VOM ရဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍ

-လျှပ်စစ်လေယာဉ်တွေ ပြေးဆွဲပျံသန်းဖို့ ဘာတွေစီစဉ်နေသလဲ
-ခြောက်မိနစ်အားသွင်းပြီး မိုင်း(၆၀၀)ကျော် ခရီးရောက်မယ့် လျှပ်စစ်ကားဘက်ထရီ
-ဂျပန်ရဲ့ ပထမဆုံးလကမ္ဘာဂြိုဟ်ဆင်းယာဉ်က ဘာတွေကိုလေ့လာမှာလဲ
မျိုးဆက်(VOM)

(၁) လျှပ်စစ်လေယာဉ်တွေ ပြေးဆွဲပျံသန်းမှု လာမယ့်ငါးနှစ်အတွင်း စတင်တော့မယ်
ဥရောပအခြေစိုက် စကန်ဒီနေဗီယန်းလေကြောင်းလိုင်း (SAS) ဟာ ES 30 အမျိုးအစား လျှပ်စစ်လေယာဉ်နဲ့ ခရီးသည်ပြေးဆွဲပျံသန်းမှုကို ၂၀၂၈ ခုနှစ်မှာ စတင်မယ်လို့ ယခုသီတင်းပတ်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒါဟာ လျှပ်စစ်လေယာဉ်တွေနဲ့ စီးပွားဖြစ်ပြေးဆွဲပျံသန်းမှု ပထမဆုံးအကြိမ်ဖြစ်ပြီး SAS လေကြောင်းလိုင်းဟာ သူ့ရဲ့ပထမဆုံးသော လျှပ်စစ်လေယာဉ်ခရီးစဉ်အတွက် စီးနှင်းမယ့်သူတွေကို ကြိုတင်လက်မှတ်မှာယူမှုတွေ လက်ခံနေပြီဖြစ်ပါတယ်။
အဲဒီလေယာဉ်ရဲ့ ပထမဆုံးခရီးစဉ်ကို ဘယ်နေရာကနေစတင်မယ်ဆိုတာနဲ့ ဘယ်မှာဆင်းသက်မယ်ဆိုတာကို အသေးစိတ်ပြောဆိုခြင်းမရှိပေမယ့် ပျံသန်းမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
လေယာဉ်ခရီးစဉ် မစတင်မီ ရက် ၃၀ အတွင်းမှာ လက်မှတ်ဖိုးငွေပေးချေရမှာဖြစ်တယ်လို့ ပြောပါတယ်။ ကုမ္ပဏီဟာ လျှပ်စစ်လေယာဉ်တွေနဲ့ ဒေသတွင်းမှာ စီးပွားဖြစ်ပြေးဆွဲပျံသန်းဖို့ ရည်မှန်းနေတြာ့ဖစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် မထွက်တဲ့အတွက် သဘာ၀ပတ်၀န်းကျင်နဲ့လည်း လိုက်လျောညီထွေဖြစ်တယ်လို့ ပြောပါတယ်။
လေယာဉ်စီးနှင်းခအဖြစ် ဒေါ်လာ ၁၈၀ သတ်မှတ်ထားကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။ SAS လေကြောင်းလိုင်းရဲ့ အဓိကရည်မှန်းချက်ကတော့ ၂၀၅၀ ခုနှစ်မှာ ကာဗွန်ထုတ်လုပ်မှု လုံး၀ကင်းစင်ရေးဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

(၂) ခြောက်မိနစ်အားသွင်းရုံနဲ့ မိုင် (၆၀၀) ကျော်ခရီးရောက်နိုင်တဲ့ လျှပ်စစ်ကားဘက်ထရီ တီထွင်
တရုတ်အခြေစိုက် Greater Bay Technology ကုမ္ပဏီဟာ လျှပ်စစ်ကားတွေအတွက် ခြောက်မိနစ်အားသွင်းရုံနဲ့ မိုင်ပေါင်း ၆၂၁ မိုင်ထိခရီးရောက်နိုင်တဲ့ ဘက်ထရီအမျိုးအစားသစ်ကို တီထွင်ဖန်တီးလိုက်ကြောင်း ဘလွန်းဘာ့ဂ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။
လျှပ်စစ်ကားတွေ စတင်တီထွင်ကတည်းက အပူချိန်နဲ့ ရာသီဥတုအခြေအနေတွေကြောင့် ဘက်ထရီစွမ်းဆောင်ရည်ကျဆင်းမှုဟာ အဓိကခေါင်းခဲစရာကိစ္စဖြစ်လာပြီး Greater Bay Technology ကထုတ်လုပ်ထားတဲ့ဘက်ထရီဟာ ဘယ်လိုရာသီဥတုအခြေအနေမျိုးမှာမဆို ပုံမှန်အတိုင်း အလုပ်လုပ်နိုင်စွမ်းရှိတယ်လို့ ကုမ္ပဏီကဆိုပါတယ်။
ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Phoenix cell ပထမမျိုးဆက်ဘက်ထရီဟာ ၁၅ မိနစ်အားသွင်းရုံနဲ့ မိုင်ပေါင်း ၃၁၀ ထိခရီးရောက်ပြီး အဲဒီဘက်ထရီနည်းပညာကို GAC ရဲ့ Aion အမျိုးအစားလျှပ်စစ်ကားတွေမှာ စတင်သုံးစွဲဖို့ လုပ်ဆောင်နေကြောင်း ဘလွန်းဘာ့ဂ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။
မျိုးဆက်သစ် Phoenix cell ဘက်ထရီဟာ( -၂၀ )ဒီဂရီစင်တီဂရိတ်ကနေ (၂၅)ဒီဂရီစင်တီဂရိတ်အတွင်း အပူချိန်ကို ကောင်းမွန်စွာထိန်းသိမ်းထားနိုင်ပြီး ပူလွန်းအေးလွန်း အခြေအနေတွေမှာ ဘက်ထရီအပူချိန်ကို မထိခိုက်ဘဲ ထိန်းသိမ်းထားနိုင်တာကြောင့် ခြောက်မိနစ်အတွင်း စွမ်းရည်အပြည့်အားသွင်းနိုင်တယ်လို့ ကုမ္ပဏီကဆိုပါတယ်။

(၃) ဂျပန်ရဲ့ ပထမဆုံးသော လကမ္ဘာဂြိုဟ်ဆင်းယာဉ် လွှတ်တင်ဖို့ စီစဉ်နေ
ဂျပန်နိုင်ငံရဲ့ ပထမဆုံးသော လကမ္ဘာဂြိုဟ်ဆင်းယာဉ်ကို ဂျပန်အာကာသအေဂျင်စီက ကာဂိုရှီးမားစီရင်စုမှာ ရှိတဲ့ အာကာသစင်တာမှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။
Smart Lander for Investigating the Moon သို့မဟုတ် SLIM အစီအစဉ်အတွက် အသုံးပြုမယ့် အဲဒီဂြိုဟ်ဆင်းယာဉ်ဟာ လကမ္ဘာ့ရဲ့ ကျောက်ဆောင်ကျောက်သားတွေကို စူးစမ်းလေ့လာဖို့အတွက် လွှတ်တင်သွားမယ်လို့ ဂျပန်အာကာသအေဂျင်စီက ပြောပါတယ်။
အဲဒီယာဉ်ကို ဂျပန်အာကာသအေဂျင်စီရဲ့ အိတ်ခ်ျ၂အေ ဒုံးပျံနဲ့လွှတ်တင်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဒုံးကျည်စမ်းသပ်မှု နှောင့်နှေးတာတွေကြောင့် လာမယ့် သြဂုတ်လ သို့မဟုတ် အဲဒီနောက်ပိုင်းမှာ လကမ္ဘာပေါ်ကို လွှတ်တင်သွားမှာဖြစ်ပါတယ်။
ဂြိုဟ်ဆင်းယာဉ်လွှတ်တင်ရေး စီမံကိန်းဟာ နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီး လကမ္ဘာပေါ်ကို အောင်မြင်စွာဆင်းသက်နိုင်ရေးအတွက် အားထုတ်လုပ်ဆောင်နေကြောင်း စီမံကိန်းအဖွဲ့ မန်နေဂျာ ဆာကိုင်းရှင်နီရှီရိုက ပြောပါတယ်။
အဲဒီစီမံကိန်းကရရှိတဲ့ အချက်အလက်တွေကို လကမ္ဘာပေါ်ကို လူသားတွေပြန်လည်စေလွှတ်မယ့် အမေရိကန်ဦးဆောင်တဲ့ Artemis အာကာသခရီးစဉ်အတွက် အသုံးချသွားမယ်လို့ ဂျပန်အာကသအေဂျင်စီက ပြောပါတယ်။

Ref: IE/UPI
#voiceofmyanmar #VOM #သိပ္ပံနဲ့နည်းပညာကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW