VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ

– မြေပေါ် အာကာသစခန်း တည်ဆောက်မယ့် တရုတ်နိုင်ငံ
– တွစ်တာနဲ့အပြိုင် Threads အက်ပလီကေးရှင်းသစ် ဖေ့စ်ဘွတ်ခ် မိခင်ကုမ္ပဏီ ဖန်တီး
– လကမ္ဘာလေ့လာရေး မစ်ရှင်စေလွှတ်ဖို့ အိန္ဒိယနိုင်ငံ စီစဉ်နေ

မျိုးဆက်(VOM)
၈-၇-၂၀၂၃

(၁) မြေပေါ် အာကာသစခန်း တည်ဆောက်မယ့် တရုတ်နိုင်ငံ
တရုတ်နိုင်ငံဟာ မြေပြင်ပေါ်မှာ အာကာသသိပ္ပံဆိုင်ရာ စမ်းသပ်မှုအမျိုးမျိုးပြုလုပ်ဖို့အတွက် အာကာသထဲက အခြေအနေအတိုင်း မြေပေါ်အာကသာစခန်း တည်ဆောက်ဖို့ လုပ်ဆောင်နေကြောင်း SCMP သတင်းဌာနက ဖော်ပြထားပါတယ်။
တရုတ်သုတေသီတွေဟာ မြေပြင်အာကာစခန်းတို့ လူသိများတဲ့ အဲဒီစီမံကိန်းအတွက် ပထဆုံးသော စမ်းသပ်မှုတွေကို စတင်လုပ်ဆောင်နေပြီး ဟာဘင်မြို့မှာ အခြေစိုက်မှာဖြစ်ကြောင်း အဲဒီသတင်းဌာနက ဖော်ပြထားပါတယ်။
ဒီစီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အာကာသထဲမှာကြုံတွေ့ရတဲ့အခြေအနေတွေအတိုင်း ကမ္ဘာမြေပေါ်မှာ သိပ္ပံနည်းကျစမ်းသပ်မှုတွေနဲ့ သုတေသနတွေ လုပ်ဆောင်ဖို့အတွက် ပလက်ဖောင်းတခုဖန်တီးဖို့ ဖြစ်ကြောင်း သုတေသီတွေက ပြောပါတယ်။
မြေပြင်အာကာသစခန်းဟာ အာကာသထဲကဓါတ်ခွဲခန်းတခုနဲ့နှိုင်းယှဉ်မယ်ဆိုရင် မတူကွဲပြားတဲ့ နည်းပညာဆိုင်ရာ စိတ်ကူးစိတ်သန်းတွေကို အကဲဖြတ်စမ်းသပ်ဖို့ ပိုမိုအဆင်ပြေစေပြီး သံလိုက်စက်ကွင်း၊ လျှပ်စစ်သံလိုက်ရောင်ခြည်၊ ပလာစမာနဲ့အာကာသဖုန်မှုန့်လိုမျိုး အာကာသ၀န်းကျင်လို ပုံစံတူအခန်းတွေ ပါ၀င်မယ်လို့သိရပါတယ်။

(၂) တွစ်တာနဲ့အပြိုင် Threads အက်ပလီကေးရှင်းသစ် ဖေ့စ်ဘွတ်ခ် မိခင်ကုမ္ပဏီ ဖန်တီး
ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ဟာ တွစ်တာနဲ့အလားသဏ္ဍန်တူတဲ့ အက်ပလီကေးရှင်း Threads ကိုဖန်တီးလိုက်ပြီး အဲဒီအက်ပလီကေးရှင်းဖြန့်ဝြေပီး ပထမခုနှစ်နာရီအတွင်းမှာပဲ သုံးစွဲသူ ၁၀ သန်း မှတ်ပုံတင်ခဲ့တယ်လို့ Meta ကပြောပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာလအတွင်း ကမ္ဘာ့အချမ်းသာဆုံး သူဌေး အီလွန်မာ့ခ်၀ယ်ယူခဲ့တဲ့ တွစ်တာနဲ့အပြိုင် Threads အက်ပလီကေးရှင်းကို ဖန်တီးခဲ့တာဖြစ်ပြီး မူဝါဒအပြောင်းအလဲကြောင့် တွစ်တာအသုံးမပြုလိုတော့သူတွေဟာ မက်ခ်ဇူကာဘတ်ရဲ့ Threads အက်ပလီကေးရှင်းကို ပြောင်းလဲအသုံးပြုလာဖွယ်ရှိကြောင်း နည်းပညာကျွမ်းကျင်သူတွေက ပြောပါတယ်။
Threads အက်ပလီကေးရှင်းဟာ အသုံးပြုသူတွေအတွက် စာလုံးရေ ၅၀၀ ထိပို့စ်တင်ခွင့်ပေးထားပြီး တွစ်တာနဲ့ဆင်တူတဲ့ လုပ်ဆောင်ချက်များစွာရှိနေပါတယ်။ ဒီအက်ပလီကေးရှင်းဟာ တွစ်တာထက် ပိုမိုကျယ်ပြန့်လာဖို့ကတော့ အချိန်အနည်းငယ်ကြာလိမ့်မယ်လို့ ဇူကာဘတ်ကဆိုပါတယ်။
ဇူကာဘတ်ရဲ့ Threads အက်ပလီကေးရှင်းကို ဗြိတိန်အပါအ၀င် နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ဒေါင်းလုဒ်ဆွဲ အသုံးပြုလို့ ရနေပြီဖြစ်ပေမယ့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် ဥရောပသမဂ္ဂအဖွဲ့၀င်နိုင်ငံတွေမှာတော့ မရရှိသေးဘူးလို့ သိရပါတယ်။ တွစ်တာနဲ့ ပုံစံတူတုပပြုလုပ်တယ်ဆိုပြီး Meta ကိုတရားစွဲဖို့ တွစ်တာပိုင်ရှင် အီလွန်မာ့ခ်က ခြိမ်းခြောက်ထားပါတယ်။

(၃) လကမ္ဘာလေ့လာရေး မစ်ရှင်စေလွှတ်ဖို့ အိန္ဒိယနိုင်ငံ စီစဉ်နေ
အိန္ဒိယ အာကာသုတေသနအဖွဲ့ (ISRO) ဟာ လကမ္ဘာလေ့လာရေးမစ်ရှင်အဖြစ် သုတေသနဂြိုဟ်ဆင်းယာဉ် လွှတ်တင်ဖို့ စီစဉ်နေကြောင်း ထုတ်ပြန်လိုက်ပါတယ်။
နှစ်ရှည်လများ စောင့်ဆိုင်းခဲ့ရတဲ့ ချန်ဒရီယန်-၃ လကမ္ဘာမစ်ရှင်ကို ဇူလိုင် ၁၄ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၃၅ မိနစ်မှာ လွှတ်တင်သွားမယ်လို့ အိန္ဒိယအာကာသသုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီမစ်ရှင်ကို Launch Vehicle Mark-III (LVM3) ဒုံးပျံနဲ့ အန်ဒရာပရာဒေ့ရ်ှပြည်နယ်မှာရှိတဲ့ အာကာသစခန်းကနေ လွှတ်တင်သွားမှာဖြစ်ပြီး သတ်မှတ်အစီအစဉ်အတိုင်းဆိုပါက သြဂုတ် ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ လကမ္ဘာရဲ့ မျက်နှာပြင်ပေါ် ဆင်းသက်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ဒါဟာ မအောင်မြင်ခဲ့တဲ့ ချိန်ဒရီယန်-၂ မစ်ရှင်ရဲ့ နောက်ဆက်တွဲဖြစ်ပြီး ဒါဟာ အိန္ဒိယနိုင်ငံရဲ့ လကမ္ဘာလေ့လာရေး တတိယမြောက်မစ်ရှင်ဖြစ်ကာ လရဲ့မျက်နှာပြင်မှာ သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ၂၀၀၈ ခုနှစ်အောက်တိုဘာလအတွင်းက ပထမဆုံးသော အာကာသမစ်ရှင်အဖြစ် ချန်ဒရီယန်-၁ မစ်ရှင်ကို စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

Ref: IE/SCMP
#voiceofmyanmar #VOM #သိပ္ပံနဲ့နည်းပညာကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW