မဲစာရွက် ၊ရလာဒ်​အမြန်​ကြေငြာနိုင်မယ့်နေ့ရက်နဲ့ ရွေးကောက်ပွဲဒုတိယပိုင်း တတိယပိုင်းကြေညာမယ့် ကိစ္စရပ်တွေကိုလည်း ရှင်းလင်းပြောပြခဲ့ပါတယ်။
Photo – VOM

Related posts

Leave a Comment

VOM News

FREE
VIEW