ဘာဆုတောင်းကြမလဲ မိတ်ဆွေ

Taung Byone

ဆူးငှက်

 

“ပေါင်းသိင်္ဂီ ကျင်ခတ်နှင့်၊တင်ကလပ်ဆောင်ချီ၊ အရှင်မြတ်နောင်ညီကို၊တင်ပမည်မကြွား၊ ပွဲတော်ရောက် သူအစုကိုပါအောင်၊တူရှုပါမင်းမြတ်နှစ်ပါး။ အခုမှ ဘယ်အမှုမြိုတယ်၊ရွယ်ခုဆိုစကား၊ မယ်ဥလိုဖုရားက၊ကျားလွှတ်လို့ လှန့်ပါ၊ ချစ်ခင်လျှင် ပြစ်တင်ဦးပါနဲ့၊နှစ်စဉ်ဖူးရောက်ပါမည် ဖျာ၊ ချစ်ခင်ဦးသူပါလျှင်၊မဟူရာဖန်ခွက်နှင့် ““ ဗျန်”” အရက် မှန်းသွယ်ရည်၊ဘုန်းဆက်ပါ့မည်၊ အောင်လျှင်အဖြစ် မန်းနယ်ပြည်မှာ၊မှန်းရွယ်ရည် တင်ဦးဖျလေး…..။””

၁၉၄၆ ခုနှစ်က ထုတ်ဝေတဲ့ မြန်မာ့အလင်း သတင်းစာမှာ ပါရှိတဲ့ တေးထပ်လေးပါ။ ဒီတေးထပ်လေးက တောင်ပြုံးပွဲနဲ့ ပတ်သက်ပြီး ရေးစပ်ခဲ့တယ် ဆိုတာ သိသာပါတယ်။ အေဒီ ၁၀၄၄ခုနှစ် ကတည်းက အနော်ရထာ မင်းစော တည်ထားခဲ့တဲ့ ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားနဲ့ ဆက်စပ် ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ မင်းညီနောင် ဇာတ်လမ်းဟာ မန်္တလေးမြို့အနီး တောင်ပြုံး အရပ်မှာ သာမက တစ်ပြည်လုံးပျံ့နှံ့ ထင်ရှားခဲ့ရာ ယနေ့ထက် တိုင်အောင်ပါပဲ။ တောင်ပြုံး ပွဲတော်ကို နှစ်ပေါင်း ရှည်ကြာစွာ ကျင်းပခဲ့တဲ့ သက်တမ်း တစ်လျောက် အတွေးအခေါ် အယူအဆနဲ့ ပတ်သက်တဲ့ အတိုက်အခိုက်၊ အသုံးအသတ်၊ ဝေဖန်မှုတွေ အများကြီး ကြုံခဲ့ရပေမယ့် ဒီပွဲတော်နဲ့ ဒီအယူအဆက မြန်မာ့မြေပေါ်က ပျောက်မသွားဘဲ ပိုလို့သာ ထင်ရှား ခိုင်ခန့်နေတာကလည်း စိတ်ဝင်စားစရာပါ။ မြန်မာနိုင်ငံအနေနဲ့ ပဒေသရာဇ် တစ်ပိုင်း ကိုလိုနီ တစ်ပိုင်း အခြေအနေမှာ ပဒေသရာဇ်ကို နွှယ်ပြီး တောင်ပြုံး ကဲ့သို့သော ရိုးရာယုံကြည်မှုနဲ့ ပွဲတော် အခင်းအကျင်းက စရွေးကိုက် ဖြစ်နေပါတယ်။ တောင်ပြုံးမှာ ဘုရင်တွေ၊ မိဖုရားတွေ၊ မူးကြီးမတ်ရာ စစ်သေနာပတိတွေ၊ လူပျိုတော်တွေ၊ အပျိုတော်တွေ၊ မင်းခမ်းမင်းနားတွေ၊ အဆောင်အယောင်တွေ၊ ထွက်စည်ဝင်စည်တွေ၊ ညီလာခံတွေ၊ ချိုးရေတော် သုံးတာတွေ စသဖြင့် စသဖြင့် ပဒေသရာဇ်ခေတ် ပုံစံအတိုင်း ခမ်းခမ်းနားနား ကျင်းပလေတော့ ဘုရင်မျှော်တဲ့ ကိုလိုနီခေတ် မြန်မာနိုင်ငံသူ၊နိုင်ငံသားတိုင်းအဖို့ သည်းခြေကြိုက် ဖြစ်ခဲ့တာပေါ့။

လွတ်လပ်ရေးရပြီးနောက် တစ်ဖက်က အမှီအခိုကင်းပြီး အမျိုးသားနိုင်ငံရေး၊ စီးပွားရေးလွတ်လပ်လိုမှု ရည်ရွယ်ချက်နဲ့ သဘောထားချင်း ယှဉ်ပြိုင်ကြပြီး လက်နက်ဆွဲကိုင် တိုက်ခိုက်နေကြချိန် အာဏာရပါတီနဲ့ ဝန်ကြီးချုပ်အပါအဝင် ခေါင်းဆောင်ကြီး တွေက ဆိုင်းသံ၊ ဗုံသံတညံညံနဲ့ ဗလိနတ်စာ ကျွေးကြ၊ ကနားပေးကြ၊ တိုင်တည်ကြ၊ ဆုတောင်းကြ၊ ကျိန်စာတိုက်ကြ၊ ပသကြလေတော့ တောင်ပြုံးဟာ လုံခြုံရေး အစီအမံနယ်ပါးတဲ့ နယ်စွန်နယ်ဖျားရှိသည့်တိုင် တန်ခိုးထက်ခဲ့တယ်။ ဒါပေမယ့် ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုသလိုပါပဲ။ လက်နက်ကိုင် အဖွဲ့အစည်း လက်အောက် တဒင်္ဂ ကျရောက်တဲ့ အချိန်အခါမျိုးလည်း တောင်ပြုံးအဖို့ ကြုံရသေးပါတယ်။ ဒီအချိန်မှာတော့ နတ်ဒိုးသံ ဆိတ်တာပေါ့။ တစ်နှစ်ကများ မင်းကြီး၊မင်းလေး ပုံတော်တွေ လက်နက်ကိုင် အဖွဲ့က ပြန်ပေးဆွဲသွားလို့ ပွဲတော် မကျင်းပရတဲ့ နှစ်လည်း ရှိခဲ့ဖူးသတဲ့။ ဒါပေမယ့် စည်စည်ကားကား အုန်းအုန်းကြွက်ကြွက် ကျင်းပတဲ့အ ချိန်ကာလက အများကြီးပါ။

တကယ်တော့ တောင်ပြုံးပွဲတော်ဟာ ယုံကြည် ကိုးကွယ်မှုနဲ့အတူ ရိုးရာ ယဉ်ကျေးမှုကလည်း ဆတူပါဝင်နေတော့ ဒီအချက်နှစ်ချက်စလုံးကို မြန်မာတွေက အူလှိုက် သည်းလှိုက် နှစ်သက်ခဲ့ကြတယ်။ ထေရဝါဒ ဗုဒ်္ဓဘာသာ ထွန်းကာတဲ့ နိုင်ငံမှာ မိရိုးဖလာအ စွဲအလမ်း ဆိုတာကလည်း မွေးရာပါဗီဇလို ဖြစ်နေလေတော့ ဘယ်လိုပဲ ပြောကြ၊ ဟောကြ၊ ရေးကြ၊သားကြပါစေ ဆွေစဉ်မျိုးဆက် အမွေကိုတော့ စွန့်လွတ်နိုင်ကြဖို့ ခဲယဉ်းလှတယ်။ ဟောင်ကောင်ပြန်၊ စင်္ကာပူပြန်၊ ဘန်ကောက်ပြန် မြန်မာမမက မြန်မာမှု ထဘီနဲ့ ဆံပင်ကို လုံး၀ စွန့်လွှတ် မေ့ပျောက်ချင် မေ့ပျောက်မယ်။ သူ့ဗြူတီပါလာ ဆိုင်ဖွင့်ပွဲ ဆိုင်းဘုတ်တင်တော့ ကန်တော့ပွဲ မမေ့မလျော့ ထိုးတာပါပဲ။ အင်္ဂလန်ပြန်၊ အမေရိကန်ပြန် အိုင်တီပညာရှင် မြန်မာကိုကိုကလည်း မြန်မာစာ ၊မြန်မာစကား တစ်နေ့နေလို့ တစ်လုံးရေးဖြစ် ပြောဖြစ်ချင်မှ ပြောဖြစ်မယ်။ သူ့အိုင်တီ ကုမ်္ပဏီ ရုံးခန်း ဖွင့်ရမယ့် ရက်ကိုတော့ ဗေဒင်သွားမေးသေးတာပဲ။

လူကြီးသူမတွေ တခူးတခန့် အချိန်ပေး လာရောက်ပြီး ဖဲကြိုးဖြတ် ပူဖောင်းလွှတ် ဖွင့်လှစ်ပေးမယ့်အချိန် မိုးလွတ်အောင် ရုံးခန်းထဲ ဖယောင်းတိုင်တွေ ထွန်းပြီး ထီးဇောက်ထိုး ဖွင့်ထားသေးတာပဲ။ ပြောလက်စနဲ့ ပြောရဦးမယ် ဆယ်ကျော်သက် ဟစ်ဟော့ပ် အဖွဲ့တွေရဲ့ စတိတ်ရှိုးမှာလည်း ဆောင်းဘောက်ကြီးပေါ် အုန်းပွဲ ငှက်ပျောပွဲထိုးလို့။ ရန်ကုန်မြို့က နာမည်ကြီး ကနားစီးတစ်ဦး ပြောတာတဲ့။ နတ်ကို ကိုးကွယ် ပူဇော်တာ မဟုတ်ပါဘူး။ ကိုးကွယ် ပူဇော်ဖို့က ရတနာသုံးပါး ရှိပါတယ်။ နတ်ကို ရိုးရာအနေနဲ့ ယုံကြည် ပသတာပါတဲ့။

မြန်မာတွေ ရိုးရာ အစွဲအလမ်း ဖြစ်တဲ့ နတ်အပါအဝင် ဗေဒင်၊ယတြာ ကိန်းခန်းတွေ ကိစ်္စကလည်း ဘယ်နေရာမှ လွှတ်ထားလို့မှ မရဘဲ။မည်သို့ပင် လက်တွေ့ သဘောမပါတဲ့ ရုပ်ဝတ်္ထုမဟုတ်ဟု ဆိုစေကာမူ တစ်ချိန်က တိုင်းပြည်မှာ သန်းပေါင်းများစွာသော တိုင်းသူပြည်သားများ ဆန်္ဒနဲ့ ထပ်တူကျမျှ အရေးတကြီး လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကိစ်္စမှာ ဗေဒင်၊ယတြာတွေ ပါဝင် ပတ်သက်ခဲ့တာ ဖတ်မှတ်ရဖူးပါတယ်။ ၁၉၅၀ခုဆိုတာ ပြည်တွင်းစစ်မီးကြီး အရှိန်ကောင်းနေဆဲ ကာလပေါ့။ အဓိက ထိပ်တိုက် ရင်ဆိုင်နေတာ အာဏာရပါတီနဲ့ ကွန်မြူနစ်တွေပါပဲ။ အာဏာရပါတီက ခေါင်းဆောင်တွေ၊ ကွန်မြူနစ်ပါတီက ခေါင်းဆောင်တွေ ဆိုတာကလည်း နိုင်ငံ လွတ်လပ်ရေးအတွက် အသက်ကို စတေးပြီး ထောင်ကို အိမ်ယာအမှတ်နဲ့ လက်တွဲ ဆောင်ရွက်လာကြသူတွေပါ။

ဒီတော့လည်း စိတ်မချမ်းမြေ့ဖွယ် စစ်တလင်း ခင်းနေကြတာဟာ မတွေ့မကြုံ၊ မသိမကြား၊ မပေါင်းမသင်း ဖူးသူတွေရဲ့ ညှိမရတဲ့ ပဋိပက်္ခတွေလို့ တိုင်းသူပြည်သား အားလုံးက မယူဆကြပါဘူး။ ရဲဘော်ရဲဘက်ချင်း၊ လုပ်ဖော် ကိုင်ဖက်ချင်း ပန်းတိုင်အတူတူ သွားနည်းသွားဟန် ကွဲပြားကြလို့သာ ယာယီအဆင်မပြေမှုလို့ပဲ အားလုံးက သဘောပေါက် ကြတယ်။ ဒါကြောင့် တစ်ချိန်ချိန် သဘောထားချင်း ညီမျှ အမြင်မှားတာတွေ သင်ပုန်းခြေပြီး စိတ်ရင်း စေတနာကောင်း မှန်စွာနဲ့ လက်တွဲကြလိမ့်မယ်လို့ တစ်တိုင်းပြည်လုံးက မျှော်လင့်ကြတယ်။ လက်တွဲလည်း လက်တွဲစေ ချင်ကြတယ်။ သည်တော့လည်း မြန်မာလူမျိုးပီပီ ဗေဒင်၊ယတြာ ကိန်းခန်းအလိုအရ ၁၉၅၀ခု၊ဇွန်လ ၂၈ရက်၊ ၁၃၁၂ခု ပထမ ဝါဆိုလဆန်း ၁၄ရက် ဗုဒ်္ဓဟူးနေ့မှာ မန်္တလေးမြို့ထုတ် မြန်မာ့လမ်းစဉ်သတင်းစာက အခုလ ိုရေးသားခဲ့တယ်။

““ ကွန်မြူနစ်ပါတီနှင့် ရွေးကောက်ပွဲ””

ဒုတိယဝါဆိုလဆန်း ၁၄ရက်က မလွန်မှီ ကွန်မြူနစ် ခေါင်းဆောင်ကြီးများ အမြင်မှန်ရကြ၍ ရွေးကောက်ပွဲတွင် ဝင် အရွေးခံကြဖွယ် ရှိခြင်း…..။ဆိုတဲ့ခေါင်းစဉ်အောက်မှာသခင်သန်းထွန်း၊သခင်တင်ထွန်းနဲ့ သခင်ဖေတင့်တို့ရဲ့ ဇာတာခွင် တွေကို ဖော်ပြထားပြီး ဇာတာခွင်တွေ အလိုအရတွက်ချက်ကာ “ …..အကြမ်းနည်းမှ အနုနည်းသို့ ပြောင်းလဲကာ ဒီမိုကရေစီ စည်းဝိုင်းအတွင်းသို့ ပြန်ဝင်လျက် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံဖွယ်ရာ ရှိပေသည်။ ဝန်ကြီးချုပ်ကလည်း ဖြူ၊နီကြောင်ကျားတို့အား ဒီမိုကရေစီ စည်းဝိုင်းအတွင်းသို့ ပြန်ဝင်ကြပြီး မိမိတို့ နှစ်သက်ရာဝါဒကို ထူထောင်နိုင်သည်ဟု အတိအလင်း မြွတ်ဟထားခဲ့ပေရာ သခင်သန်းထွန်း ကြီးမှူးသော ကွန်မြူနစ်ပါတီသည် အကြမ်းနည်းများကို စွန့်ပစ်ကြလျက် ဒီမိုကရေစီ စည်းဝိုင်းအတွင်းမှနေ၍ ရွေးကောက်ပွဲကို ဝင်ရောက်ကြပါလျှင် ကောဇာ ကြာသပတေးင်္ဂြိုဟ်ကြီးသည် ကွန်မြူနစ်ပါတီအား ထူးခြားသော အခွင့်အရေးများက ပေးနိုင်လိမ့်မည်ဟု ဗေဒင်နည်းဖြင့် ယူဆနိုင်လေသည်”” လို့ ရေးသားထားတာ ဖတ်ရတယ်။

ဆက်ပြီး၊ အဲဒီ ၁၃၁၂ခု၊ တူရာသီ သီတင်းကျွတ်လဟာ မြန်မာ့နိုင်ငံရေး ကံကြမ္မာ ကို ဖန်တီးမည့် လလို့လည်း ဆက်လက် ဟောကိန်း ထုတ်ထားတယ်။ ဘာပဲပြောပြောဒီနှစ်က ၁၃၇၉ခုပါ။ ဒီဟောကိန်း ထုတ်ခဲ့တာ ခုဆိုရင် ၆၇နှစ်ပြည့်ပါပြီ။ ဟောကိန်း မှန်ခြင်း၊ မှားခြင်း ကိစ်္စကလည်း ဖြစ်ပျက်ခဲ့ပြီးပြီမို့ ပြောစရာ မလိုတော့ပါဘူး။ တကယ်တော့ ရုပ်ဝါဒီ ကွန်မြူနစ် ခေါင်းဆောင်ကြီး သုံးဦးနဲ့ အာဏာရ အစိုးရ အဖွဲ့အစည်း အဆင်ပြေကြပြီး အဲဒီကာလ လတ်တလော အနေအထားအရ ကွန်မြူနစ်ပါတီနဲ့ အဆင်ပြေပြီး တိုင်းပြည်ကြီး ငြိမ်းချမ်းစေချင်တာ ပြည်သူပြည်သားတိုင်းရဲ့ ဆန္ဒအစစ်အမှန်မို့ ဗေဒင်ကိန်းခန်း ဆိုတဲ့ မြက်တစ်ပင်ကို ဆွဲမိဆွဲရာဆွဲတဲ့ သဘောပါပဲ။

ကိုင်း…..ခုလည်း တောင်ပြုံးပွဲတော်ရက်မှာ အရှင်နှစ်ပါးဆီ ဘာဆုတောင်းမလဲ မိတ်ဆွေ။ ပြောကြည့်လေ။ ရင်ထဲ ပေါ့သွားအောင်ပေါ့..။

ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW