ဆူးငှက်
၂၆ဘီလမ်းကနေ ကျွန်တော်တို့ အိမ်ရှိရာ ၅၇လမ်းဘက်အဝင် မရောက်ခင် လမ်းမောက်ဘက်က ၃ထပ်တိုက်တစ်လုံးက အရှေ့ဘက်ခြမ်း ကျွံကျခေါင်းစိုက်နေတယ်။ ကျွန်တော်က လမ်း၆၀ကလွန်လာပြီး ၅၈လမ်းကျော်သည်အထိ အပျက်အစီး များများစားစားမတွေ့ရတော့ သည်ဘက်က မြေအနေအထားအရ မထိခိုက်လောက်ပေဘူးလို့ လျော့ပေါ့တွေးနေမိတာ။ အခု ကိုယ့်လမ်းထိပ်က ၃ထပ်တိုက်တလုံး ကျွံကျ ပျက်စီးသွားတာ မြင်လိုက်ရတော့ အံ့သြသလို စိုးရိမ်လည်း သွားတယ်။ ပိုဆိုးတာက ကျွန်တော် မနက်စော လမ်းလျောက်ထွက်တိုင်း သည်တိုက်ကို မော့ကြည့်ပြီး သဘောကျနေမိတယ်။ မြေအနေအထားက အကျယ်ကြီးမဟုတ်ဘူး။ ၂၆ဘီလမ်း မျက်နှာစာက အရှေ့အနောက်က ရှည်တယ်။ တောင်မြောက် မှာက အနောက်ခြမ်းက ကျယ်ပြီး အရှေ့ခြမ်းက သံလျက်စွန်းပုံ။ သည်မြေအတွင်းမှာ တိုက်ဆောက် ထားတာ အချိုးကျပြီး လှတယ်။ အပြင်ကကြည့်ရတာကို အခန်းဖွဲ့စည်းပုံတွေ စံနစ်ကျပုံရတယ်။ ဝရံတာတွေလည်းပါတယ်။ တိုက်မြောက်ခြမ်းမှာ ကားဝင်ပေါက် လမ်းနဲ့ ဥယျာဉ်လေးလည်းပါတယ်။အခုတော့ အားလုံး ပျက်စီးသွားတာ မြင်ရလို့ စိတ်မကောင်းဖြစ်ရ ဝမ်းနည်းရပါတယ်။
ကျွန်တော်က သည်နေရာလေးနဲ့ပတ်သက်ပြီး အမှတ်တရ ရှိခဲ့တယ်။ ကျွန်တော်တို့ရောက်ကာစက ၂၆ဘီလမ်းက အခုလို နိုင်လွန် လမ်းကျယ်ကြီးမဟုတ်သေးဘူး။ လမ်း၆၀ကနေ ဟိုအရှေ့ အောင်ပင်လယ်ကန်ဘောင်ရိုးအထိ လမ်းသစ်ဖောက်ဖို့ လမ်းအူကြောင်း စထိုးထားပြီး ကျောက်ကြီးတွေချဖို့ ပြင်ဆင်နေဆဲကာလပါ။ အရင်က ကျွန်တော်တို့အရပ်ကို မြောက်ဘက် ပြွန်တလုံး ရေတံခါးဘက်က မြေနီလမ်းလေးကပဲ ဝင်လို့ရတာပါ။ ၁၉၉၉လောက် အခု ၂၆ဘီလမ်း အသစ်ကို လမ်း၆၀ကနေ အောင်ပင်လယ်ကန်ဘောင်ရိုးအထိ ဖောက်မှ အခု ၅၇လမ်းဖြစ်လာမယ့် လမ်းကနေ တောင်ဘက်က ဝင်လို့ရတာပါ။ အရင်က မြို့ထဲသွားမယ်ဆိုရင် မြောက်ဘက် ပြွန်တလုံးရေတံခါးကထွက် ရေစစ်ကန်နဲ့ ဓမ္မစကြာ ရိပ်သာကနေ အရှေ့ပွဲကုန်းကျောင်း(အခု နိုင်ငံခြားဘာသာသင်တက္ကသိုလ်) ဘက်ထွက်ရတာပါ။ ၂၆ဘီလမ်း အသစ်ဖောက်မှ တောင်ဘက်ထွက်ပြီး လမ်းအူကြောင်း ကျောက်ကြမ်းလမ်းကနေ အနောက် မာန်အောင်တိုက် (၆၂လမ်းဘက်) ထွက်လို့ အဆင်ပြေသွားပါတယ်။
ဒိတော့ ဈေးသွားချင်ရင် မြောက်ဘက်ထွက်၊ နန်းရှေ့ဈေးသွား၊ မြို့ထဲသွားချင်ရင် တောင်ဘက်ထွက် မာန်အောင်တိုက်ရှေ့ကနေ ဘတ်စ်ကားစီးရပါတယ်။ ဒီတော့ လက်ဖက်ရည်ဆိုင်ဆိုတာ အနီးဆုံးက ၆၂လမ်းဘက်နဲ့၊ ၁၉လမ်းဘက်ပဲရှိပါတယ်။ ဒီတင် ခုနပြောတဲ့ သုံးထပ်တိုက်ဆောက်ထားတဲ့ သံလျက်စွန်းပုံ မြေကွက်မှာ အဲ့ဒီအချိန်က သပွပေငျစိုကျခငျးနဲ့ ထေိာငျးပငျ ကုက်ကိုပငျကွီးတှနေဲ့အရိပျကောငျးတဲဘ ွခံပါ။ ခွံထဲမှာ တဲလေးတလုံးထိုးပြီး လက်ဖက်ရည်ဆိုင်လေး တဆိုင်ဖွင့်ပါတယ်။ လက်ဖက်ရည်ဆိုင်ဆိုလို့ ကြီးကြီးမားမားမဟုတ်ပါဘူး။ တဲလေးထဲ စာပွဲလေး ၂လုံးလောက်ပဲရှိပြီး ဖျော်ခုံလေးနဲ့ ဆိုင်လေး၊ လက်ဖက်ရည်ကလည်း ချိုရဲရဲပါပဲ။ မုန့်ကလည်း စမူဆာနဲ့ ပူတင်းပေါင်မုန့်လောက်ရပါတယ်။ ဒါ့အပြင် ထမင်းဆီဆမ်းလည်းရတယ်။ ကြက်ဥလေး ကြော်ခိုင်းလို့ရတယ်။ မုန်လာထုပ်ခပ်များမျာနဲ့ လက်ဖက်သုတ်လည်းရပါတယ်။ ကျွန်တော်က မနက်လင်းရင် အဲ့ဒီဆိုင်လေးမှာပဲ လက်ဖက်ရည် သောက်ဖြစ်တယ်။ ပိုင်ရှင်က ခပ်ချောချော သမီးလေး၂ယောက်ရှိပြီး ညနေပိုင်းဆိုရင် သမီးလေးတွေက အောင်တော်မူ ဘုရားမှာ ပန်းရောင်းကြတာတဲ့။ ဖအေလုပ်သူက လက်ဖက်ရည်ဖျော် သမီးလေးတွေက စမူဆာကြော်၊ ကြက်ဥကြော်ပေး လက်ဖက်သုတ်ပေး မအေက စာပွဲထိုး ပန်းကန်ဆေးပေါ့။
တရက်သား မနက် ၁၀နာရီလောက်မှာ ပုလဲမြို့က ကဗျာဆရာခက်သီ မထင်မှတ်ဘဲ ကျွန်တော့်အိမ်ကို ရောက်လာတယ်။ သင်္ကန်းဝတ်နဲ့ တပါးတည်းပါပဲ။ မန္တလေးရောက်တုန်း မေးမြန်းပြီး ရောက်လာတာတဲ့။ ဦးပဉ္စင်းရောက်လာချိန် အိမ်မှာ ကမန်တော်တယောက်တည်းရှိတယ်။ ကလေးတွေက ကျောင်းသွား၊ ဇနီးက သင်္ဘောတန်းက သူ့အမေအိမ် သွားနေကြတယ်။ ကျွန်တော်က ဦးဇင်းခက်သီကို ဆွမ်းကပ်ချင်တယ်။ အိမ်မှာ အမျိုးသမီးပြန်လာမှ ချက်ခန်းပြုတ်ခန်း ဝင်ရမှာ။ ဒီတော့ စောင့်မနေတော့ဘူး၊ အိတ်ထဲမှာ ပိုက်ဆံက ၅၀၀တန်တရွက်ရှိတယ်။ လမ်းထိပ်က ခုနပြောတဲ့ လက်ဖက်ရည်ဆိုင်လေး သွားမယ်။ ဦးဇင်းကို ထမင်းဆီဆမ်း ကြက်ဥကြော် လက်ဖက်သုတ်နဲ့ ဆွမ်းကပ်မယ်။ ပြီးတော့ လက်ဖက်ရည် တခွက်စီသောက်ကြမယ်။ ဒါဆို အဆင်ပြေပြိး အိမ်ကို တံခါးစေ့ပြီး ဦးဇင်းနဲ့ ချီတက်ရုံပဲပေါ့။ ဒီလိုစီစဉ်နေတုန်း မထင်မှတ်ဘဲ မီတာစာရေးက အိမ်ရှေ့ စက်ဘီးနဲ့ရောက်လာပါရောလား။
အဲ့ဒီကာလ အိမ်မှာ တရားဝင်လျှပ်စစ်မီတာမရှိဘူး။ တရပ်လုံးလည်း အများစုက မီတာမရှိဘူး။ အိမ်ရှေ့ဓာတ်တိုင်ကနေ တိုက်ရိုက်မီးကြိုးသွယ်ပြီး သုံးကြရတာ။ ဒီလိုသုံးခွင့်ရအောင် သက်ဆိုင်ရာ မီတာစာရေးကို တအိမ် တလ ငွေကျပ် ၁၅၀၀ ပေးရတယ်။ သူက လကုန်ရင် မီးကြေးလာကောက်တယ်။ အဲံဒီအချိန်ပေးကြရတယ်။ သူကလည်း ၂ခေါက်မလာဘူး။ ဒီအချိန်မပေးနိုင်လို့ ရုံးသွားဆောင်လို့လည်း မရဘူးလေ။ ကျွန်တော် အခက်တွေ့ပြီ။ အိတ်ထဲ ၅၀၀ပဲရှိတာ။ ဇနီးပြန်လာမှ ရမှာ။ မီတာစာရေးကို နေ့လယ်လောက်မှ တခေါက်ပတ်ခဲ့ပါလားလို့ ဈေးဆစ်ကြည့်တော့ အဆင်မပြေလှဘူး၊ ဒီရက်လာမှာ သိရက်နဲ့ အဆင်သင့်လုပ်မထားဘူး ဘာညာ ပြောပြီပေါ့ဗျာ။ သူတို့က စင်ပေါ်ကလူကိုး။ မီတာစာရေးနဲ့ ကျွန်တော် အပြန်အလှန်ပြောဆိုနေတာ ဦးဇင်းခက်သီက ကြားတော့ အကျိုးအကြောင်းမေးလို့ ကျွန်တော်က ဇနီးပြန်လာမှ အဆင်ပြေမယ့် ကိစ္စ ပြောရတော့တာကိုး။ ဒီတင် ဦးဇင်းက မီတာစာရေးကို “ဒကာ ဒီကပဲ ယူလိုက်ပါ” ဆိုပြီး ခါးပန်းကြိုးကြားထိုးထားတဲ့ သူ့ပိုက်ဆံအိတ်ထဲက ငွေ ၁၅၀၀ ထုတ်ပေးလိုက်တော့တယ်။
ဒီလိုနဲ့ လက်ဖက်ရည်ဆိုင်လေးရောက်တော့ သူ့ကို ဆွမ်းကပ်ရမယ့်အစား သူကလည်း ထမင်းဆီဆမ်း ကြက်ဥကြော်နဲ့ လက်ဖက်သုတ်နဲ့ ဘုန်းပေး၊ လက်ဖက်ရည် အချိုပွဲလည်း ကျွန်တော့်ပါတိုက်၊ သူကပဲ ပိုက်ဆံရှင်း၊ အိမ်အတွက်လည်း စမူဆာနဲ့ လက်ဖက်ရည်ပါဆယ်ထည့်ပေးခဲ့တာ အမှတ်တရပါပဲ။ ကျွန်တော့်မှာ လမ်းလျှောက်ထွက်တိုင်း အဲ့ဒီတိုက်ရှေ့ရောက်ရင် တိုက်လေး သဘောကျလို့ မော့ကြည့်၊ တဆက်တည်း အရင်ကဒီနေရာမှာ ရှိခဲ့ဖူးတဲ့ တဲလေးနဲ့ လက်ဖက်ရည်ဆိုင်လေးကို သတိရ၊ လက်ဖက်ရည်ဆိုင်လေး သတိရမြင်ယောင်တာနဲ့ ဆွမ်းမကပ်လိုက်ရတဲ့အပြင် ဧည့်သည်ဖြစ်သူကကို အိမ်ရှင်ကို ကျွေးမွေးပြီး မီးကြေးပါ ပေးကမ်းစွန့်ကျဲသွားတဲ့ ဦးဇင်းခက်သီကိုပါ သတိရနေတာ အကြိမ်ကြိမ်။ အခု တိုက်လေးလည်း ငလျင်ဘေးထိ။ သည်နေရာက လက်ဖက်ရည်ဆိုင်တဲလေးနဲ့ ဆိုင်ရှင်တွေလည်းမရှိ၊ ဦးဇင်းခက်သီလည်း ဂုဏ်သရေရှိစွာ လွန်ခဲ့ပြီလေ။ ကျွန်တော့အတွေးတွေက ၅၇လမ်းထဲ ကားချိုးကွေ့ဝင်၊ ကိုယ့်အိမ်ကို မြင်နိုင်တဲ့ နေရာရောက်မှ သတိလည်လာတော့တယ်။ ဘုရား ဘုရား ငါ့အိမ်လေး အကောင်းပကတိ ရှိပါသေးလား..။
(ဆက်ရန်)
ဆူးငှက်
