နောက်ဆုံးပေါ်နည်းပညာသုံး အဆင့်မြင့်လက်နက်တစ်မျိုး မြောက်ကိုရီးယား ထုတ်လုပ်လိုက်ပြန်

 

ပြုံးယမ်း၊နိုဝင်ဘာ-၁၆

မျိုးဆက် (VOM)

မြောက်ကိုရီးယားရဲ့ နောက်ဆုံးပေါ် နည်းပညာနဲ့ ထုတ်လုပ်လိုက်တဲ့ အဆင့်မြင့် လက်နက်တစ်မျိုး အောင်မြင်စွာ စမ်းသပ်ပစ်ခတ်မှုတစ်ခုမှာ ခေါင်းဆောင်ကင်ဂျုံအန်ဟာ ကြီးကြပ်စောင့်ကြည့်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက နိုဝင်ဘာ ၁၆ ရက်မှာ ဖော်ပြလိုက်ပါတယ်။

အဆိုပါလက်နက်ပုံစံအမျိုးအစားနဲ့ ပတ်သက်တဲ့  အသေးစိတ်အချက်အလက်များတွေကိုတော့ ကေစီအင်အေ သတင်းဌာနက ထုတ်ပြန်ထားခြင်းမရှိပေမယ့် ယင်းလက်နက်ကို  အချိန်များစွာယူပြီး  တီထွင် ထုတ်လုပ်ထားတယ်လို့ဆိုပါတယ်။

မြောက်ကိုရီးယားက ဒီလို လက်နက်သစ်ကို စမ်းသပ်မှုဟာ နျူးကလီးယားစွန့်လွှတ်ရေး အမေရိကန် တောင်ကိုရီးယားတို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်နေတဲ့ တစ်နှစ်အတွင်း ပထမဆုံးအကြိမ် စမ်းသပ်ခြင်း လည်းဖြစ်ပါတယ်။

ဇွန်လအတွင်းက ကင်ဂျုံအန်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ကိုရီးယားကျွန်းဆွယ်နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ရှေးရှုလုပ်ဆောင်ဖို့  သဘောတူညီခဲ့ပေမယ့် ယေဘူယျဆန်နေသလို အသေးစိတ်အချက်အလက်တွေကိုလည်း ထုတ်ပြန်ခြင်းမရှိပါဘူး။

မစ္စတာကင်နဲ့ မစ္စတာထရန့်တို့အကြား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ စီစဉ်ရေးအတွက် ရည်ရွယ်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဖို့ ယခုသီတင်းပတ်က စီစဉ်ထားတာလည်း ပျက်ပြားခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်တွေကြောင့် မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံအကြားဆက်ဆံရေးဟာ  စင်္ကာပူ ထိပ်သီးဆွေးနွေးပွဲအပြီး ပိုမိုဆိုးရွားလာဟန်ရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Ref: BBC/ Time

Photo : France 24

 

 

Related posts

Leave a Comment

VOM News

FREE
VIEW