မိုးထိမိုးမိ ရွှေကြွေးကျန်ကိစ္စ တရားမကြောင်းအရ တရားစွဲဆိုထား

နေပြည်တော်၊မတ်လ(၁၂)

ဒီပ(နေပြည်တော်)

 

မတ်လ(၁၂)ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမှတ်(၂) သတ္ထုတွင်း ၀န်ကြီးဌာနက ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ ဦးသံဒိုင်က မိုးထိမိုးမိ ရွှေလုပ်ကွက်(A)နဲ့ပတ်သက်ပြီး ကုမ္ပဏီတာဝန်ရှိသူတွေကို ရွှေကြွေးကျန် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ အနုညာတ စီရင်ဆုံးဖြတ်ခြင်းမလိုတဲ့ အတွက်ကြောင့် တရားမကြောင်းအရ တရားစွဲဆိုရခြင်းဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

 

“ကုမ္ပဏီဘက်ကတော့ အနုညာတ စီရင်ပိုင်ခွင့်ကို ၀န်ကြီးဌာနဘက် တောင်းဆိုထားတာ မရှိပါဘူး စာချုပ်ထဲမှာတော့ ချုပ်ဆိုထားတာရှိတယ် ပြီးတော့ ကုမ္ပဏီဘက်က အခြားနေရာတွေကို တောင်းဆိုထားမှု၊ ၀န်ကြီးဌာနကို တင်ပြထားမှုနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ထားမှုအပေါ်မှာ မူတည်ပြီးတော့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးကနေ ပြန်လည်တောင်းခံပြီးတော့ ဒီကိစ္စဟာ စာချုပ်အငြင်းပွားတဲ့ ကိစ္စမှသာ လုပ်ရတဲ့အရာ ဖြစ်တာကြောင့် စာချုပ်ကို ဖောက်ဖျက်ခြင်းဖြစ်တဲ့အတွက် အနုညာတ စီရင်ဆုံးဖြတ်ခြင်း မလိုပါဘူးလို့ ပြန်လည်အကြောင်းပြန်ခြင်း ဖြစ်တဲ့အတွက် လုပ်ရခြင်းဖြစ်ပါတယ်”လို့ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ ဦးသံဒိုင်က ပြောကြားခဲ့ပါတယ်။

 

ကုမ္ပဏီဘက်ကတော့ အစိုးရရဲ့ Enterprize လုပ်ငန်းတွေမှာ တရားမကြောင်းတွေ ဖြစ်ပေါ်လာခဲ့ရင် အနုညာတ စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ  လုပ်ထုံးလုပ်နည်းတွေနဲ့ စတင်ကျင့်သုံးနေပြီလို့ ဆိုထားခဲ့ပြီး စာချုပ်ရဲ့ အပိုင်း(၁၉)မှာလည်း ဘယ်လိုကိစ္စမဆို အနုညာတ စီရင်ဆုံးဖြတ်ခြင်းနဲ့ ဆုံးဖြတ်လာရင် အတည်ဖြစ်ရမယ်လို့ ဆိုခဲ့ပါတယ်။

 

“အနုညာတဆိုတာကတော့ ပေါ့ပေါ့ပါးပါးပေါ့ဗျာ နောက်ဆုံး တရားရုံးကို မရောက်စေချင်တဲ့ သဘောပေါ့ဗျာ ဒါပေမယ့် နှစ်ဖက်အငြင်းပွားမှု ဖြစ်တဲ့အချိန် သူနဲ့ကိုယ်နဲ့ အငြင်းပွားတယ်ဆိုရင် မပြီးပြတ်တော့ဘူး ဒီအချိန်မှာ သူ့ဖက်ကိုယ့်ဖက် နှစ်ဖက်ယုံကြည် စိတ်ချရတဲ့ ဥပဒေကြောင်းအရ ဆုံးဖြတ်မယ့်သူရဲ့ ဆုံးဖြတ်ချက်ကို ယူပါမယ်လို့ စာချုပ်ပါခဲ့တယ်။ ဒါပေမယ့် ဒီလိုလုပ်လို့မရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ တရားရေးကို ဆက်သွားရခြင်းဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအခြေအနေအရ ကုမ္ပဏီတာဝန်ရှိသူကို တရားစွဲဆိုထားရာမှာတော့ မတ်လ(၁၃)ရက်နေ့မှာ ရဲလုပ်ထုံး လုပ်နည်းတွေအရ တတိယမြောက် ရုံးချိန်ဖြစ်ပြီးတော့ ရမည်းသင်းမြို့နယ်မှာ အမှုဖွင့် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

မိုးထိမိုးမိ ရွှေလုပ်ကွက် (A)ကို တွေ့ရစဉ်

အဲ့ဒီလို လုပ်ကိုင်ခွင့်ပါမစ်ကို ရုပ်သိမ်းလိုက်တဲ့အပေါ် ကုမ္ပဏီရဲ့ဥက္ကဌဖြစ်သူ ဦးစိုးထွန်းရှိန်က ရွှေလုပ်ငန်းမှာ မှီခိုနေရတဲ့ အလုပ်သမားများ အခက်အခဲရှိလာနိုင်တယ်လို့  ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သလို နိုင်ငံတော်ကတောင်းတဲ့ ပမာဏကို ငြင်းဆန်ခြင်းမရှိပဲ လတ်တလော တစ်လုံးတည်း မပေးနိုင်တာဖြစ်ပြီး  ပိဿချိန်(၁၂၀၀)ပေးဆောင်ဖို့ ရှိရာမှာ (၁၀၁)ပိဿကို နောက်ဆုံးစာချုပ်အရ သွင်းပါမယ်လို့  ဆိုခဲ့သလို ကျန်ရှိကြွေးကျန်များကိုတော့   အရစ်ကျနဲ့ ဆပ်ခွင့်ပြုပါလို့ ကုမ္ပဏီဘက်က ပြောကြားထားခဲ့ပါတယ်။

“ တရားမမှုနဲ့သွားတာကတစ်ပိုင်း ၀န်ကြီးဌာနဘက်ကလည်း ခေါ်ယူညှိနှိုင်းပြီးတော့ အရစ်ကျအနေနဲ့ ဘယ်လိုဆက်သွားမလဲပေါ့  နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရခဲ့ပြီဆိုရင် စာချုပ်ချုပ်ပြီးတဲ့ အခါကျမှ ၀န်ခံဒီဂရီ တင်လိုက်ရင်လည်း နို်င်ငံတော်က အနိုင်ဒီဂရီ ရရှိသွားမှာဖြစ်တယ် ကုမ္ပဏီဘက်ကလည်း ဒီလိုညှိနှိုင်းလို့ အစဉ်ပြေခဲ့ရင် ၀န်ခံကတိတင်ဖို့အတွက် မခက်ခဲဘူးလို့ မြင်ပါတယ် သူတို့ကိုယ်တိုင်ကလည်း ပေးပါမယ်ဝန်ခံနေတာ အဲ့ဒီလိုဆို အဆင်ပြေမယ်လို့ထင်တယ် ဒီအတိုင်း တရားမကြောင်းနဲ့ သွားနေမယ် (၃၈)ဘီလီယံကျပ်နဲ့ လေလံအောင်ထားတယ် ရတာက(၉)ဘီလီယံကျပ်နဲ့ (၁၂)ဘီလီယံကျပ် ကြားမှာပဲရတယ် ဒါတွေကို အငြင်းပွားနေမယ်ဆိုရင် တရာမကြောင်းဆိုတာ ငါးနှစ်လည်းဖြစ်မယ် (၁၀)နှစ်လည်းဖြစ်နိုင်တယ် နိုင်ငံတော်အတွက် အဆင်မပြေဘူး”ဟု ရမည်းသင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဖေဖော်ဝါရီ(၈)ရက်နေ့က ပြောကြားသွားခဲ့ပါတယ်။

 

#voiceofmyanmar #မိုးထိမိုးမိ #ရွှေလုပ်ကွက် #ဦးစိုးထွန်းရှိန်

 

Related posts

Leave a Comment

VOM News

FREE
VIEW