VOM ရဲ့ သိပ္ပံနဲ့ နည်းပညာ အစီအစဉ်

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာ အစီအစဉ်
၅-၈-၂၀၂၃
မျိူးဆက်(VOM)

– သောကြာဂြိုဟ်ကို လူ(၁၀၀၀) ပို့ဆောင်ဖို့ ဘာတွေစီစဉ်နေသလဲ
– ပျောက်ဆုံးနေတဲ့ အာကာသစူးစမ်းလေ့လာရေးယာဉ်နဲ့ နာဆာအဖွ့ဲ အဆက်အသွယ်ပြန်ရပြီ
– မိုးပျံတက္ကဆီတွေ ထုတ်လုပ်ပြေးဆွဲဖို့ Embraer ကုမ္ပဏီ ဘာတွေပြင်ဆင်နေသလဲ

(၁) သောကြာဂြိုဟ်ကို လူ(၁၀၀၀) ပို့ဆောင်ဖို့ OceanGate ကုမ္ပဏီ စီစဉ်နေ

စွန့်ဦးရှာဖွေလေ့လာရေး ဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ OceanGate ကုမ္ပဏီဟာ လာမယ့် ၂၀၅၀ ခုနှစ်အတွင်း သောကြာဂြိုဟ်ပေါ်ကို လူအယောက် ၁၀၀၀ ထိပို့ဆောင်ပေးဖို့ စီစဉ်နေကြောင်း ကုမ္ပဏီ ပူးတွဲတည်ထောင်သူ Guillermo Söhnlein က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါဟာ လာမယ့် ၂၀၅၀ ခုနှစ်အတွင်း အင်္ဂါဂြိုဟ်ပေါ်ကို လူတသန်းလောက်ပို့ပေးဖို့ ကြိုးစားနေတဲ့ အစီအစဉ်ထက် အရေအတွက်နည်းပါးပြီး ဒီကိစ္စအကောင်အထည်ပေါ်ဖို့က အတားအဆီးမဟုတ်ဘဲ အောင်မြင်မယ်လို့ယုံကြည်ကြောင်း သူကပြောပါတယ်။

သောကြာဂြိုဟ်ဟာ နေအဖွဲ့အစည်းအတွင်း အပူဆုံးဂြိုဟ်ဖြစ်တဲ့အတွက် လူသားတွေအတွက် သင့်လျော်ခြင်းတဲ့ ဝန်းကျင်အနေအထားမဟုတ်ပေမယ့် သီအိုရီအရတော့ ဂြိုဟ်ရဲ့မျက်နှာပြင်အထက် မိုင် ၃၀ အကွာမှာ လူသားတွေ အသက်ရှင်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီလေထုထဲမှာရှိတဲ့ ဆာလဖျုူရစ်အက်စစ်လို ဘေးသင့်နိုင်တာတွေကို ခံနိုင်ရည်ရှိတဲ့ အာကာသစခန်းကို ဖန်တီးတည်ဆောက်နိုင်ခဲ့မယ်ဆိုရင် ဂြိုဟ်ဝန်းကျင်မှာ လူသားတွေသွားရောက်နေထိုင်နိုင်မယ်လို့ ယုံကြည်ကြောင်း Guillermo Söhnlein ကပြောပါတယ်။

အာကာသထဲကို ခရီးသွားတွေပို့ဆောင်ပေးနိုင်ရေးနဲ့ပတ်သက်ပြီး SpaceX ၊ Blue Orign အပါအဝင် အာကာသနည်းပညာကုမ္ပဏီတွေက အပြိုင်အဆိုင်ကြိုးပမ်းနေကြပါတယ်။

(၂) ပျောက်ဆုံးနေတဲ့ အာကာသစူးစမ်းလေ့လာရေးယာဉ်နဲ့ နာဆာ အဆက်အသွယ်ပြန်ရပြီ

အာကာသစူးစမ်းလေ့လာရေးယာဉ် ဗိုယေဂျာ-၂ နဲ့ အဆက်သွယ်ပြတ်နေရာကနေ ပြန်လည်ဆက်သွယ်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အမေရိကန် အာကာသအေဂျင်စီ (နာဆာ) ကြေညာလိုက်ပါတယ်။

အဲဒီအာကာသယာဉ်ကို မှားယွင်းတဲ့အမိန့်တခုပေးလိုက်မိတာကြောင့် ဇူလိုင်လကစပြီး နာဆာနဲ့ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတာဖြစ်ပြီး ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အချက်ပြလှိုင်းအချို့ရရှိခဲ့ပြီးနောက် ယခုအခါ အပြည့်အဝဆက်သွယ်မှုရရှိပြီဖြစ်ပါတယ်။

နာဆာဟာ အဆက်အသွယ်ပြတ်နေတဲ့ ဗိုယေဂျာ-၂ နဲ့ အောက်တိုဘာလမှာ အဆက်အသွယ်ပြန်ရဖို့ ကနဦးမှာ မျှော်လင့်ထားခဲ့ပေမယ့် အချိန်တိုအတွင်း ဆက်သွယ်မှုပြန်လည်ရရှိခဲ့တာဖြစ်ကြောင်း နာဆာတာဝန်ရှိသူတွေက ပြောပါတယ်။

ဗိုယေဂျာ-၂ နဲ့ ဗိုယေဂျာ-၁ အာကာသစူးစမ်းလေ့လာရေးယာဉ်တွေကို ဂျူပီတာဂြိုဟ်၊ စနေဂြိုဟ်၊ ယူရေးနပ်စ်ဂြိုဟ်နဲ့ နက်ပကျွန်းဂြိုဟ်တို့ကို လေ့လာနေဖို့အတွက် နာဆာက အာကာသထဲ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

ဗိုယေဂျာ-၂ ကတော့ နက်ပကျွန်းနဲ့ ယူရေးနပ်ဂြိုဟ်တို့ကို စူးစမ်းလေ့လာဖို့စေလွှတ်ခဲ့တဲ့ တခုတည်းသော အာကာသယာဉ်ဖြစ်ပြီး ဗိုယေဂျာ-၁ကတော့ ယခုအခါ ကမ္ဘာမြေနဲ့မိုင်ပေါင်း ၁၅ ဘီလီယံလောက်ကွာဝေးနေတာကြောင့် လူသားတွေနဲ့အဝေးဆံုံး အာကာသယာဉ်ဖြစ်ပါတယ်။

(၃) မိုးပျံတက္ကဆီတွေ ထုတ်လုပ်ပြေးဆွဲတော့မယ်လို့ Embraer ကုမ္ပဏီ ကြေညာ

ဘရာဇီးလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Embraer က မိုးပျံတက္ကဆီတွေ ထုတ်လုပ်ဖို့အတွက် ဆော်ပေါ်လိုမြို့အနီးမှာ စက်ရုံသစ်တစ်ခုကို တည်ဆောက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

အဲဒီစက်ရုံကနေ ၂၀၂၆ ခုနှစ်ကစပြီး မိုးပျံတက္ကဆီတွေ ထုတ်လုပ်ဖို့ ကုမ္ပဏီက ရည်မှန်းထားတယ်ဆိုပါတယ်။ မိုးပျံတက္ကဆီတွေဟာ လူခြောက်ဦးထိလိုက်ပါနိုင်တဲ့ လေယာဉ်ငယ်နဲ့ ဆင်တူတယ်လို့ ပြောပါတယ်။
ခရီးစဉ်တစ်ကြောင်းအတွက် လူတစ်ယောက်ကို ဒေါ်လာ ၅၀ ကနေ ဒေါ်လာ ၁၀၀ ကြား ကျသင့်မယ့်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိမှာတော့ မိုးပျံတက္ကဆီအစင်းရေး ၃၀၀၀ နီးပါးအတွက် အမှာစာတွေရရှိထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုးပျံတက္ကဆီရဲ့ ရှေ့ပြေးပုံစံကိုတော့ ယခုနှစ်အတွင်းမှာ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားပြီး လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားတာကြောင့် ကာဗွန်ကင်းစင်ရေး အားထုတ်ကြိုးပမ်းမှုတွေကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

ကနဦးပျံသန်းမှုတွေမှာတော့ မောင်းနှင်သူတစ်ဦး လိုက်ပါမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ မောင်းသူမဲ့စနစ်နဲ့ ကုမ္ပဏီရဲ့ အစီအစဉ်တွေအတိုင်း ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ပြေးလမ်းမလိုဘဲ ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်တဲ့ မိုးပျံတက္ကဆီတွေဟာ ခေတ်သစ်သယ်ယူပို့ဆောင်ရေး စနစ်သစ် ဖြစ်လာမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

Ref:IE/BBC
#voiceofmyanmar #VOM #သိပ္ပံနဲ့နည်းပညာအစီအစဉ်

Related posts

Leave a Comment

VOM News

FREE
VIEW